Thursday, September 9, 2010

ငွေအကြွေတွေဘယ်မှာလဲ . . .


     ဟောင်းနွမ်းငွေစက္ကူ အကြွေများကို တန်ဖိုးတူချင်းလဲလှယ်ပေးမှုအား ၂၀၀၉ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှ စတင်ခဲ့ပြီး ယခုအခါ တစ်နှစ်ပြည့်သည့်အချိန်တွင် ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော်အထိ လဲလှယ်ပေးပြီး ဖြစ်ကြောင်း သတင်းသိရှိရပါသည်။

    ထိုသို့ ငွေအကြွေပမာဏ သိန်းပေါင်းများစွာ လဲလှယ်ပေးပြီးဖြစ်သော်လည်း  ဈေးရောင်းဝယ်မှုများ၊ ယာဉ်လိုင်းများစသည်ဖြင့် အများပြည်သူကြားတွင် ငွေအကြွေအခက်အခဲမှာ သိသိသာသာ လျော့နည်းသွားမှု မရှိသေးဘဲ ငွေအကြွေ အတွက် အစားထိုး အသုံးပြုမှုများ ရှိနေသေးကြောင်း သိရသည်။

    လတ်တလောတွင် ငွေအကြွေအတွက် ရှော့ပင်းစင်တာကြီးအချို့၊ စားသောက်ဆိုင်အချို့၌ပင် အကြွေ အစားထိုး ကူပွန်ကတ်များအသုံးပြုလာကြောင်း၊ အခြားဆိုင်သေးများတွင်လည်း ငွေအကြွေအတွက် အလျဉ်းသင့်သလိုပြု လုပ်နေသေးကြောင်း သိရသည်။

နေ့စဉ် မဖြစ်မနေ ၀ယ်ယူသုံးစွဲရတဲ့ဈေးထဲက ကုန်ပစ္စည်းအများစုက ထုတ်လုပ်မှု ကုန်ကျစရိတ်ပေါ်မှာ တွက်ချက်တဲ့အပြင် ရောင်းသူဝယ်ကြားမှာ အကြွေအမ်းနိုင်၊ မအမ်းနိုင်ကိုပါ ထည့်တွက်ထားတဲ့ ဈေးတွေဖြစ်နေပါပြီ။ ဒါကမလိုအပ်ဘဲ ဈေးတက်တာ၊ နောက်တစ်ခုက ကား စီးတယ်၊ ကျပ် ၁၀၀ ကျန်တာကို ဘယ်လိုနည်းနဲ့မှ မအမ်းနိုင်တဲ့အတွက် မတတ် သာလို့ထားခဲ့ရတာ။ ဈေးဝယ်ရင် ပြန်မအမ်းနိုင်လို့ ပြီးရောဆိုပြီး ၀ယ်လိုက်ရတာတွေက မလိုအပ်ဘဲသုံးစွဲလိုက် ရတာတွေပါ ..


သောက်သောက်လဲ လဲပေးထားတယ် . . .
    အများပြည်သူ လက်ဝယ်၌ရှိသော ဟောင်းနွမ်းငွေစက္ကူ ၁၀ ကျပ် တန်၊ ၂၀ ကျပ် တန်၊ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်နှင့် ၂၀၀ ကျပ်တန် စသည်ဖြင့် ငါးမျိုးအား ပမာဏအကန့် အသတ်မရှိ၊ လဲလှယ်ပေးသည့်ရက် အကန့်အသတ်မရှိ အစီအစဉ်ဖြင့် လဲလှယ်ပေးခဲ့သည့် အစီအစဉ်မှာသြဂုတ်လ ၃ ရက်နေ့က တစ်နှစ်ပြည့်မြောက်ခဲ့ ကြောင်း သိရသည်။

    ၂၀၀၉ ခုနှစ် သြဂုတ်လ ၃ ရက် နေ့မှစတင်၍ လဲလှယ်ပေးစဉ်ကပမာဏ နှင့် လဲလှယ်ရမည့်ရက်ကို ကန့်သတ်ထားသော်လည်း နောက်ပိုင်းတွင် ပမာဏ နှင့် လဲလှယ်ရမည့်ရက် အကန့်အသတ်မထားဘဲ လဲလှယ်ခွင့်ပေးခဲ့ ကြောင်း၊ ယခုအခါ တန်ဖိုးတူခြင်း လဲလှယ်ပေးမှုတစ်ခုတည်းပင် ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော်အထိရှိနေပြီ ဖြစ်ကြောင်း သိရသည်။

    ဟောင်းနွမ်း ငွေစက္ကူများကို တန်ဖိုးတူ လဲလှယ်ပေးခြင်းအပြင် မထသယာဉ်လိုင်းများသို့ တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀ ဖိုး၊ ဈေးများသို့ တစ်ပတ်လျှင် ကျပ် ၅၁ သိန်းဖိုး ငွေအကြွေ လဲလှယ်ပေးလျက်ရှိကြောင်း၊ ရှော့ပင်းစင်တာများသို့လည်း ငွေအကြွေများကို တန်ဖိုးတူလဲလှယ်ပေးခြင်းများ ရှိသေးကြောင်း သိရသည်။

အများပြည်သူကြား ရှားနေသေးတဲ့ အကြွေ . . .
    သို့သော် ယာဉ်လိုင်းများတွင် ငွေအကြွေအား အကန့်အသတ်ဖြင့်သာ လဲလှယ်၍ရပြီး တစ်စီးလျှင် တစ်ပတ် လုံးမှ ကျပ် ၁၀၀၀ သာ လဲလှယ်ရရှိသည့် ယာဉ်များရှိနေသည်ဟု သိရသည်။
    "ယာဉ်လိုင်းတွေကို တစ်ပတ် ကျပ်သိန်း ၁၀၀ ထိတိုးပေးထား တယ်တဲ့။ အင်္ဂါတစ်ရက်ပုံမှန်လာလဲ ပေးတယ်။ တစ်ခါလဲရင် ၁၀၀၀ ကျပ် ဖိုးလဲလို့ရတယ်။ အဲဒါ တစ်ပတ်လုံးစာပဲ။ ကျွန်တော်ကလည်း တစ်ပတ် လုံး ဒီအကြွေ  ၁၀၀၀ ကျပ်နဲ့ ဘယ်လိုလုပ် အလုပ်ဖြစ်မှာလဲ"ဟု ယာဉ်အကူ တစ်ဦးက ရှင်းပြခဲ့သည်။

    "ဒီလို လဲလှယ်ပေးတဲ့အခါမှာလည်း တကယ်လိုအပ်တဲ့သူ လက်ထဲ ရောက်မရောက် စိစစ်သင့်တယ်။ အခု ဘဏ်ကနေ ထုတ်ပေးလိုက်တာက အများကြီးဈေးကွက်ထဲကို ရောက်မလာ ဘူး။ အဲဒီအတွက် ကျပ် ၁၀၀၀၀ ဖိုး လဲရင် ကျပ် ၈၀၀၀ ပဲပေးတဲ့ဈေးကွက် ဖော်နေသလား၊ ဒါမှမဟုတ်အကြွေလို အပ်ချက်ကပဲ မြင့်တက်နေတာလားဆိုတာလည်း ထည့်တွက်သင့်ပါတယ်"ဟု စတိုးဆိုင်လုပ်ငန်းရှင် တစ်ဦးကလည်း ရှင်းပြခဲ့သည်။

ငွေအကြွေဘယ်ရောက် . . .
    လဲလှယ်ပေးသည့် ငွေပမာဏ များပြားလေ အများပြည်သူကြား ငွေအကြွေပြဿနာနှင့် ငွေအကြွေ၏ သက်ရောက်မှုများလျော့ပါးလေ ဖြစ်ရမည်ဆိုသော်လည်း လက်ရှိအချိန်ထိ သိသိသာသာပြေလည်ခြင်းမျိုး မရှိသေးကြောင်း ပြည်သူများကဆိုသည်။

    "ကျွန်မတို့ နေ့တိုင်းဈေးဝယ်ရ တယ်။ နေ့တိုင်းပဲ အကြွေအတွက်မလိုဘဲ ကုန်ကျနေရတာတွေရှိတယ်။ ကျပ် ၁၀၀၀ တန်ပေးတယ်၊ ကျပ် ၈၅၀ ကျ တယ်။ ကျပ် ၁၅၀ပြန်အမ်းစရာမရှိလို့ ငရုတ်သီးလေးယူ၊ ကြက်သွန်ဖြူလေး ယူနဲ့ ပြီးခဲ့ရတဲ့ရက်တွေများပါတယ်။ တစ်ရက်ကိုဈေးနှစ်ခါဝယ်မိရင် ကျပ် ၃၀၀ လောက်တော့ မလိုအပ်ဘဲသုံး လိုက်ရတယ်။ အရင်ကတစ်ရက်ကို ကိုယ့်ဝင်ငွေနဲ့ကျပ် ၁၅၀၀ ပဲသုံးမယ်ဆို ကျပ် ၁၅၀၀ ပဲသုံးလို့ရတယ်။ အခုက နေ့စဉ်အသုံးစရိတ်မှာအကြွေအတွက် ပါ ထည့်တွက်နေရတယ်။ လိုင်းကား စီးရင်လည်းလူတိုင်းသိတယ်။ အကြွေ ပေးနိုင်ရင်ပေး၊ မပေးနိုင်ရင် ကျပ် ၁၀၀ ထားခဲ့ရတာပဲ။ ရှော့ပင်းစင်တာဈေး သွားဝယ်ရင်လည်း ကူပွန်ပဲရတယ်။ အဲဒီကူပွန်က အဲဒီဆိုင်မှာပဲ ပြန်ဝယ် လို့ ရတာလေ။ လမ်းကြုံလို့ဝယ်မိတဲ့ ကျွန်မတို့အတွက်ကတော့ အဆုံးပဲ ထားရလိုက်သလိုပါပဲ။ ဒါတွေကမလို အပ်ဘဲပိုသုံးနေရတာတွေပါ"ဟု အင်းစိန် မြို့နယ်နေ အိမ်ရှင်မတစ်ဦးကလည်း ရှင်းပြခဲ့သည်။

    "ဘဏ်တွေက လဲပေးတာမှန်ပေ မယ့် အခုထိတော့ အကြွေအခက်အခဲ ရှိနေတုန်းပဲ။ ဈေးထဲမှာပဲကြည့်ကြည့်၊ လိုင်းကားပေါ်မှာပဲ ကြည့်ကြည့်ပါ သိနိုင်ပါတယ်"ဟု ရန်ကုန်မြို့နေ ရုံး ၀န်ထမ်းတစ်ဦးကလည်း ဆိုသည်။

သကြားလုံး၊ တစ်ရှုး၊ ကော်ဖီမစ်ပြီးတော့ ထပ်ပေါ်လာတဲ့ ကူပွန်အကြွေ . . .
    သကြားလုံး၊ တစ်ရှုး၊ ကော်ဖီ မစ်များကို ငွေအကြွေအဖြစ်ပြန်အမ်းခြင်းအပြင် ယခုအခါတွင် ၁၀၀ ကျပ်၊ ၅၀ ကျပ်တန်များအတွက် ကူပွန်ကတ် များအဖြစ်ပင် အသုံးပြုလာကြသည်ဟု အများပြည်သူတို့က ဆိုသည်။

    "အရင်က သကြားလုံး၊ တစ်ရှုး တွေကိုအမ်းတယ်။ နောက် ကော်ဖီမစ် အမ်းတယ်။ အခု ကူပွန်ပုံစံ အမ်းတာ ပါရှိလာတယ်။ ဥပမာ စိန်ဂေဟာစူပါ မားကတ်ဆိုရင် ၁၀၀ ကျပ်၊ ၅၀ ကျပ် ကူပွန်စာရွက်နဲ့ ပြန်အမ်းပေးတာမျိုး ကို အသုံးပြုနေရတယ်။ ယာဉ်စီးခပေးတဲ့အခါမှာလည်း ယာဉ်အကူကလည်း ဘယ်လောက်ပဲဖြစ်နေပါစေ ကျပ် ၁၀၀၊ ကျပ် ၂၀၀ မှန်း ကွဲကွဲပြားပြား သိရင် တော်ပြီယူတာပဲ။ သူပြန်အမ်းတဲ့အခါမှာလည်း ဘယ်သူကမှ အစုတ်ကြီး၊ တိပ်တွေချည်းပဲလို့ မပြောဘူး၊ ခရီးသည်က အသာတကြည်ယူတာပဲ။ ဒီလို အဟောင်းအနွမ်းလေး ပြန်အမ်းတာကိုတောင် ကျေးဇူးတင်သေးတာ၊ မဟုတ်ရင် စပယ်ယာကလည်း မအမ်းတော့ဘူးလေ"ဟု ရန်ကုန်မြို့နေပြည်သူ တစ်ဦးကဆိုသည်။

    "ယုဇနပလာဇာမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ဆိုလည်း တစ်ရက်အတွင်းသာ အသုံးပြုနိုင်တယ်လို့ ရေးထားတဲ့ ၁၀၀ ကျပ် ကူပွန်အကြွေတွေ ပြန်အမ်းလာတယ်။ ဆိုလိုတာက အကြွေအမ်းနည်းအမျိုးမျိုးထဲမှာ ကူပွန် အကြွေပါပါလာတယ်လို့ ပြောချင်တာပါ"ဟု လှိုင်မြို့နယ်တွင် နေထိုင်သူ တစ်ဦးကလည်း ရှင်းပြခဲ့သည်။

ငွေအကြွေဘယ်ထိသက်ရောက်လဲ . . .
    ငွေအကြွေ၏ ထင်ထင်ရှားရှား သက်ရောက်မှုကိုပြပါဆိုလျှင် မလိုအပ်ဘဲ ကုန်စည်ဈေးနှုန်းမြှင့်လိုက်ရခြင်းနှင့် စားသုံးသူများ မလိုအပ်ဘဲ ၀င်ငွေနှင့်မကိုက်သည့် ပမာဏသုံးစွဲ နေရခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

    "သက်ရောက်မှုကတော့ အများ ကြီးပါ။ လက်တွေ့ပြလို့ရတာကတော့ ကျပ် ၈၃၀ တန် ဆန်တစ်ပြည်ဆို ပါတော့ အကြွေခက်ခဲလို့ တစ်ပြည် ကျပ် ၉၀၀ အတိအကျနဲ့ တင်ရောင်းရတာမျိုး၊ ၉၀၀ ကျသင့်တာကိုကျတော့ အကြွေ  ၁၀၀ မရှိလို့ ကျပ် ၁၀၀၀ အတိနဲ့တင်လိုက်ရတာမျိုး လူတိုင်းမှာ ရှိလာပါတယ်။ အထူးသဖြင့် နေ့စဉ် မဖြစ်မနေ ၀ယ်ယူသုံးစွဲရတဲ့ဈေးထဲက ကုန်ပစ္စည်းအများစုက ထုတ်လုပ်မှု ကုန်ကျစရိတ်ပေါ်မှာ တွက်ချက်တဲ့အပြင် ရောင်းသူဝယ်ကြားမှာ အကြွေအမ်းနိုင်၊ မအမ်းနိုင်ကိုပါ ထည့်တွက်ထားတဲ့ ဈေးတွေဖြစ်နေပါပြီ။ ဒါကမလိုအပ်ဘဲ ဈေးတက်တာ၊ နောက်တစ်ခုက ကား စီးတယ်၊ ကျပ် ၁၀၀ ကျန်တာကိုဘယ်လို နည်းနဲ့မှမအမ်းနိုင်တဲ့အတွက် မတတ် သာလို့ထားခဲ့ရတာ။ ဈေးဝယ်ရင် ပြန်မအမ်းနိုင်လို့ ပြီးရောဆိုပြီး ၀ယ်လိုက်ရတာတွေက မလိုအပ်ဘဲသုံးစွဲလိုက် ရတာတွေပါ။ အကြွေသက်ရောက်မှုကတော့ လက်တွေ့ပြရင် ဒီနှစ်ချက်က ထင်ထင်ရှားရှားပါပဲ"ဟု ကုန်စည်မျိုးစုံ ရောင်းချနေသူတစ်ဦးကလည်း ရှင်းပြ ခဲ့သည်။

    "မလိုအပ်ဘဲ နေ့စဉ်ငွေပိုသုံးနေ ရတယ်။ ဆီတစ်ပိဿာ ကျပ် ၂၂၃၀ ကျတယ် ဆိုပါတော့၊ အကြွေမရှိလို့ ကျပ် ၂၃၀၀ ပေးလိုက်ရသလို၊ နောက် ပိုင်းဆီဆိုင်ကလည်း အကြွေအခက် အခဲကြောင့်ဆိုပြီးကျပ် ၂၃၀၀ ကို ပုံမှန် သတ်မှတ်လိုက်ရတယ်။ ဒါက ဥပမာ တစ်ခုပဲ ရှိသေးတယ်။ ကုန်စည်မျိုးစုံ ဒီအတိုင်းဖြစ်နေတာပါ။ ကျွန်မ လခနဲ့ ဆိုရင် တစ်ရက်ကို ၁၅၀၀ ထက် ပို သုံးလို့မရဘူး။ ဒါပေမယ့် မလိုအပ်ဘဲ တစ်ရက်ကိုပိုသုံးနေရတာ ကျပ် ၃၀၀၊ ကျပ် ၄၀၀ အထက်မှာရှိနေတယ်။ ဒါ ကြောင့် ကုန်ဈေးနှုန်းတွေတက်တဲ့ အချက်မှာ အကြွေပြဿနာကလည်း အရေးပါနေပါတယ်"ဟုကျောင်းဆရာမ တစ်ဦးကလည်း ရှင်းပြခဲ့သည်။

    ငွေအကြွေလဲလှယ်ပေးမှု အား မကောင်းခဲ့သည့် အချိန်တွင် စားသုံးသူများအကြား အကြွေရှားပါးခြင်းဆို သည်မှာ ယုတ္တိတန်သည်။ သို့သော် ငွေအကြွေလဲလှယ်ပေးမှုအားကောင်း သည့်အချိန်၊ ပမာဏများစွာလဲလှယ် ပေးပြီးဖြစ်သည်ဟူသောအချိန်မျိုးတွင် ငွေအကြွေ ယခင်ကနည်းတူ ရှားပါးနေဆဲမှာမူ ယုတ္တိတန်သည်ဟု ပြော၍ မရကြောင်း ပြည်သူများကြား သုံးသပ်ကြသည်။

    ထို့အတွက် ယခုလဲလှယ်ပေးသည့် ပမာဏနည်းပါးနေသေး၍ အမှန် တကယ် ငွေအကြွေရှားပါးခြင်းလား၊ သို့တည်းမဟုတ် လဲလှယ်ပေးသည့် ငွေအကြွေများ စားသုံးသူဈေးကွက် အတွင်းရောက်ရှိရန် ကျပ် ၁၀၀၀၀ ဖိုး လဲလျှင် ကျပ် ၈၀၀၀ ရမည်ဟူသော အချက်များကြောင့် နှောင့်နှေးနေခြင်းလား ဆိုသည်ကို စိစစ်သင့်ပြီး ထိရောက်သည့် လဲလှယ်ပေးမှုမျိုးအပေါ် အများပြည်သူက မျှော်လင့်နေကြသည်။
ရင်းမြစ်။ ။www.first-11.com

0 comments:

Post a Comment