Sunday, March 7, 2010

သမိုင်းကတောင်းဆိုသော၊သမိုင်းကလိုအပ်သော


ကျနော် စာအုပ်တစ်အုပ်ဖတ်ရင်း စဉ်းစားစရာတွေ အများကြီးပေါ်လာလို့ ကျနော် တတ်နိုင်သလောက်
တင်ပြချင်စိတ်လေးဖြစ်လာမိတယ် ။ အဲဒီ စာအုပ်ကတော့ မောရစ် ကောလစ် ရေးတဲ့ "Last and first of Burma" စာအုပ်ကို တက္က္ကသိုလ်နေ၀င်း ဘာသာပြန်ထားတာပါ ။ ကျနော် စဉ်းစားမိတာလေး မပြောခင် အဲဒီစာအုပ်ထဲက မောရစ်ကောလစ်ရဲ့ ပြောပြတာလေး ကို အရင်ဖတ်ကြည့်ပါအုံး……………။
“ကျွန်ုပ်တို့ (ဗြိတိသျှလူမျိုးများ)သည် မြန်မာနိုင်ငံအားသိမ်းပိုက် အုပ်စိုးခဲ့ခြင်းအားဖြင့် မြန်မာတိုကအား အကျိုးပြုခဲ့သည်ဟု ပြောလေ့ရှိသည်။ သို့သော် သီပေါမင်းအား ဖမ်းဆီးနန်းချပြီး မန္တလေးမြို့တော်ကို သိမ်းပိုက်စဉ်က ကျွန်ုပ်တို့ထိုသို့လုံးဝ မပြောခဲ့ပါချေ။ ထို့ပြင် ဗြိတိသျှ အစိုးရအုပ်စိုးမှုကြောင့် မြန်မာနိုင်ငံအဖို့ များစွာ အကျိုးရှိခဲ့သည်ဟုလည်း ကျွန်ုပ်တို့ပြောခဲ့ကြသေးသည်။  သို့ရာတွင် ယင်းအချက်ကို ပြန်လည်ချေပနိုင်ပေ သည် ။မြန်မာတို့အနေဖြင့်ကျွန်ုပ်တို့(ဗြိတိသျှ)ထံမှ လေ့လာတတ်ကျွမ်းခဲ့သမျှကို သူတို့နိုင်ငံလွတ်လပ်ရေး မဆုံးရှုံးဘဲနှင့်လည်း တတ်ကျွမ်းနိုင်စွမ်းရှိပေသည်။ ဥပမာ   အိမ်နီးချင်းထိုင်းနိုင်ငံဆိုလျှင် ၁၈၈၅ ခုနစ်က မြန်မာတို့ ထက်ပိုပြီး တိုးတက် ဖွံ့ဖြိုးခြင်း မရှိသေးလင့်ကစား ဗြိတိသျှအုပ်စိုးမှုကြောင့် တိုးတက်လာပါသည်ဆိုသော မြန်မာနိုင်ငံကဲ့သို့ပင် (ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံတစ်နိုင်ငံအနေဖြင့်) စွမ်းဆောင်နိုင်ခဲ့ပေသည်။ စင်စစ်အားဖြင့် ၁၉ ရာစုနှစ်များဆန်းစ အချိန်မှစပြီး တိုးတက်ခေတ်မီသော ကမ္ဘာကြီးသည် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများ၏ နယ်စပ်များ ဆီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်ပင်တည်း။
ရာစုနှစ်များ အတန်ကြာကပင် ဥရောပနိုင်ငံများသည် အာရှတိုက်ရှိ နိုင်ငံများကို သိမ်းပိုက်အုပ်စိုးခဲ့ကြရာ ထိုအချိန်က ယင်းအပြုအမူသည်ပင်လျှင် ကြီးကျယ်ထည်ဝါသော အောင်မြင်မှုဟု ယူဆခဲ့ကြသည် ။ ၄င်းကို သမိုင်းရေးရာ အချက်အလက်တစ်ခုဟု မှတ်ယူရမည်သာဖြစ်သည်။
ထိုနည်းတူစွာ ၂၀ ရာစုနှစ်ကျတော့ ကျွန်ုပ်တို့၏ အယူအဆပြောင်းလဲလာခဲ့ခြင်းကို သမိုင် တောင်းဆိုမှု အချက်တစ်ခုဟု လက်ခံရပေမည်။ အထူးသဖြင့် ၁၉၂၀ပြည့်လွန် နှစ်များမှစပြီး ကျွန်ုပ်တို့၏ အတွေးအခေါ် အယူအတွေ သိသိသာသပြောင်းလဲခဲ့ပေသည်။
အောင်ဆန်းပေါ်ပေါက်လာ ခဲ့ခြင်းသည်ကား ခေတ်၏ အမှတ်အသားလက္ခဏာ တစ်ခုဖြစ်ပေသည်။   ကျွန်ုပ်တို့ (ဗြိတိသျှ)၏ သဘောထား ပြောင်းလဲစေခဲ့သောအချက်အလက်များကပင်လျှင် အောင်ဆန်းပေါ်ပေါက် လာရေးအတွက် လမ်းဖွင့်ပေးသလို ဖြစ်ခဲ့သည်။ ဤကား ကမ္ဘာ့ထိပ်သီး ပုဂ္ဂိုလ်ကြီးများ ပေါ်ပေါက်လာစေသည့် အစဉ်အလာ တစ်မျိုးဖြစ်သည်။
ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရန် အသင့်ဖြစ်လာချိန်တွင် မည်သူက မည်သို့မည်ပုံ ပေးမည်ဟူသော ပြသနာရှိလာသည်။ မြန်မာ့လွတ်လပ်ရေးကို ရယူပေးမည့်သူအဖြစ် မည်သူက သူရဲကောင်း လုပ်မည်နည်း။ ဘုရင်ခံဒေါ်မန်စမစ် သည် ယင်းနေရာ ရလိုရငြား နှစ်ရှည်လများ ကြံစည်ကြိုးစားသည်။ မောင့်ဘက်တန်ကလည်း စိတ်ဝင်စားခဲ့သည်။ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီနှင့် သူ၏ လေဘာ အစိုးရအဖွဲ့ ကလည်းမြန်မာလွတ်လပ်ရေးပေးသူအဖြစ် နာမည်ရလျှင် ကောင်းပေစွဟု ဆင်ခြင်သုံးသက်မိသည်။
မြန်မာ့တို့ဘက်တွင်လည်းလွတ်လပ်ရေးသည် သူရဲကောင်းဖြစ်လိုသူတွေ အပြိုင်အဆိုင်ရှိခဲ့သည် ။ ယင်းတို့အထဲတွင် ဆာပေါ်ထွန်းနှင့် ဦးစောတို့လည်း ပါသည်။ သို့ရာတွင် သမိုင်းအစဉ်အလာအရ ကမ္ဘာ့ထိပ်သီး သူရဲကောင်းတို့သည် အချိန်အခါ အခြေအနေ တိကျမှန်ကန်တော့မှ ပေါ်ထွက်လာစမြဲဖြစ်သည်။
မြန်မာ့လွတ်လပ်ရေးကို ရယူ ဆောင်ကြဉ်းပေးမည့် အဓိကပုဂ္ဂိုလ်အဖြစ် သမိုင်း၏ တောင်းဆိုချက်အရ ပေါ်ထွက်လာသူကား “အောင်ဆန်း” ပင်ဖြစ်သတည်း။


ဒါလေးကို ဖတ်ပြီး အခု ကျနော်တို့နိုင်ငံမှာ ဖြစ်ပျက်နေတာလေးတွေနဲ့ ယှဉ်ပြီး တွေးကြည့်မိတယ် ။
2010 ဆိုတာ ဘာမှန်းမသိပေမယ် ဆာပေါ်ထွန်းတို့လို ၊ ဂဠုန်ဦးစောတို့လို  အခွင့်ကောင်းယူချင်တဲ့သူတွေ အများကြီးထွက်လာ တယ်ဆိုတာ ပါပဲ ။ ဒါပေမယ့် သူတို့ဟာ သမိုင်း ကတောင်းဆို ထားတဲ့ သူတွေမဟုတ်ဘူး ။ သမိုင်းရဲ့ လိုအပ်ချက်ကြောင့် ပေါ်လာတဲ့သူတွေလည်း မဟုတ်ဘူး ။ကျနော့် အထင်တော့ 
အချောင် နှိုက်ချင်တဲ့ သူတွေ သာ ဖြစ်မယ် ထင်ပါတယ် ။
ကျနော်တို့ နိုင်ငံအတွက် တကယ့် သမိုင်းက တောင်းဆိုထားတဲ့ ၊ သမိုင်းရဲ့ လိုအပ်ချက်ကြောင့် ဒါမှမဟုတ် ဒီနေ့ ပြဿနာ အားလုံးကို ပြေလည်စေမယ့် သူကတော့ ဒေါ်အောင်ဆန်းစုကြည် မှ လွဲ ၍ မည်သူမှ ဖြစ်နိုင်မည် မဟုတ်ဘူးဆိုတာ ရဲရဲ ကြီးပြောချင်ပါတယ်ဗျာ ….။

Written by ခေတ်သစ် ( 7.3.2010  ,  4:49 pm )
မှီငြမ်း ။ ။တက္ကသိုလ်နေ၀င်း ၏ အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း

2 comments:

Anonymous said...

အာဇာနည်ဆိုတာ ဖြစ်ချင်တိုင်း မဖြစ်ပါဘူး။
သမိုင်းလိုအပ်ချက်အရသာ ပေါ်ထွက်ရတာမျိုးပါ ခင်ဗျာ။

မင်းဒင်

Unknown said...

ပေါရဲလိုက်တာ

Post a Comment