Saturday, September 4, 2010

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကထုတ်ပြန်သော စာရင်းများအရ အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံ သည် ငှက်ဖျားရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး ယခင်က အဖြစ်အများဆုံးဖြစ်သည့် အရှေ့တီမော်နိုင်ငံကိုပါ ကျော်လွန်၍ တွေ့ရှိနှုန်း တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ ပါမောက္ခတစ်ဦးက ပြောသည်။ “အရင်တုန်းက ငှက်ဖျားဆိုရင် ကိုယ့်ဘာသာကိုယ် အပြင်မှာကုသကြတာ များတယ်။ အခုတော့ ကျန်းမာရေးဌာနတွေ သာမက အဖွဲ့အစည်းတွေကပါ ကုသပေးနေတော့ လာကုသတဲ့သူတွေများလာတဲ့အတွက် အဲဒီစာရင်းတွေကြည့်ပြီး ထုတ်ပြန်တဲ့အခါ မြန်မာနိုင်ငံက အဖြစ်အများဆုံး ဖြစ်လာတာထင်ပါတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။ ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံ၏ ဦးစားပေးစောင့်ကြည့်သည့် ရောဂါများစာရင်းတွင် နံပါတ်တစ် ရောဂါဖြစ်ပြီး ယခင်က ရန်ကုန်၊ မန္တလေးနေရာများသည် ငှက်ဖျားရောဂါဖြစ်ပွားမှု မရှိသည့်နေရာများအဖြစ် ကြေညာထားရာမှ ယခုတစ်နှစ်၊ နှစ်နှစ်အတွင်း ပြောင်းလဲလာသော လူနေမှုပုံစံများကြောင့် ထိုနေရာများတွင်ပါ ငှက်ဖျားရောဂါ ဖြစ်လာကြောင်း သိရသည်။ “အရင်က ငှက်ဖျားရောဂါဖြစ်တဲ့ပုံစံနဲ့ စမ်းသပ်ချက်တွေအရ မှန်းပြီးကုသခဲ့ရတာ။ အခုတော့ ၁၅ မိနစ်နဲ့ အဖြေသိနိုင်မယ့် စက်တွေရှိနေပါပြီ။ အရင်က မှန်းပြီးကုခဲ့ရတုန်းကဆိုရင် လေးယောက်မှာ တစ်ယောက်လောက်ပဲ မှန်ခဲ့တာဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ဆေးယဉ်ခြင်းတွေလည်း ဖြစ်ပွားကြတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။ ယခင်က ရက်ရှည်ကုသခဲ့ရာမှ ယခုအခါ ဆေးပေါင်းကုထုံးဖြင့် ကုသချိန် သုံးရက်သာ ကြာမြင့်ပြီး ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးမှူးများအထိနှင့် အင်န်ဂျီအို အဖွဲ့အစည်းများတွင်ပါ ငှက်ဖျားရောဂါကို အခမဲ့ကုသနိုင်ကြောင်း သိရသည်။ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သော ငှက်ဖျားရောဂါဖြစ်ပွားမှု စာရင်းမှာ ဆေးရုံ၊ ဆေးခန်းသို့ တက်ရောက်ကုသသော လူနာအရေအတွက်ဖြစ်ပြီး WHO မှ ထုတ်ပြန်သောစာရင်းမှာ ဆေးရုံဆေးခန်းသို့လာရောက်ကုသသော လူနာများသာမက လူမှုရေးအဖွဲ့အစည်းများ၊ NGO များမှ ကုသပေးသော စာရင်းများပါဖြစ်၍ လူနာအရေအတွက် ကွာခြားကြောင်း အဆိုပါ ဆရာဝန်က ဆက်လက်ပြောကြားခဲ့သည်ဟု ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment