ပညာရေးရဲ့အဓိပ္ပါယ်နဲ့ပတ်သက်ပြီး American Educator Robert Hutchins က ခုလိုပြောခဲ့ပါတယ် - “It must be remembered that the purpose of education is not to fill the minds of students with facts … it is to teach them to think” - - ပညာရေးရဲ့ရည်ရွယ်ချက်ဆိုတာ ကျောင်းသားတွေကို အချက်အလက်တွေနဲ့ပဲဖြည့်ပေးနေဖို့မဟုတ်ဘူး ၊ သူတို့ကိုတွေးခေါ်တတ်အောင်သင်ကြားပေးဖို့ဖြစ်တယ်ဆိုတာ အမြဲသတိရနေရမယ် ။
မြန်မာပြည်ပညာရေးနဲ့ပတ်သက်ရင် လူတိုင်းပြောလေ့ရှိတဲ့စကားကတော့ ပညာရေးစနစ်ပြောင်းလဲဖို့လိုပြီ ဆိုတာပါပဲ ။ မြန်မာပြည်မှာ ချွတ်ချုံကျနေတဲ့ပညာရေးစနစ်ရဲ့တရားခံကိုရှာကြတဲ့အခါ လူအများစုကအစိုးရကိုလက်ညှိုးထိုးကြတယ် ။ အစိုးရပြောင်းမှပဲ မြန်မာပြည်ပညာရေးစနစ်လည်း နာလန်ထူနိုင်ဖွယ်ရှိမယ်လို့ ထင်မြင်ကြတယ် ။ အစိုးရမပြောင်းသမျှ ဘာမှပြောင်းလဲလို့ရမှာမဟုတ်တော့ပါဖူးလို့ လက်လျှော့ထားကြတယ် ။
တကယ်တော့ အစိုးရပြောင်းလဲသည်ဖြစ်စေ မပြောင်းလဲသည်ဖြစ်စေ ... Robert Hutchins ပြောတဲ့ ကျောင်းသားတွေအသိဥာဏ်တိုးပွားပြီး တွေးခေါ်နိုင်စွမ်းရှိလာအောင်ပြုစုပျိုးထောင်ပေးတဲ့ပညာရေးမျိုး မြန်မာပြည်မှာရှိလာအောင်ပြောင်းလဲဖို့ ၊ ဆရာတွေ ကျောင်းသားတွေဟာ ကိုယ့်ဒူးကိုယ်ချွန်ပြီး အောက်ပါနည်းလမ်းတွေနဲ့လုပ်ဆောင်လို့ရနိုင်ပါတယ် ။
(၁) လိုအပ်တဲ့ပြောင်းလဲမှုအတွက် အဖြစ်နိုင်ဆုံးနည်းလမ်းနဲ့ပြောင်းလဲပါ ။
ပြောင်းလဲချင်တယ် ပြောင်းလဲဖို့လိုတယ်လို့ပြောနေရုံ အော်နေရုံနဲ့ကတော့ အပြောင်းအလဲဆိုတာဖြစ်မလာနိုင်ပါဖူး ။ ကိုယ်နဲ့အနီးစပ်ဆုံးအပိုင်းကနေစပြီး ဘယ်နေရာတွေမှာ ဘယ်လိုပြောင်းလဲချင်တယ်ဆိုတာကို သေချာဆန်းစစ်ရပါမယ် ။ ပြီးတော့ လက်တွေ့အဖြစ်နိုင်ဆုံးနည်းလမ်းကိုစဉ်းစားရွေးချယ်ပြီး ပြောင်းလဲဖို့ကြိုးစားပါ ။
သင်ကြားနည်းပိုင်း
သင်ခန်းစာတွေအပေါ် ကျောင်းသားတွေစိတ်ဝင်တစားတွေးခေါ်စဉ်းစားတတ်လာအောင် ဆရာတယောက်အနေနဲ့ ဘယ်လိုပြောင်းလဲယူနိုင်မလဲ ။
ကျောင်းသားတွေနဲ့နီးစပ်ရာ သူတို့ကြုံတွေ့နေရတဲ့အကြောင်းအရာတွေသုံးပြီး .. သင်ခန်းစာတွေဟာ စာအုပ်ထဲကအချက်အလက်သက်သက်မဟုတ်ဘဲ လက်တွေ့ဘ၀မှာလည်းအရေးပါနေတယ် ဆက်စပ်နေတယ်ဆိုတာ ရှင်းပြရပါမယ် ။ ဥပမာ .. မူလတန်းကလေးတွေကို အပေါင်း အနှုတ်သင်တဲ့အခါ သူတို့သုံးနေကျ ပစ္စည်းတွေကိုသုံးပြီးဖြစ်စေ ၊ လေ့လာရေးခရီးအနေနဲ့ အပြင် ကျောင်းအနီးအနားကိုသွားပြီး အုတ်တိုင်တွေကို ရေတွက်တာဖြစ်ဖြစ် ၊ ကျောက်တုံးတွေ ရေတွက်တာဖြစ်ဖြစ်လုပ်ရင် ၊ သူတို့ထိတွေ့နေရတဲ့အရာတွေသုံးတဲ့အတွက် စိတ်ဝင်စားလာပြီး ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းထဲကိုအမြဲမှတ်ဝင်သွားပါလိမ့်မယ် ။
ကျောင်းသားတွေဆီကစိတ်ဝင်စားမှုရလာပြီးရင် သူတို့ကို ကိုယ့်ဘာသာတွေးခေါ်စဉ်းစားတတ်အောင် ထပ်ဆင့်ကဲပြီးစဉ်းစားရမယ့်ပုစ္ဆာမျိုးတွေနဲ့ challenge လုပ်သင့်ပါတယ် ။ ဥပမာ .. အုတ်တိုင်တွေကိုပေါင်းတာသင်ပြီးရင် ၊ အုတ်တိုင်တွေမပါဘဲ ဂဏန်းတွေပဲသုံးပြီးပေါင်းခိုင်းတာမျိုး ။
သင်ယူနည်းပိုင်း
ဆရာသင်ပြပြီးသားသင်ခန်းစာတွေကိုကျက်မှတ်ရာမှာ “ဒါသင် ၊ ဒါကျက် ၊ ဒါဖြေ” စနစ်သာမက ၊ ကိုယ့်ဘာသာဆင့်ကဲတွေးခေါ်စဉ်းစားတာမျိုးဖြစ်လာအောင် ကျောင်းသားတယောက်အနေဲ့ ဘယ်လိုပြောင်းလဲယူမလဲ ။
“ဒါသင် ဒါကျက် ဒါဖြေ” ဆိုတဲ့စနစ်ကိုမကြိုက်တာနဲ့ ကျောင်းကသင်ပေးတဲ့အတိုင်း မကျက်ဘဲ မဖြေဘဲနေလို့မရပါဖူး ။ မြန်မာပြည်ပညာရေးစနစ်မှာအမှတ်ပေးတဲ့အခါ သင်ထားတဲ့အတိုင်းမဖြေရင် စာမေးပွဲအောင်မှတ်ထိခိုက်နိုင်ပါတယ် ။ ပြောင်းလဲယူနိုင်တဲ့အရာကတော့ ကိုယ်ပိုင်စာသင်ယူတဲ့နည်းပါ ။ ကျောင်းကသင်ခန်းစာတွေကို သင်ယူတဲ့အခါ “ဘာကြောင့် (why)” ဆိုတဲ့မေးခွန်းကို ခေါင်းထဲအမြဲကြိုးစားထည့်သွင်းစဉ်းစားသင့်ပါတယ် ။ အဲဒီမေးခွန်းရဲ့အဖြေကိုရဖို့ စာအုပ်တွေသူများထက်ပိုဖတ်ရမယ် ၊ အင်ဖော်မေးရှင်းကို နည်းမျိုးစုံနဲ့ရှာရမယ် ၊ လူကြီးမိဘ ဆရာသမားတွေကို မေးသင့်မေးထိုက် မေးခွင့်ရမယ်ဆိုရင် မေးမြန်းရမယ် ဆွေးနွေးရမယ် ၊ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီးတွေးမိတာတွေကို စာအုပ်ထဲချရေးပြီး ကိုယ့်လိုခံယူချက်ချင်းရှိတဲ့ သူငယ်ချင်းတွေကိုရှာပြီး ဆွေးနွေးကြည့်ရမယ် ။
(၂) လက်တွေ့ကျကျ တဆင့်ချင်းပြောင်းလဲပါ ။
လူတွေရဲ့သဘာဝက အပြောင်းအလဲကိုမကြိုက်တတ်ကြပါဖူး ... ဘာလို့လဲဆိုတော့ အပြောင်းအလဲဆိုတာ လုပ်နေကြအတိုင်းလုပ်လို့မရတော့ဖူး ၊ အသစ်တွေကိုလေ့လာသင်ယူလုပ်ကိုင်ရတော့မယ် ၊ ကိုယ်နဲ့မရင်းနီးတဲ့အသစ်တွေဆိုတော့ အတိုင်းအတာတခုထိ အပင်ပန်းခံကြိုးစားရတော့မယ် ။ ဒါပေမယ့် လုပ်နေကြပုံစံကနေ သိသိသာသာပြောင်းလဲလုပ်ဖို့မလိုအပ်တဲ့အပြောင်းအလဲမျိုးကိုတော့ လူတွေကလက်ခံနိုင်ချေများကြတယ် ၊ ဒါမှမဟုတ် ပြောင်းလဲပြီးလုပ်နေရတယ်လို့ မသိလိုက်တာမျိုးဆိုတော့ သိပ်ပင်ပန်းတယ်လို့မခံစားရတော့ဖူး ။ ဒါကြောင့် ကိုယ်လုပ်ချင်တဲ့အပြောင်းအလဲတခုဟာ လက်ရှိနဲ့နှိုင်းယှဉ်ရင် ဘယ်လောက်ကွာခြားနေသလဲ အရင်ဆန်းစစ်ပါ ။ ပြီးတော့အဲဒီအပြောင်းအလဲကိုရဖို့ လက်ရှိအခြေအနေကနေ ဖြေးဖြေးချင်း တဆင့်ချင်းလုပ်ဆောင်ပါ ။
သင်ကြားနည်းပိုင်း
သင်ခန်းစာထဲကအချက်အလက်တွေကိုအသုံးချပြီး ဥာဏ်စမ်းပုစ္ဆာ (သို့မဟုတ်) အလားတူပုံစံနဲ့လှည့်မေးထားတဲ့ပုစ္ဆာတွေကိုဖြေနိုင်တဲ့ (apply လုပ်နိုင်တဲ့) အရည်အချင်းမျိုး ကျောင်းသားတွေမှာ ရှိလာအောင် ဆရာတယောက်အနေနဲ့ စာသင်နည်းမှာ တဆင့်ချင်းဘယ်လိုပြောင်းလဲမလဲ ။
ကျောင်းသားတွေ ဖြေနေကြပုစ္ဆာတွေကို တပုဒ်ပြီးတပုဒ်အရင်တွက်ခိုင်းပြီး အခြေခံကိုသေချာနားလည်အောင်ရှင်းပြပါ ။ ဥပမာ - အီးကွေးရှင်းတိုင်းကိုအလွတ်ကျက်မှတ်တာမျိုးမဖြစ်စေပဲ အဲဒီအီကွေးရှင်းဟာဘယ်လိုအဓိပ္ပါယ်ကိုဖော်ညွှန်းနေတယ်ဆိုတာ ကျောင်းသားတွေသိအောင်သေချာရှင်းပြပါ ။ ပြီးမှ ပုစ္ဆာရဲ့တပိုင်းချင်းဆီကို ဥာဏ်စမ်းအဖြစ်ပြန်လှည့်မေးပါ ။ အဲလိုမလုပ်ဘဲ ဥာဏ်စမ်းပုစ္ဆာတပုဒ်ကို ချက်ချင်းချပေးလိုက်ရင် အပြောင်းအလဲကကြီးမားလွန်းတော့ ကျောင်းသားတွေက ဘယ်ကစဖြေရမယ်မသိ ဖြစ်သွားပါလိမ့်မယ် ။
သင်ယူနည်းပိုင်း
သင်ခန်းစာတွေကိုသင်ယူရာမှာ ထပ်ဆင့်ကဲ တွေးခေါ်တတ်တဲ့အလေ့အကျင့်ရှိလာအောင် ကျောင်းသားတယောက်အနေနဲ့ ဘယ်လိုတဆင့်ချင်းပြောင်းလဲမလဲ ။
ဆရာသင်ထားတဲ့အချက်အလက်သာမက ထပ်ဆင့်တွေးခေါ်စဉ်းစားချင်တဲ့ကျောင်းသားတယောက်ဟာ ဘာသာရပ်အကုန်လုံးမှာရှိတဲ့ သင်ခန်းစာအကုန်လုံးကို ချက်ချင်းလက်ငင်း “ဘာကြောင့်” ဆိုတဲ့မေးခွန်းထုတ်ပြီး လိုက်လေ့လာစဉ်းစားဖို့ကြိုးစားရင် အချိန်မလုံမလောက်ဖြစ်ပြီး စာမေးပွဲအတွက်ကျက်မှတ်ရမယ့်သင်ခန်းစာတွေတောင်မပြီးနိုင်ဖြစ်သွားပါမယ် ။ အဲလိုမဖြစ်အောင် ပထမဆုံးလက်ရှိသင်ယူနေရတဲ့သင်ခန်းစာတွေထဲက ကိုယ်စိတ်အ၀င်စားဆုံးတချို့အပိုင်းတွေကို ကိုယ့်ပတ်ဝန်းကျင်မှာကြုံတွေ့နေရတာတွေနဲ့ အရင်ကကျက်မှတ်ထားတဲ့သင်ခန်းစာတွေနဲ့ ပြန်ဆက်စပ်ကြည့်တာမျိုး အရင်လုပ်ကြည့်ပါ ။ နောက်တဆင့်အနေနဲ့ ဘာသာရပ်အလိုက်အသေးစိတ် ဘာကြောင့်ဒီလိုဖြစ်ရတယ် ဒီလိုပြောင်းလိုက်ရင်ရောဘယ်လိုဖြစ်လာမလဲ ဘာကြောင့်ဒီလိုနည်းနဲ့လုပ်ရတာလဲ စတဲ့မေးခွန်းတွေကိုမေးပြီး လေ့လာမယ်ဆိုရင် “ဘာကြောင့်” ဆိုတဲ့မေးခွန်းကိုထည့်သွင်းတတ်တဲ့အကျင့်ရသွားပါလိမ့်မယ် ။
(၃) လုပ်ပြီးသားအပြောင်းအလဲကို လက်ရှိအခြေအနေမှာ အမြဲအကျုံးဝင်နေအောင်ကြိုးစားပါ ။
အပြောင်းအလဲဆိုတာ တဒင်္ဂပြောင်းလဲတာမျိုးမဖြစ်သင့်ပါဖူး ။ အပြောင်းအလဲတခုကိုလုပ်ပြီးတဲ့အခါ အဲဒီအပြောင်းအလဲကို လက်ရှိအခြေအနေထဲမှာအကျုံးဝင်သွားအောင် နေသားကျသွားအောင် ၊ ကိုယ်အမြဲလုပ်လေ့လုပ်ထရှိတဲ့အရာတခုဖြစ်သွားအောင် လုပ်ယူရပါမယ် ။
သင်ကြားနည်းပိုင်း
ဥာဏ်စမ်းပုစ္ဆာတွေမေးလေ့ရှိတဲ့ဆရာရဲ့အတန်းကကျောင်းသားတွေဟာ ဥာဏ်စမ်းပုစ္ဆာဖြေလေ့ဖြေထရှိသွားတော့ ဥာဏ်စမ်းပုစ္ဆာဖြေရဖို့ကို ၀န်မလေးတော့ဖူး ၊ မစိုးရိမ်တော့ဖူး ။ သူတို့အတွက်အဲလိုလုပ်ရတာ ၀န်ထုပ်ဝန်ပိုးကြီးမဖြစ်တော့ဖူး ။
သင်ခန်းစာတွေကိုအချက်အလက်သပ်သပ်အနေနဲ့ပဲ သင်ကြားပို့ချတာမဟုတ်ဘဲ တကယ့်လက်တွေ့မှာကြုံတွေ့နေရတာတွေနဲ့အမြဲကြိုးစားဆက်စပ်ပြီးသင်ကြားလေ့ရှိမယ်ဆိုရင် သင်ခန်းစာတခုကိုရှင်းပြတိုင်း လက်တွေ့မှာအလားတူအဖြစ်အပျက် (analogy) နဲ့ယှဉ်ပြတတ်တဲ့ အလေ့အထရသွားပါလိမ့်မယ် ။
သင်ယူနည်းပိုင်း
ကျောင်းသားတယောက်ဟာ “ဘာကြောင့်” ဆိုတဲ့မေးခွန်းကိုမေးတတ်လာပြီးရင် ၊ သူဟာ ကျောင်းစာမှာတင်မက ဘယ်အရာကိုမဆိုလေ့လာတဲ့အခါ “ဘာကြောင့်” ဆိုတဲ့မေးခွန်းကို အလိုလိုခေါင်းထဲစဉ်းစားမိလိမ့်မယ် ။ အဲလိုမေးခွန်းပေါ်လာအောင် သပ်သပ်သတိထားနေစရာမလိုတော့ဖူး ။
(၄) နောက်ကျမကျန်ခဲ့အောင် လိုအပ်တဲ့အခါတိုင်း ပြောင်းလဲဖို့အဆင်သင့်ဖြစ်နေပါ ။
လူသားတွေဟာ ဘ၀မှာအပြောင်းအလဲတွေနဲ့အမြဲနေထိုင်နေရပါတယ် ။ သိပ္ပံနဲ့နည်းပညာပိုင်းတွေ လူနေမှုအဆင့်အတန်းတွေ အတွေးအခေါ်အမြင်တွေ စသဖြင့်ပြောင်းလဲနေတယ် ။ မျိုးဆက်တခုနဲ့တခုမှာ ကြုံတွေ့ရတာတွေမတူတော့ဖူး ။ ဒါကြောင့် နိုင်ငံတကာရဲ့ပညာရေးစနစ်တွေ ၊ ကျောင်းသားတွေစာသင်ယူတဲ့ပုံစံတွေ ၊ ဆရာတွေကစာသင်ကြားတဲ့နည်းစနစ်တွေဟာလည်း အဲလိုပြောင်းလဲမှုတွေနဲ့လိုက်ဖက်ညီအောင် လိုက်ပြောင်းလဲနေကြရပါတယ် ။
သင်ကြားနည်းပိုင်း
ဆရာတွေဘက်က “ငါတို့တုန်းကတော့ ဒီလိုပဲစာသင်ယူခဲ့တာ ၊ ခုခေတ်ကျောင်းသားတွေကို ဒီလိုသင်ကြားပေးလည်း ဘာပြသနာရှိမှာလဲ” ဆိုတဲ့စိတ်ထားမျိုးမထားဘဲ ခုခေတ်မှာမျိုးဆက်သစ်တွေအတွက် ဘယ်လိုသင်ကြားနည်းတွေကအထောက်အကူပြုနိုင်သလဲ ၊ တခြားနိုင်ငံတွေမှာ ဘယ်လိုသင်ကြားနည်းအသစ်တွေကိုအသုံးပြုကြသလဲ ၊ ဘာကြောင့်အသုံးပြုကြသလဲ ၊ ဘယ်လိုရလဒ်တွေဖြစ်နိုင်သလဲဆိုတာကိုစူးစမ်းလေ့လာပြီး သင့်တော်တာမျိုးကို ကိုယ့်သင်ကြားရေးပိုင်းမှာ အလျှမ်းသင့်သလိုထည့်သွင်းအသုံးချသင့်ပါတယ် ။
သင်ယူနည်းပိုင်း
မြန်မာပြည်ကကျောင်းသားတွေဟာလည်း ခေတ်မှီပြောင်းလဲလာတဲ့နည်းပညာပိုင်းတွေကိုအသုံးချတတ်လာရင် ၊ အကြောင်းအရာတခုကိုလေ့လာတဲ့အခါ စာအုပ်တွေတင်မက အင်တာနက်ဆိုတာကိုပါ မှီငြမ်းတတ်လာမယ် ။ တွေ့ရှိမယ့်အချက်အလက်တွေ ရှုထောင့်အမျိုးမျိုးကမြင်တာတွေ စာအုပ်ထဲမှာရှာတွေ့တာထက် ပိုကျယ်ပြန့်လာပါမယ် ။
(၅) ပြောင်းလဲဖို့သက်သက်အတွက်ပဲ ပြောင်းလဲတာမျိုးမဖြစ်မိပါစေနဲ့ ။
နိုင်ငံတကာပညာရေးနယ်ပယ်မှာအပြောင်းအလဲတွေအများကြီးလုပ်လာကြပါတယ် ။ သင်ရိုးညွှန်းတန်းနဲ့ပတ်သက်ပြီး ၊ စာသင်ကြားနည်းစနစ်တွေနဲ့ပတ်သက်ပြီး ၊ ပညာရေးစနစ်တွေနဲ့ ပတ်သက်ပြီး ၊ စာသင်ယူတဲ့နည်းလမ်းတွေအပေါ် ကျောင်းသားတွေရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာက ဘယ်လိုအကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာနဲ့ပတ်သက်ပြီး စသဖြင့် ။
သင်ကြားနည်းပိုင်း
တချို့တွေက ခုခေတ်ကျောင်းသားတွေရင်းနီးနေတဲ့ အီလက်ထရောနစ်နည်းပညာပိုင်းကိုအသုံးပြုပြီး သင်ခန်းစာတွေကိုသင်ကြားရင် ကျောင်းသားတွေစိတ်ဝင်စားမှုရှိလာနိုင်မယ်လို့ ယုံကြည်ကြတယ် ။ ဒါကြောင့် တချို့ကျောင်းတွေမှာ ကျောင်းသားတွေကို အင်တာနက်ကိုသုံးပြီး အင်ဖော်မေးရှင်းရှာတာတို့ ၊ ဘလောဂ့်ကိုသင်ကြားရေးပိုင်းရဲ့အထောက်အကူ (supplementary teaching aid) အဖြစ်သုံးတာတို့ ၊ ကွန်ပြူတာတွေ အီလက်ထရောနစ်ပစ္စည်း (electronics gadgets) တွေကို အသုံးပြုပြီး သင်ခန်းစာတွေကို စိတ်ဝင်စားအောင်လုပ်တာတို့ ရှိလာကြပါတယ် ။
ဒါပေမယ့် အဲလိုအပြောင်းအလဲတွေကိုထည့်သွင်းတဲ့အခါ အမြဲစိတ်ထဲမှာသတိရှိနေရမယ့်အချက်ကတော့ - - စာသင်ကြားရာမှာပိုအထောက်အကူဖြစ်စေဖို့ ၊ ကျောင်းသားတွေကို သင်ခန်းစာတွေမှာပိုပြီးစိတ်ပါဝင်စားအာရုံစူးစိုက်လာနိုင်ဖို့အတွက် ဒီအပြောင်းအလဲတွေကိုလုပ်နေတယ်ဆိုတာပါပဲ ။ နည်းပညာပိုင်းအရ ခေတ်ကြီးကပြောင်းလဲလာလို့ အီလက်ထရောနစ်နည်းပညာတွေကို ထည့်သွင်းသုံးရတာမျိုးမဖြစ်သင့်ပါဖူး ။ အဲဒီနည်းပညာတွေဟာ အထက်မှာဖော်ပြထားတဲ့အချက်နှစ်ချက်ကိုအထောက်အကူမပြုနိုင်ရင် သူတို့ကိုမသုံးတာပဲဖြစ်ဖြစ် (သို့မဟုတ်) ဘယ်လိုပြောင်းသုံးမှအထောက်အကူဖြစ်လာမလဲဆိုတာ သေချာစဉ်းစားတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ် ။ ဥပမာ - ဘလောဂ့်ကိုထည့်သွင်းသုံးပြီးစာသင်ကြားတဲ့အခါ ဘလောဂ့်မရှိတာနဲ့ ဘာကွာလဲ .. ဘလောဂ့်ရှိလိုက်တဲ့အတွက် ကျောင်းသားတွေစာသင်ယူရာမှာ ဘယ်လိုအထောက်အကူရှိလာနိုင်လဲ .. အဲဒီအထောက်အကူဟာ ကျောင်းသားတွေသင်ခန်းစာတွေကိုသင်ယူရာမှာ သိသာတဲ့အကျိုးရလဒ်ဖြစ်စေလား စသဖြင့် စဉ်းစားရမှာဖြစ်ပါတယ် ။
......................
နိဂုံးချုပ်အနေနဲ့ပြောရရင် အပြောင်းအလဲတကယ်လိုအပ်နေတဲ့မြန်မာပြည်ပညာရေးမှာ အဓိကဇာတ်ကောင်နေရာကပါဝင်နေတဲ့ ဆရာတွေ ကျောင်းသားတွေဟာ ကိုယ်လိုချင်တဲ့အပြောင်းအလဲတွေကို အထက်ပါနည်းလမ်းငါးမျိုးနဲ့ လက်ရှိအခြေအနေထဲမှာတင် ကိုယ့်ဒူးကိုယ်ချွန်ပြီးပြောင်းလဲနိုင်ကြောင်း တိုက်တွန်းအကြံပြုလိုက်ပါတယ် ။
: Contributor - S.S., Reference - Education and Teaching Methods, Reference - Students (educationmyanmar.blogspot.comမှကူးယူဖော်ပြပါသည်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment