Wednesday, January 12, 2011

စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်

ချင်းမိုင်(မဇ္စိ္ဈမ) ။      ။ အရွယ်ရောက်ပြီးသူတိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်ရာ စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တင်းမာမှု ပိုတိုးလာစေနိုင်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးလေ့လာသူများက ပြောသည်။

မဇ္ဈိမက လက်ခံရရှိထားသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ မနှစ် နိုဝင်ဘာလ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ အမှတ် ၂၇/၂၀၁၀ ပြန်တမ်းမိတ္တူအရ  အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။

စစ်မှုထမ်းဆင့်ခေါ်ရန် တိုင်းဒေသကြီး သို့မဟုတ်
pantann
ပြည်သူ့စစ်မှုထမ်း ဥပဒေ ပြန်တမ်းမိတ္တူ
ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းနိုင်ခွင့် ဥပဒေက ခွင့်ပြုထားသည်။

ဆရာဝန်၊ အင်ဂျင်နီယာစသဖြင့် အတတ်ပညာတရပ်ရပ်ဖြင့် အသက်မွေးဝမ်းကြောင်း နေထိုင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်ခင်အထိ ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။

ကျွမ်းကျင်သူ စစ်မှုထမ်း အမျိုးအစားတွင် ၃ နှစ်အထိ ဝင်ရောက်စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။

ထို့အပြင် အရေးပေါ်အခြေအနေတွင် အစိုးရအနေဖြင့် စစ်မှုထမ်းကာလကို ၅ နှစ်အထိ သတ်မှတ်နိုင်ခွင့်လည်း ပေးထားသည်။

ရပ်ကွက်အာဏာပိုင်များက မိမိကျေးရွာအုပ်စု သို့မဟုတ် ရပ်ကွက်တွင် နေထိုင်သူများအနက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စစ်မှုထမ်းရမည့် အရွယ်ရောက်သူများ စာရင်းကို နှစ်စဉ် ဇန်နဝါရီ ၁ ရက်နေ့အရောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး မြို့နယ်အဖွဲ့ကို ပို့ရမည် ဖြစ်သည်။

သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂင်္ါ မသန်စွမ်းသူများ၊ တပ်မတော် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်ကြောင်း သတ်မှတ်ထားသူများ၊ ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ စစ်မှုထမ်းခြင်းမှ ကင်းလွတ်စေရမည်ဟု ဆိုထားသည်။

သို့သော် နိုင်ငံဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားစောင့်ရှောက်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါး ဖြတ်ရန် ဆေးကုသမှု ခံယူနေသူများနှင့် ထောင်ဒဏ်ကျ ခံနေသူများသည် သက်ဆိုင်ရာ တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ဖြင့် ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ဖော်ပြထားသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် အဖွဲ့အင်အားကို ထိခိုက်လာနိုင်သည်ဟု အင်အား ၁ သောင်းခန့်ရှိမည် ခန့်မှန်းထားသော ကချင်လွတ်လပ်ရေးအဖွဲ့ အရာရှိများက စိုးရိမ်နေကြသည်။

စစ်အစိုးရနှင့် ဆက်ဆံရေး ယိုယွင်းသွားသော ကေအိုင်အို၏ လက်နက်ကိုင်တပ်တွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အကြား စစ်သည်အင်အားက ၉၀ ရာခိုင်နှုန်းရှိနိုင်သည်ဟု ကချင်အရာရှိတဦးက ပြောသည်။

စစ်မှုထမ်း ဥပဒေသစ်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ရန် အင်အားတိုးချဲ့ခြင်းသာ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး(KNU)မှ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ပြောသည်။

“ပြဿနာတွေ အများကြီးဖြစ်လာနိုင်တာပေါ့။ စစ်အာဏာရှင် တည်မြဲဖို့အတွက် တိုင်းရင်းသားတွေကို သတ်ဖြတ်ဖို့အတွက် ထုတ်တယ်လို့ မြင်တယ်။ … အတင်းအဓမ္မ စစ်သားစုဆောင်းရေးတွေ ဖြစ်လာနိုင်မယ်”ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။

စစ်ဆင်ရေးကာလများတွင် ပေါ်တာဆွဲခွင့်ကို တရားဝင်ဖြစ်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု မြန်မာ့အရေး လေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းက သုံးသပ်သည်။

“ဒီဥပဒေက တတိုင်းပြည်လုံးနဲ့ ဆိုင်တယ်လို့ ရေးမထားဘူး။ သူက တိုင်း၊ ပြည်နယ်၊ ခရိုင် ဒါမှ မဟုတ်ရင် အောက်မှာ မြို့နယ်အလိုက် အရေးပေါ်အခြေအနေပေါ် မူတည်ပြီးတော့ ဒီဥပဒေကို ပြဋ္ဌာန်းနိုင်တယ်။ အကယ်၍ မြန်မာပြည်ကြီးမှာ အေးချမ်းနေတယ်၊ ဥပမာ ကရင်ပြည်နယ်မှာ စစ်ဖြစ်တယ်ဆိုရင် ကရင်ပြည်နယ် တခုထဲ လုပ်လိုက်လို့ ရတယ်။ ရှင်းအောင်ပြောရရင် ပေါ်တာကို တရားဝင် ဆွဲလို့ရအောင် လုပ်လိုက်တာပဲ”ဟု ဦးဘိုဘိုကျော်ငြိမ်းက ပြောသည်။

ရဲအရေးပိုင်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရန်ရှိသော်လည်း ပျက်ကွက်သူကို ထောင်ဒဏ် ၃ နှစ်ထိ အပြစ်ပေးခွင့်နှင့် ဟန်ဆောင်ကာ တိမ်းရှောင်လွှဲဖယ်လျှင် ထောင်ဒဏ် ၅ နှစ်ထိ အပြစ်ပေးရန် သတ်မှတ်ထားသည်။

ထို့ပြင် ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများကို အရေးပေါ် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်နိုင်သည်ဟုလည်း ဆိုထားသည်။

တခြားနိုင်ငံများ၏ ရန်ပြုလာမှုပေါ်မူတည်၍ ထုတ်ပြန်ရမည်ဖြစ်ပြီး လက်ရှိ မြန်မာပြည် အခြေအနေအရ ပြည်ပရန်လည်းမရှိသဖြင့် တိုင်းပြည်အတွက် စည်းလုံးညီညွတ်မှုရယူပြီးမှ အဆိုပါ ဥပဒေများကို ထုတ်ပြန်ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

“တိုင်းပြည်မှာ တကယ်လုပ်သင့်တာက စည်းလုံးညီညွတ်မှုရအောင် ယုံကြည်မှုရအောင် လုပ်ကိုင်ပေးနိုင်တဲ့ အခြေအနေကျရင် ဒီကစ္စဆွေးနွေးသင့်တယ်။ လုပ်ကိုင်သင့်တယ်ဗျာ၊ ခုတော့ ပြည်ပရန်ဖြစ်လာဖို့ မရှိဘဲနဲ့ လုပ်နေတာက အင်မတန် စဉ်းစားစရာကောင်းတဲ့ အချက်ပါဘဲ”ဟု သူက မဇ္စိ္ဈမကို ပြောသည်။

သို့သော် လေ့လာသူများက ကောင်းကျိုးအားဖြင့် စစ်ပညာတတ်မြောက်သူ များလာနိုင်သည်ဟု ပြောသည်။

အစိုးရသစ် မပေါ်ပေါက်မီ ပြဋ္ဌာန်းလိုက်ခြင်းက စစ်အစိုးရ မလိမ့်တပတ်လုပ်ခြင်းဟု မြန်မာ့အရေးလေ့လာသူ ဦးဌေးအောင်က ပြောသည်။

“စစ်အစိုးရက မလိမ့်တပတ် လုပ်ထားတာမျိုး တွေ့တယ်လေ။ မဆလခေတ်တုန်းက အခြေခံ ဥပဒေ ရေးဆွဲပြီးရင် လူထုကို ၃ ကြိမ် ချပြရတယ်။ လူထုကနေ အမျိုးသား ညီလာခံထဲမှာ ဆွေးနွေးရမယ်။ …သူ့အတွက် လျှို့ဝှက်ပြီး ကလိမ်ကကျစ်လုပ်မယ့် အကြောင်းအရာ တခုခုတော့ ရှိနေလိမ့်မယ်ထင်တယ်”ဟု ဦးဌေးအောင်က ပြောသည်။

စစ်အစိုးရက  အရန်တပ်ဖွဲ့ဲ့ဥပဒေ ကိုလည်း နိုဝင်ဘာလ ၄ ရက်က ထုတ်ပြန်ထားသည်။ စစ်မှုထမ်းတဦး စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့် ရရှိသည့်နေ့ရက်မှစ၍ ၅  နှစ်ထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းရမည် ဖြစ်သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုထားသော တိုင်းရင်းသားအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်အောက်သို့ ထည့်သွင်းမည့် နယ်ခြားစောင့်တပ်ပြောင်းရေး အစီအစဉ် မအောင်မြင်ဖြစ်နေ၍ စစ်အစိုးရနှင့် ယခင်အပစ်ရပ် တိုင်းရင်းသားအဖွဲ့များအကြား ဆက်ဆံရေး ယိုယွင်းနေဆဲ ဖြစ်သည်။

0 comments:

Post a Comment