Friday, September 3, 2010
နိုင်ငံ့ဝန်ထမ်း ခြွင်းချက်နှင့် ပတ်သက်၍…
“..ကော်မရှင်က လက်မခံရင် ပြည်သူ လူထု အတွင်း ဖော်ထုတ် ကန့်ကွက် ရှုတ်ချ ရမယ်..”
ပြည်သူ့လွှတ်တော်   ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ...သုံး မျိုးစလုံးမှာ  .....ပုဒ် မ (၁၀) အောက် ပါ ပုဂ္ဂိုလ်များသည်  ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်  မရှိစေ ရ...ဆိုပြီး  (က) (ခ) (ဂ) တွေနဲ့ ဖော် ပြ ရာမှာ...(ဋ) နိုင်ငံ့ ၀န်ထမ်း..ဆိုတာလည်း
ပါ ပါတယ်။ တဆက်တည်း   ခြွင်းချက်လည်း  ပါ ပါတယ်။
ခြွင်းချက် -----  ယင်းစကားရပ်သည်  ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ   ဖွဲ့ စည်းသော လွှတ်တော်များတွင်  ရွေးချယ် ခန့်ထားခြင်း ခံရသည့်  တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် လည်းကောင်း ၊ လွှတ်တော်များရှိ အဖွဲ့အစည်း များတွင် ရွေးချယ် ခန့်အပ်ခြင်းခံ ရသည့်  နိုင်ငံ့ဝန်ထမ်းများနှင့် လည်းကောင်း မသက်ဆိုင် စေရ ...... လို့ ပါပါတယ်။
 ဒီ စကားရပ် အရ  လွှတ်တော် မရှိသေးတဲ့  ယခု ကာလမှာ ရှိနေတဲ့  ၀န်ထမ်းတွေဟာ   အထက်ပါ ခြွင်းချက် နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး ဆိုတာ ရှင်းနေပါတယ် ။  ဒါပေမဲ့ ... အတည် မဖြစ်သေးတဲ့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ   မူကြမ်း က...အခန်း(၄) ဥပဒေ ပြုရေး အောက်က  ပုဒ်မ (၁၂၁) - - အောက်ပါ ပုဂ္ဂိုလ် များ သည်  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်   မရှိစေ ရ ... ဆိုတဲ့ အောက်က ပိုဒ် ခွဲ (ည)  မှာ လည်း .. နိုင်ငံ့ ၀န်ထမ်း  ဆိုတာ ပါလာပြန်ပြီး  ခြွင်းချက်ကလည်း   ဆက်ပါ လာပါတယ်။
ခြွင်းချက် -------   ယင်း စကားရပ်သည်  ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အရ ဖွဲ့စည်း သော  လွှတ်တော်များ နှင့်  အဖွဲ့ အစည်းများတွင်  ရွေးချယ် ခန့်အပ်ခြင်း ခံ ရသည့်   တပ်မတော်သားများ  အပါအ၀င်   နိုင်ငံ့ဝန်ထမ်းများနှင့်  မသက်ဆိုင် စေ ရ   ...  လို့ ပါပြန် ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က ထုတ်တဲ့  လွှတ်တော် သုံးမျိုး ဥပဒေရဲ့ နိုင်ငံ့ဝန်ထမ်း ခြွင်းချက် နဲ့   ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က နိုင်ငံ့ဝန်ထမ်း ခြွင်းချက်  နှစ်ခုဟာ    တူသယောင်နဲ့ ကွဲလွဲချက် ရှိနေတာ   သေသေချာချာ  ဖတ်ရင် တွေ့နိုင်ပါတယ်။
လွှတ်တော် များ နှင့် အဖွဲ့အစည်းများတွင်... ဆိုတာနဲ့ လွှတ်တော် များရှိ အဖွဲ့အစည်း များ တွင် ဆိုတာ  မတူပါဘူး။  လွှတ်တော်များနှင့် အဖွဲ့အစည်းများ  ဆိုတာက လွှတ်တော်ထဲမှာရော  အပြင်မှာရော လို့
ကျယ်ပြန့်မှု ပါပေမဲ့  လွှတ်တော်များရှိ အဖွဲ့အစည်းများ ဆိုတာက   လွှတ်တော်ထဲ နှင့်သာ ဆိုင်ပါတယ်။ တကယ် လက်တွေ့ မှာ  အများကြီး ခြားနားသွားနိုင်ပါတယ်။
  ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ မူကြမ်း   အခန်း(၁၄)
ကူးပြောင်းရေးကာလ  ပြဋ္ဌာန်းချက် များ
ပုဒ်မ  ၄၄၃
ဤ ဖွဲ့ စည်းပုံ  အခြေခံ ဥပဒေ  အာဏာ တည်သည့်နေ့ မတိုင်မီ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်သည့်  လုပ်ငန်းရပ်များသည်  ဤ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ  ဆောင်ရွက်သည်ဟု မှတ်ယူရမည်။ ......ဆိုတဲ့  အပိုဒ် ရဲ့ ဆိုလိုချက်ဟာ    သူ့  ဖွဲ့စည်းပုံ ထဲမှာပါတဲ့ .... ပုဒ်မ (၁၂၁) ရဲ့ ပုဒ်မခွဲ (ည) ပါ  ခြွင်းချက် ကို ခြုံငုံမိပါတယ်။ လွှတ်တော်များနှင့်  အဖွဲ့အစည်းများတွင် ဆိုတဲ့  စကားရပ်ကို ခြုံငုံ မိပါတယ်။
သဘော ကတော့  သူ့ဟာ နဲ့ သူတော့  ဟုတ်နေတာပေါ့။  ဖုံးလိုက် ဖွင့်လိုက်။
ဒါပေမယ့်  ဒီ ပုဒ်မ (၄၄၃) အရ  လုပ်တဲ့   ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းခြင်း၊ ယင်း ကော်မရှင်မှ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော်  ဆိုတဲ့ လွှတ်တော် သုံးခု ရဲ့ ဥပဒေ များ ထုတ်ပြန်ခြင်း တို့ကိုလည်း  ခြုံငုံ မိနေပြန် ပါတယ်။
ဒါဖြင့် .. ဒီရွေးကောက်ပွဲ ကော်မရှင်က ထုတ်တဲ့   ဥပဒေထဲ ပါတဲ့ အချက်တွေကလည်း  ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်း ရဲ့ ပုဒ်မ(၄၄၃) အရ လုပ်ထားတယ်လို့  မှတ်ယူ ရမှာမို့  သူ့ကိုလည်း “ဒါတော့မပါဘူးဗျာ” ဆိုပြီး ဘွာခတ် လို့ မရ နိုင်ပေဘူး။  ဒီတော့  ကော်မရှင်က ထုတ်ပြန်တဲ့ လွှတ်တော် သုံးမျိုး ဥပဒေ  ပုဒ်မ(၁၀) ပုဒ်မ ခွဲ (ဋ) နဲ့ ခြွင်းချက် များမှာ ပါတဲ့  “လွှတ်တော်များရှိ  အဖွဲ့အစည်း များတွင် ရွေးချယ် ခန့်ထားခြင်း ခံ ရသည့်  နိုင်ငံ့ ၀န်ထမ်း များနှင့်လည်းကောင်း မသက်ဆိုင်စေရ”  ဆိုတာကိုလည်း ဘွာခတ် လို့မရ နိုင်ပေဘူး။
ဒါဆို လွှတ်တော် ဆိုတာ  မရှိသေးတော့  လွှတ်တော်များရှိ အဖွဲ့အစည်းများ ဆိုတာလည်း ဘယ် ရှိတော့မလဲ။  ဒါကြောင့် ဘယ် ၀န်ထမ်းမှ  ဒီ ပုဒ်မခွဲ (ဋ) ရဲ့ ခြွင်းချက်ကို  ခံစားခွင့် ရှိမယ် မဟုတ်ပါဘူး။
ကဲ...တိုက်ရိုက်ပဲ ပြောမယ်ဗျာ..။
ဝန်ကြီးချုပ် ဦးသိန်းစိန် အစရှိတဲ့  အခြား ၀န်ကြီး  ဦးဌေးဦး၊ ဦးမောင်ဦး၊ ဦးအောင်သောင်း စသဖြင့် .....စသဖြင့် တွေဟာ လွှတ်တော် မရှိသေးတဲ့ ကာလမှာ ဖြစ်လို့ လွှတ်တော်ထဲရှိ အဖွဲ့အစည်းများရဲ့ ၀န်ထမ်း  မဟုတ်လို့ ကိုယ်စားလှယ်လောင်း မဖြစ်နိုင် သူများ  ဖြစ်ပါတယ်။ သို့ ပေမယ့်   အတည်မပြု ရသေးတဲ့  ဖွဲ့စည်းပုံ ထဲက အခြေခံ ဥပဒေ ပုဒ်မ  (၁၂၁) (ည) အရ  တော့   လွှတ်တော်များ နှင့် အဖွဲ့ အစည်းများ တွင်... ဆိုတော့  လွှတ် တော် မဟုတ်တဲ့ အဖွဲ့ အစည်းများမှာ ပါတဲ့ ၀န်ထမ်းမို့ ခြွင်းချက်နဲ့ ကိုက်ညီလို့  ကိုယ်စားလှယ်လောင်း  ဖြစ်နိုင် နေပြန် ရော။
ဒီတော့ အတည် မပြု သေးတဲ့  ဖွဲ့စည်းပုံထဲက  ဥပဒေ ပုဒ်မ တွေကို  လိုက်နာမလား…ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ပုဒ်မ ၄၄၃ က ခွင့် ပြုချက် အရ ဖွဲ့စည်းထားတဲ့  ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေကိုပဲ  လိုက်နာ မလား ဆိုတာ ဒွိဟ ဖြစ်လာပါတယ်။
 တကယ်တော့ ဥပဒေကြမ်း အတည်မပြုသေးခင် ကာလ မှာတော့ ကူးပြောင်းရေး ကာလ ပြဋ္ဌာန်းချက်များနဲ့  ပုဒ်မ ၄၄၃ ကိုပ လိုက်နာရမယ်။  ဒါ့ကြောင့်  ကော်မရှင် က ပြဋ္ဌာန်းထားတဲ့  ဥပဒေ တွေကိုပဲ လိုက်နာရမယ်။  ဦးသိန်းစိန် က အစ တခြား ၀န်ကြီးတွေ ၊ ဒု ၀န်ကြီးတွေ အကုန်လုံးဟာ ကိုယ်စားလှယ်လောင်း မဖြစ်နိုင်တဲ့ ၀န်ထမ်း တွေပ ဖြစ်တယ်။  ဘယ်ခြွင်းချက်ကိုမှ  ခံစားခွင့်  မရှိဘူး။  အတည် ဖြစ်ဖြစ်  မဖြစ်ဖြစ်  ပြည်သူက  ၉၂.၄၈ %  နဲ့ အတည်ပြု ထားတယ်ဆိုတဲ့   ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ကပ  အရာရာ လွှမ်းမိုး ရမယ် လို့  ဇွတ်ကြီး ပြောဆို လာကြမယ် ဆိုရင်တောင်  ...အဲဒီ ဥပဒေကြမ်း ရဲ့...                                         
အခန်း(၅)   အုပ်ချုပ်ရေး ဆိုတဲ့      ခေါင်းစဉ် အောက်က
                   ပုဒ်မ (၂၃၂)   ပြည်ထောင်စု ၀န်ကြီးများအား ခန့် အပ်တာဝန် ပေးခြင်း
                   ပုဒ်မခွဲ (ဋ)
 ပြည်ထောင်စု ၀န်ကြီးသည်  နိုင်ငံရေး ပါတီ တခုခု ၏   အဖွဲ့ဝင် ဖြစ်လျင်  ပြည်ထောင်စု ၀န်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးသည့်  နေ့မှ စပြီး  မိမိ ရာထူး သက်တမ်း  အတွင်း   ယင်း ပါတီ အဖွဲ့ အစည်း၏   ပါတီ လုပ်ငန်းများ တွင်  ပါဝင် ဆောင်ရွက်ခြင်း  မပြုရ။ .....လို့ ဆိုထားပါတယ်။
ဒီတော့  ဦးသိန်းစိန်  အမှူးပြု တဲ့  ၀န်ကြီးတွေဟာ ပြည်ထောင်စု ကြံ့ ခိုင်ရေးနဲ့  ဖွံ့ဖြိုးရေး ပါတီ  ရဲ့ ခေါင်းဆောင် အဖြစ် ကော်မရှင်မှာ  မှတ်ပုံတင် ထားတာဟာ   တရားမဲ့ လုပ်ရပ်  ဖြစ်သွားတော့မှာပေါ့။ အစတွေ ကတော့  ဟိုကထွက် ဒီကထွက်ပါပဲ။ တစ နင်း တစ ထောင် ဖြစ်နေဘီ။ ဘာပြု လို့  ဒီလို ဖြစ်ရ တာလဲ ဆိုတော့  စလုပ် ကတည်းက  ရိုးသားသန့်ရှင်းမှု  အခြေခံနဲ့ လုပ်ခဲ့ တာမှ မဟုတ်ပ  ဟိုလူ့ ပိတ်ချင်  ဒီလူ့  ဖွင့်ချင်...။ ဟို အဖွဲ့အစည်းတော့ မပါ စေချင် ဒီ အဖွဲ့အစည်းတော့  အခွင့် အရေးတွေ ပိုရ စေချင်.. ဆိုတာတွေ နဲ့  လုပ်ခဲ့တာကိုး..။  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာကလည်း  အခြေခံမူများ ကတည်းက  ဦးထောင် ပဲ့နင်း ဖြစ်နေတာပ...။
(င)  မှာ  တရား မျှတ ခြင်း၊  လွတ်လပ်ခြင်း ၊ ညီမျှခြင်း  တည်းဟူသော   လောကပါလ တရားများ  ပိုမို ထွန်းကားရေး ဆိုပြီး                   
(စ) ကျတော့...နိုင်ငံတော် ၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင်  တပ်မတော်က  ပါဝင် ထမ်းဆောင်နိုင်ရေး.... ဆိုပြီး  စစ်သား တမတ်သား မူကို   (စစ်သား က  တမူးသာ မူ) ချထားတော့   ... အစ မကောင်း တော့  အနှောင်း မသေချာ ဖြစ်ကုန် တာပေါ့..။  ဒါတွေ အကုန် လျှောက်ရေး ရင်  ပြောမဆုံးပေါင်  တောသုံးတောင် ဖြစ်တော့မယ်။  အစ က ပြောခဲ့ တဲ့  “နိုင်ငံ့ဝန်ထမ်း” ပ ပြန် ပြောရရင်... လွှတ်တော် သုံးမျိုး ရဲ့ ဥပဒေမှာ ပါတဲ့  ကိုယ်စားလှယ် ဖြစ်နိုင်ခွင့် မရှိတဲ့  နိုင်ငံ့ဝန်ထမ်း ဆိုတာထဲမှာ  ခြွင်းချက် ဆိုပြီး ထည့်ထား ပေမယ့်   အဲဒီ ခြွင်းချက်ဟာ  လက်ရှိ ကိုယ်စားလှယ် လောင်း စာရင်းတင် ထားတဲ့   ၀န်ကြီးတွေ ဒု ၀န်ကြီးတွေနဲ့  ဘာမှ မဆိုင်ဘူး။  သူတို့ မှာ  ကိုယ်စားလှယ်လောင်း ဖြစ်နိုင်ခွင့် မရှိဘူး...။  ဒါကြောင့်   ၀င်ရောက် အရွေးခံမယ့် ကျန် အဖွဲ့ အစည်း တွေက  ကန့်ကွက် ရမယ်။  ပြင်းပြင်း ထန်ထန် ကန့်ကွက် ရမယ်...။
 ပြည်သူ လူထု ကလည်း  ကန့်ကွက် ရမယ်...။ ကန့်ကွက်ချက် ကို  အချိန် အကန့် အသတ်ကြောင့်ပ ဖြစ်ဖြစ်၊ အခြား အကြောင်းမပြပဖြစ်ဖြစ်   ကော်မရှင်က  လက်မခံရင်   ပြည်သူ လူထု အတွင်း ဖော်ထုတ် ကန့်ကွက် ရှုတ်ချ ရမယ်..။
-          ရွေးကောက်ပွဲ ဥပဒေများ တရားမျှ တမှု  မရှိကြောင်း၊
-           ရွေးကောက်ပွဲ ကော်မရှင်ဟာ တရားမျှတမှု မရှိကြောင်းနဲ့  နောက်ဆုံး 
-          ရွေးကောက်ပွဲ ကြီး တခုလုံးဟာ တရားမျှတမှု မရှိ ကြောင်း..၊ အခွင့်အရေး  တူညီ မှုမရှိ ကြောင်း   ကမ္ဘာက သိအောင် ဖော်ထုတ် ကြရမှာ   အားလုံးရဲ့ တာဝန် ဖြစ်ပါတယ်။
မုန်းအောင်
စက်တင်ဘာ ၃၊ ၂၀၁၀
ရင်းမြစ်။ ။မိုးမခ
0 comments:
Post a Comment