Sunday, November 7, 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဇေယျာသီရိမြို့နယ်တွင် မဲပေးခဲ့

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့ နံနက်က နေပြည်တော် ခရိုင် ဇေယျာသီရိ မြို့နယ်တွင် မဲပေးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဇေယျာသီရိ မြို့နယ်သည် နအဖ ခေါင်းဆောင် တဦးဖြစ်သည့် သူရ ဦးရွှေမန်း ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် နယ်မြေဖြစ်သည်။ ထိုနယ်မြေတွင် ၎င်းနှင့် ယှဉ်ပြိုင်မည့်သူအဖြစ် တစည ပါတီမှ ဦးချစ်စိန်သာ ရှိသည်ဟု သိရသည်။

Myanmar's-military-junta-leader,-General-Than-Shweအဆိုပါ ဒေသတွင် မဲပေးနိုင်သူ ဦးရေ၏ ၆၂ ရာခိုင်နှုန်း မဲလာပေးသည်ဟု တာဝန်ရှိသူများက သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

သို့ရာတွင် လေ့လာသူ သတင်းထောက်များ၏ အဆိုအရ နေပြည်တော် ခရိုင် ၈ မြို့နယ်တွင် မဲပေးနိုင်သူ၏ ၅၀ ရာခိုင်နှုန်းခန့်သာ မဲပေးနိုင်သည်ဟု သိရသည်။

နေပြည်တော် ဒေသ၌ မဲပေးကြရာတွင် ပယ်မဲ များနိုင်ကြောင်းလည်း လေ့လာသူတို့က ခန့်မှန်းကြသည်။

“လူတွေက မဲ ဘယ်လို ပေးရမယ်ဆိုတာ နားမလည်ကြဘူး။ အဲဒီတော့ ပယ်မဲ များနိုင်တယ်” ဟု ဒေသခံ လေ့လာသူ တဦးက ပြောသည်။

ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး စုစုပေါင်းမြို့နယ် ၈ ခုပါဝင်သော နေပြည်တော်ခရိုင်တွင် မဲပေးနိုင်သူလူဦးရေ ၆ သိန်း ကျော်နေထိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်တွင် စစ်ရာထူးများမှ အငြိမ်းစား ယူထားသည့် ဗိုလ်ချုပ်ကြီးများ ယှဉ်ပြိုင်ကြရာ သူရဦးရွှေမန်းက ဇေယျာသီရိမြို့နယ်၊ ဦးသိန်းစိန်က ဇမ္ဗူသီရိမြို့နယ်၊ သီဟသူရ ဦးတင်အောင် မြင့်ဦးက ပုဗ္ဗသီရိမြို့နယ်၊ ဦးမြင့်လှိုင်က ဒက္ခိဏသီရိမြို့နယ် တို့တွင် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းများ ဖြစ်ကြသည်။

အဆိုပါ ဒေသတွင် ပြည်သူ့လွှတ်တော်အ မတ် ၁၉ ဦး၊ အမျိုးသား လွှတ်တော်အမတ် ၆ ဦး ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ကြံ့ဖွံ့ပါတီက ၁၀ ဦး၊ တစည ပါတီမှ ၁၀ ဦး၊ အမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့က ၁ ဦး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်မှ ၂ ဦး၊ တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်း ၂ ဦးတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကာ ကြံ့ဖွံ့ပါတီနှင့် တသီးပုဂ္ဂလ အမတ်လောင်းများသာ စည်းရုံးလှုပ်ရှားမှု အားကောင်းခဲ့ကြောင်း သိရသည်။

ရင်းမြစ်။ ။ဧရာဝတီ

0 comments:

Post a Comment