Thursday, September 9, 2010

ဆရာတော် ဦးဥတ္တမရုပ်တု ဂါရ၀ပြုခွင့်မရ

DSC-0147
ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၁ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက စစ်တွေ ဦးဥတ္တမ ရုပ်တုရှေ့တွင် ဂါရ၀ပြုခွင့် တောင်းခံခဲ့ရာ စစ်တွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ခွင့်မပြုကြောင်း သိရသည်။

“ကျနော်တို့ ဒီလ ၂ ရက်နေ့က ဆရာတော် ဘုရားရဲ့ ရုပ်တုရှေ့မှာ ပါတီ ဗဟိုကော်မတီဝင် ၉ ဦးက ငြိမ်သက်စွာ ဂါရ၀ပြုခွင့်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းပါတယ်၊ ၇ ရက်နေ့မှာတော့ ခွင့်မပြုတဲ့ အကြောင်းပြန် ခဲ့ပါတယ်"ဟု ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေ ရွေးကောက်ပွဲ ကော်မရှင်၏ အကြောင်း ပြန်စာတွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင် ၉ ဦးက ဦးဥတ္တမ ခန်းမရှေ့ရှိ ဦးဥတ္တမ ရုပ်တုအား လာရောက် ဂါရ၀ပြုရန် တင်ပြချက်နှင့် ပတ်သက်၍ အဆိုပါ နေရာသည် နိုင်ငံရေး ပါတီများ ဟောပြောစည်းရုံး မဲဆွယ်ရန် မသင့်သည့် လုံခြုံရေးအရ ကန့်သတ်ဧရိယာဖြစ် ခြင်းကြောင့် ခွင့်မပြုပါဟူ၍ ရေးသား ဖော်ပြထားကြောင်း သိရသည်။

စစ်တွေ ရွေးကောက်ပွဲကော်မရှင်၏ အကြောင်းပြန်ကြားချက်နှင့်စပ်လျဉ်း၍ ဒေါက်တာအေးမောင်က“ဒီအကြောင်းပြချက်ဟာ ဆီလျော်မှု မရှိပါဘူး ၊ကျနော်တို့က ဟောပြောစည်းရုံးမှာလည်း မဟုတ်ပါဘူး ၊ ဆရာတော် ဦးဥတ္တမနေ့ကို လုပ်ခွင့်မပြုတာ တော်တော်ကြာပါပြီ ၊ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်နေပါပြီလို့ ဆိုထားတဲ့အတွက် တမျိုးသားလုံး  လွတ်လပ်ရေး မျက်စိကို ဖွင့်ပေးခဲ့တဲ့ ဆရာတော်ကို ဂါရ၀ပြုခွင့် တောင်းခဲ့တာပါ ၊  နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ထားတဲ့ ဆရာတော်ရဲ့ ရုပ်တုနဲ့ ပန်းခြံဟာ ကျနော်တို့ ပြည်သူတွေရဲ့ ငွေကြေးတွေပါ ၊ အခုတော့ စည်ပင်က ပိုင်သွားပြီနေမှာပေါ့ဗျာ"ဟု ဆိုသည်။

ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ ရူပရပ်တွင် ဖခင် ဦးစံ မြ နှင့် မိခင် ဒေါ်အောင်ဖြူတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ်သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေးထူးချွန်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာ ရှင်ဥတ္တမ ဘွဲ့အမည် တွင်ခဲ့သည်။

အသက် ၁၉နှစ်တွင် ရဟန်းပြုပြီးနောက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံ ရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့သည်။

ထို့နောက် ဆရာတော်သည် ၁၉၂၀ ခုနှစ် တွင် ဗမာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန့်ကျင်ရေး တရားများကို ဟောပြောခဲ့ သည်။ ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၁၂ လ အပြစ်ပေးခံရသည်။

ဆရာတော်သည် ၁၉၂၄တွင်လည်း“အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော်ဟောပြောခဲ့သည့်အတွက်ကြောင့် ဒုတိယ အကြိမ် ထောင် ၃ နှစ် ကျခဲ့ပြီး ၁၉၂၈ တွင် တတိယအကြိမ် အဖမ်းခံခဲ့ရသည်။

ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှထွက်သွားပါ” ဟူသော စာကိုရေးသားပေးပို့ခဲ့သည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ဆရာတော် ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကိုဆန့်ကျင်ခဲ့သည်။

ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရ တက်လာပြီး နောက်ပိုင်းမှစ၍ ဆရာတော်ဦးဥတ္တမနှင့် စပ်လျဉ်းသော အခမ်းအနားများ ပြည်တွင်း၌ ကျင်းပခွင့်မရတော့သည်မှာ ယနေ့တိုင်ဖြစ်သည်။
 

ရင်းမြစ်။ ။ဧရာဝတီ

0 comments:

Post a Comment