ဆောင်းပါးရှင်သည် ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင်တခုတွင် ရောက်နေသူဖြစ်သည်။
မြန်မာနိုင်ငံတွင် “ဗိုလ်ချုပ်က” ဟုပြောလိုက်လျှင် “ ဦးအောင်ဆန်း “ ကို ရည်ရွယ်တာ ဖြစ်တယ်လို့ လူအချို့မှအပ လူတိုင်းသိကြပါတယ်။ ဗိုလ်ချုပ်ကို တပ်မတော်ဖခင်ကြီး၊ အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဖခင်ကြီး အဖြစ် လက်ခံ ယုံကြည်တတ်ကြပါတယ်။
မြန်မာ့သမိုင်းမှာ ခေတ်အဆက်ဆက် နိုင်ငံတည်ထောင်ခဲ့သူများ၊ နိုင်ငံခေါင်းဆောင်များ အများအပြား ရှိခဲ့ကြပါတယ်။ အနောက်တိုင်း သမိုင်းပညာရှင်အချို့က ၄င်းခေါင်းဆောင်များအနက် ကျန်စစ်သားမင်းကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်း တို့ နှစ်ဦးသာလျှင် တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို လက်နက်မပါဘဲ ထူထောင် နိုင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုကြောင်း သမိုင်းပညာရှင် ဒေါက်တာအောင်ခင်က ဆိုပါတယ်။
ကျန်ခေါင်းဆောင်များဟာ ညီညွတ်ရေးအတွက် ဓားတစ်စင်း၊ မြင်းတစ်ကောင် စည်းရုံးရေးနဲ့ စည်းရုံးခဲ့ကြတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ တိုင်းပြည်တစ်ခုမှာ အတူတူနေထိုင်ကြတဲ့ မတူ ကွဲပြားတဲ့ လူမျိုးစုတွေ၊ လူတန်းစားတွေကို ညီညွတ်အောင် စုစည်းတဲ့နေရာမှာ ကြိုးတုတ်တုတ်နဲ့ တင်းနေအောင် ချည်နှောင်လို့ရတဲ့ ညီညွတ်ရေးဟာ ရေရှည်မခိုင်မြဲဘူး ဆိုတာ သမိုင်းသက်သေ အများအပြား ရှိပါတယ်။ ဒီသဘောတရားကို ဗိုလ်ချုပ်က အခိုင်အမာ ယုံကြည်ခဲ့ပါတယ်။ ဒီအချက်ဟာ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ ညီညွတ်ရေး အမြော်အမြင်ကြီးမှု တစ်ခု ဖြစ်ပါတယ်။ နယ်ချဲ့ အစိုးရရဲ့ သွေးထိုးမှုကြောင့်ဖြစ်စေ၊ အခြား အကြောင်းများကြောင့် ဖြစ်စေ ဗမာ လူမျိုးစုကို ယုံကြည်မှု အားနည်းနေတဲ့ တိုင်းရင်းသား လူမျိုးစုများဟာ ဗိုလ်ချုပ်ကို ယုံကြည် လေးစားတဲ့ အတွက် တိုင်းရင်းသား ကိုယ်စားလှယ်၂၂-ဦးနဲ့ ဗိုလ်ချုပ်ဟာ ပင်လုံစာချုပ်မှာ ညီညွတ်ရေး အတွက် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ပင်လုံစာချုပ်ဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ချုပ်ဆိုခဲ့တဲ့ တစ်ခုတည်းသော စာချုပ်ဖြစ်ပါတယ်။ စာချုပ်ဟာ စာရွက်ပေါ်မှာထက် နှလုံးသားပေါ်မှာ ရှိတဲ့ ယုံကြည်မှုကို အဓိက အခြေခံခဲ့တာ ဖြစ်တယ်လို့ ယူဆရပါတယ်။
ပင်လုံစာချုပ်မှာ “ ၁ဝ-နှစ်အကြာ ခွဲထွက်ခွင့်” ဆိုတဲ့အချက်ဟာ နှစ်မြို့စရာ မဟုတ်ဘူး ဆိုတာ ဗိုလ်ချုပ်က သိပါတယ်။ ဒါပေမယ့် လိုအပ်ချက်အရ ထည့်သွင်းသဘောတူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်က “ပေါင်းကြည့်ပါ မကောင်းတော့လည်း ခွဲထွက်ကြတာပေါ့ “ လို့ ပြောခဲ့ပါတယ်။
လွတ်လပ်ရေးကို ပူးပေါင်း ရယူပြီးတဲ့နောက် အင်္ဂလိပ်ကျွန်ဘဝက လွတ်လာခဲ့ပေမယ့် ဗမာကျွန် အဖြစ်မခံပါဘူးလို့ ဗိုလ်ချုပ်က ကတိပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကို “ ယုံပါဗျာ “ လို့ ပြောခဲ့တာဟာ ဗိုလ်ချုပ်ရဲ့ ရိုးသားမှုနဲ့ မိမိကိုယ်မိမိ ယုံကြည်မှုခိုင်မာတာကို မြင်တွေ့ နိုင်ပါတယ်။
တိုင်းပြည်ရဲ့ အင်အားစုတွေ အမှန်တကယ် ညီညွတ်ဖို့ဆိုတာဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစ ရှိတဲ့ နယ်ပယ် အသီးသီးမှာ အခွင့်အရေး တန်းတူညီမှုနဲ့ လွတ်လပ်မှုအပြည့်အဝရှိဘို့ လိုအပ်ပါတယ်။ ဒီအချက်ကို ဗိုလ်ချုပ်က အာမခံနိုင်တဲ့ အတွက် တိုင်းရင်းသားများအနေနဲ့ (အထူးသဖြင့် ရှမ်းလူမျိုးစုများ) ခွဲထွက်ခွင့် ပြုထားသော်လည်း ခွဲထွက်မှာ မဟုတ်ဘူးလို့ ယုံကြည်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီအချက်ဟာ ဗိုလ်ချုပ်ရည်ရွယ်ခဲ့တဲ့ တိုင်းပြည် လွတ်လပ်ရေး အစစ်အမှန် ဖြစ်ပါတယ်။ တိုင်းပြည်တည်ဆောက်ရေးရဲ့ အခြေခံအုတ်မြစ်အဖြစ်လည်း ယူဆနိုင်ပါတယ်။ လူမျိုးကြီးနဲ့ လူမျိုးငယ်တွေရဲ့ ကြားထဲမှာ ထားရှိသင့်တဲ့ စိတ်သဘောထားနဲ့ လုပ်ဆောင်ချက်တွေရဲ့ လမ်းညွှန်အဖြစ်လဲ သတ်မှတ်နိုင်ကောင်းပါတယ်။
ဒါပေမယ့် အသက် ၃၂-နှစ် အရွယ်မှာ အမျိုးသားခေါင်းဆောင်ဖြစ်ခဲ့ပြီး လုပ်ကြံခံခဲ့ရတဲ့ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေး အမြော်အမြင်နဲ့ ရည်ရွယ်ချက်ကို ဗိုလ်ချုပ်ရဲ့နေရာမှာ တာဝန်ယူခဲ့ကြသူတွေဟာ အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့ကြပါဘူး။ အမြော်အမြင်နဲ့ ရည်ရွယ်ချက်ကို သဘောမပေါက်လို့လား၊ အခြားအကြောင်းတွေကြောင့်လားဆိုတာ လေးလေးနက်နက် စဉ်းစားသင့်ပါတယ်။
ဗိုလ်ချုပ်ရဲ့ လွတ်လပ်ရေးသမိုင်းမှာ လူထုညီညွတ်ရေး၊ တိုင်းရင်းသားများညီညွတ်ရေးဟာ အဓိက လက်နက်ဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ ၁၉၄၄ ခုနှစ်မှာ အမျိုးသား အင်အားစုတွေကို စုစည်းပြီး အဖွဲ့ချုပ်ကြီးအဖြစ် ထူထောင်ခဲ့ရာမှာ ဗိုလ်ချုပ်ဟာ အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။
ဗိုလ်ချုပ်မျှော်လင့်ခဲ့တဲ့ ညီညွတ်ရေးဟာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ တည်ဆောက်ခဲ့တဲ့ ညီညွတ်ရေးမျိုး မဟုတ်ပါဘူး။ အများစုရဲ့ စုပေါင်းနားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ညီညွတ်ရေးသာ ဖြစ်ပါတယ်။ အဲဒီ ညီညွတ်ရေးမျိုးသာလျှင် ငြိမ်းချမ်းတဲ့ညီညွတ်ရေးမျိုးဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်က ယုံကြည်ပါတယ်။
ဂျပန်တော်လှန်ရေးနောက်ပိုင်း ကြားဖြတ်အစိုးရ အဖြစ် ဗိုလ်ချုပ် ဦးဆောင်ခဲ့တဲ့ အချိန်မှာ ဗိုလ်ချုပ်ရဲ့အာဏာနဲ့ ပတ်သက်တဲ့ သဘောတရားကိုလည်း တွေ့မြင်နိုင်ပါတယ်။
“ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင် အတင်းအဓ္ဓမ လုပ်လာလို့ အစိုးရ ဖြစ်လာတာ မဟုတ်ဘူး၊ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကြောင့် ကျုပ်တို့ အစိုးရဖြစ်နေတာပဲ။ တိုင်းပြည်လူထုက ယုံကြည်မှုမရှိဘူး မကြည်ညိုဘူးဆိုရင် ကျုပ်တို့လည်း တွယ်မနေပါဘူး၊ ထွက်မှာပါဘဲ” လို့ ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်က အာဏာဆိုတာ မက်မောနေဖို့ မဟုတ်ဘူး၊ တာဝန်တစ်ရပ်သာ ဖြစ်တယ်၊ အလုပ်အတွက် လိုအပ်ချက်တစ်ခုသာ ဖြစ်တယ်ဆိုတာကို ထင်ရှားအောင် ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။
စည်းရုံးရေး၊ ညီညွတ်ရေးနဲ့ အာဏာဆိုတဲ့ ကိစ္စရပ်တွေဟာ ခေတ်အဆက်ဆက် နိုင်ငံရေးနယ်ပယ်မှာ မလွဲမသွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုးမသွားခဲ့ပါဘူး။ လွတ်လပ်ရေး တိုက်ပွဲဝင်သူတွေက နယ်ချဲ့စနစ်ရဲ့ အတွင်းသရုပ်နဲ့ အနှစ်သာရတွေကို ပြည်သူ လူထု သိအောင် အမျိုးမျိုး ကြိုးစား ဖော်ထုတ်ခဲ့ကြရပါတယ်။
ပြည်သူလူထုကြီးဟာ ပိုပြီး နိုးကြား တက်ကြွတဲ့ အတွက် နယ်ချဲ့ အစိုးရဟာ ဖဆပလ အဖွဲ့ချုပ်ကြီးကို မဖြစ်မနေ အသိအမှတ်ပြုလာရတာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကိုလည်း အသိအမှတ် ပြုလာရပါတယ်။
ဒါပေမယ့် စင်ပြိုင်နိုင်ငံရေးသမားအချို့က ပုဂ္ဂိုလ်ရေး မကျေနပ်မှု၊ အာဏာမက်မောမှုနဲ့ ပြဿနာကို ငြိမ်းချမ်းစွာ မဖြေရှင်းလိုမှုတို့ကြောင့် မြန်မာ့နိုင်ငံရေး သမိုင်းဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါတယ်။
“၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့” ပါပဲ။
ကျနော်တို့ မျိုးဆက်သစ် လူငယ်များဟာ သမိုင်းကို လေ့လာကြပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို လေ့လာတဲ့အခါမှာ အထင်ကြီးစိတ်၊ လေးစားစိတ်တွေလည်း ဖြစ်ပေါ်လာကြပါတယ်။ ဒါပေမယ့် သမိုင်းဝင် ပုဂ္ဂိုလ်တွေကို လေ့လာတာဟာ ကိုယ်ကိုယ်တိုင် သမိုင်းဝင်ဖြစ်အောင် အားထုတ်ဘို့တည်ဆောက်ဘို့ ဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အလေး အနက် ထားသင့်တယ်လို့ ယူဆပါတယ်။
ဗိုလ်ချုပ်ဟာ ကျနော်တို့ လူငယ်မျိုးဆက်တွေအတွက် စံပြုထိုက်သူတစ်ယောက် ဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်၊ လုပ်ရပ်နဲ့ နိုင်ငံရေး အမြော် အမြင် ကြီးမှုတွေဟာ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးလုပ်ဟန်အဖြစ် အတုယူထိုက်တယ်လို့ ယူဆပါတယ်။
ဗိုလ်ချုပ်ဟာ အာဏာမမက်သူ၊ အခွင့်အရေးမမက်သူ၊ လွတ်လပ်ရေးဆိုတဲ့ စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်ကို တစိုက်မတ်မတ် မွေးမြူသူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ညီညွတ်ရေးသဘောထား အမြင်နဲ့ လုပ်ဆောင်ချက်တိုင်းဟာ တော်လှန်ရေးအတွက်သာ အင်အား ဖြစ်စေပြီး နယ်ချဲ့ကို တုန်လှုပ်စေခဲ့ပါတယ်။
ဗိုလ်ချုပ်ရဲ့ ဆောင်ရွက်ချက်တိုင်းဟာ ပြည်သူ့အတွက်၊ လွတ်လပ်ရေး အတွက်သာ အမြဲ ဦးတည်နေခဲ့တယ် ဆိုတာ ထင်ရှားပါတယ်။ ဒါဟာ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးလုပ်ဟန် တစ်ခုပါပဲ။ ဗိုလ်ချုပ်ဟာ နယ်ချဲ့ကို ဆန့်ကျင်တဲ့ အင်အားစုတွေကို ဘယ်လို ညီညွတ်အောင် ဆောင်ရွက်သင့်တယ် ဆိုတာကိုသာ အစဉ်တစိုက် စဉ်းစားတတ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။
နယ်ချဲ့အစိုးရဟာ ၄င်းတို့ရဲ့ နယ်ချဲ့ဝါဒကို နည်း မျိုးစုံနဲ့ ကာကွယ်ခဲ့ပေမယ့် မဖြစ်လို့သာ ပေးခဲ့ရတဲ့ ကတိစကားကိုတော့ တည်အောင်ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ နယ်ချဲ့ကိုချီးကျူးလိုခြင်း မဟုတ်ပေမယ့် နယ်ချဲ့ထက် ဆိုးဝါးပြီး ကတိသစ္စာကင်းမဲ့တဲ့ စစ်အာဏာရှင်စနစ်ကို စုပေါင်း ဆန့်ကျင်ကြတဲ့ အချိန်မှာ ကျနော်တို့ မျိုးဆက်သစ်များဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားမှု၊ အမြော် အမြင် ရှိမှုနဲ့ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးလုပ်ဟန်များကို မိမိကိုယ်မိမိ အတုယူ တည်ဆောက်သင့်တယ်လို့ ထင်ပါတယ်။
ဒါ့အပြင် လွတ်လပ်ရေး တိုက်ပွဲထက် ပိုတဲ့ တက်ကြွမှု၊ ညီညွတ်မှုနဲ့ သဘောထားကြီးမှုတွေ တည်ဆောက်သင့်တယ်လို့ ယူဆမိပါတယ်။
ဒါကြောင့် ကျနော်တို့ မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ ဗိုလ်ချုပ်ရဲ့ဝိဥာဉ် ပူးဝင်ပြီး ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဖန်တီးတဲ့ နေရာမှာ အင်အားအပြည့် ပါဝင်နိုင်ပါစေလို့ ဆုတောင်းရင်း တင်ပြလိုက်ရပါတယ်။
မောင်ရိုး (တောင်တွင်းကြီး)
ရင်းမြစ်။ ။မိုးမခ
0 comments:
Post a Comment