Sunday, September 5, 2010

မြန်မာတွေရဲ့ အစွမ်းအစ ယုံကြည် စိတ်ချတယ်

       ဆစ်ဒနီတက္ကသိုလ်မှာ မဟာဘွဲ့အတွက်ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ဆီက စာတစ်စောင်ရပါတယ်။ သူတို့ကျောင်းမှာကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ နယူးဆောက်ဝေးပြည်နယ်က လွှတ်တော်အမတ် တစ်ယောက်နဲ့တွေ့ဆုံတဲ့အကြောင်း၊ အဲဒီအမျိုးသမီးအမတ်က ဆရာ့အိမ်ကိုရောက်ဖူးတဲ့အကြောင်း၊ ဆရာ့ကိုတော်တော်ခင်မင်ပုံရကြောင်း စတာတွေရေးထားပါတယ်။

ကျဉ်းသထက်ကျဉ်းလာတဲ့ကမ္ဘာ
    စာကိုဖတ်ပြီးတော့ ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းကလေးပါလားဆိုတဲ့စကားကိုပဲ ရေရွတ်လိုက်မိတယ်။ အဲဒီအမျိုးသမီးအမတ်ဟာ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ရောက်လာပြီး စကားပြောဖူးတာဖြစ်တယ်။ နောက်ထပ် အဆက်အသွယ်မရှိပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာကျောင်းသူတစ်ယောက်နဲ့ဆုံတွေ့ပြီး စကားပြောဖြစ်ကြရာက "ဘုံမိတ်ဆွေ" တစ်ယောက်အကြောင်းရောက်သွားပြီး သူတို့ချင်း ခင်မင်ရင်းနှီးသွားကြတာဖြစ်တယ်။ ကမ္ဘာကြီးဟာ တစ်နေ့တခြားကျဉ်းသထက်ကျဉ်းလာတယ်။ ငပလီကမ်းခြေကို ၁၀ ခေါက်ပြည့်အောင် ရောက်ဖူးသူရှားပေမယ့် ဘန်ကောက်၊ စင်ကာပူတို့ကို အိမ်ဦးနဲ့ကြမ်းပြင် ကူးလူးသွားလာနေကြသူတွေတော့ အများကြီးရှိတယ်။ တချို့များတစ်လတစ်ခေါက် ဈေးဝယ်ထွက်သတဲ့။

ဖိနပ်ဝယ်ဖို့သွားတာတဲ့
    တစ်နေ့ကဂျာနယ်တစ်စောင်မှာ ရုပ်ရှင်မင်းသားတစ်ယောက်နဲ့ မေးဖြေလုပ်ထားတာဖတ်မိတယ်။ အဲဒီမင်းသားက တစ်ခါတလေမှာ ဖိနပ်တစ်ရန်ဝယ်ချင်တာနဲ့လည်း ဘန်ကောက်ကိုထသွားလိုက်တယ်လို့ ပြောသွားတယ်။ ဒီခေတ်မှာ ဒါမျိုးတွေ မဆန်းတော့ဘူး။ တစ်ပတ်အတွင်း တစ်နေ့မပြတ်ထွက်နေတဲ့ ဂျာနယ်တွေထဲက ကြိုက်ရာတစ်စောင်ဆွဲလှန်ကြည့်လိုက်၊ ဖျော်ဖြေရေးနယ်ပယ်ကလူတွေ နိုင်ငံခြားဈေးဝယ်ထွက်တဲ့ သတင်းမပါတဲ့ ဂျာနယ်ကိုမရှိဘူးဆိုတာ တွေ့ရလိမ့်မယ်။ တချို့က ဈေးဝယ်ထွက်တာ မဟုတ်ဘူး။ အငြိမ့်ကဖို့သီချင်းဆိုဖို့ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ သြစတြေးလျတို့ကို သွားကြတာတဲ့။

ဝမ်းသာတယ်၊ အားပေးတယ်
    လူငယ်တွေ ခုလိုခရီးသွားကြတာ ကောင်းတယ်။ မျက်စိပွင့်၊ နားပွင့်တယ်။ အသိဥာဏ်ဗဟုသုတတွေ တိုးပွားလာစေတယ်။ ဒါကြောင့်ဝမ်းသာတယ်။ အားပေးတယ်။ ကိုယ့်အနားကလူတွေလည်း သွားလာနေကြတာပဲ။ တစ်ခုပဲရှိတယ်။ ပြန်လာရင်တော့ ရောက်ရောက်ချင်း ပူပူနွေးနွေး သူတို့နဲ့မတွေ့ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ပြောစကားတွေ နားထောင်ပြီး ကိုယ်ပါသိမ်ငယ်စိတ်တွေဝင်ပြီး ၀မ်းနည်းသလိုခံစားရလို့ဖြစ်တယ်။ နေ့နဲ့ညမှားလောက်အောင် လင်းထိန်နေတဲ့ နေရာတွေကထွက်လာခဲ့တာဆိုတော့ ဒီကလေဆိပ်ရောက်တာနဲ့ စိတ်ပျက်သွားတာပဲဆိုတဲ့ စကားသံတွေလည်းမကြားချင်ဘူး။

ရှာမှရှားနိုင်ငံ
    ပြောသူတိုင်းက စေတနာကောင်းနဲ့ ပြောကြတာပါ။ သောက်ရေကိုတောင် နယ်နိမိတ်ချင်းဆက်နေတဲ့ နိုင်ငံက၀ယ်သောက်နေရတဲ့ နိုင်ငံသေးသေးလေးက ခြေဖျားတစ်ထောက်ထောက်၊ ခေါင်းတမော့မော့ ဖြစ်နေတာကိုကြည့်ပြီး မခံချည့်မခံသာဖြစ်လွန်းလို့ ပြောကြတာဖြစ်တယ်။ အဲဒီနိုင်ငံလေးမှာ သယံဇာတဆိုလို့ သဲတောင်ရှိတာမဟုတ်ဘူး။ ဘာမဆို နိုင်ငံခြားက၀ယ်ရတာ။ မြန်မာနိုင်ငံဆိုတာက ကမ္ဘာမှာရှာမှရှားဆိုလောက်တဲ့နိုင်ငံ။ စားနပ်ရိက္ခာဆိုလည်း ပူစရာမရှိဘူး။ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ၀ါ ဘယ်နေရာကြဲလိုက်ကြဲလိုက် အပင်တွေထွက်လာတယ်။ ၀တ်စရာအတွက်လည်း ပူစရာမရှိဘူး။ ၀ါချည်ထွက်တယ်။ ပိုးထွက်တယ်။ ရက်ကန်းစင်တွေရှိတယ်။ နေစရာအတွက် သစ်ဝါးဆိုတာလည်းပေါမှပေါ။

ပူစရာမလိုဘူး
    ဒါတင်ဘယ်ဟုတ်မှာလဲ။ ကမ္ဘာတစ်ခုလုံး သဲကြီးမဲကြီးလိုက်ရှာနေကြရတဲ့ ရေနံဓာတ်ငွေ့ သယံဇာတတွေနဲ့ ရွှေ၊ ငွေ၊ ခဲသတ္တုတွင်းတွေလည်း ကြွယ်ပိုးကြွယ်ဝရှိတယ်။ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာစတဲ့ တွင်းထွက်ရတနာတွေကလည်း ကမ္ဘာကျော်ခဲ့တယ်။ လူသားလုပ်အားကလည်း အလုံအလောက်ရှိတယ်။ ဒီလောက်လိုလေသေးမရှိ ကြွယ်ဝတဲ့နိုင်ငံ ကမ္ဘာပေါ်မှာ ဘယ်နှနိုင်ငံရှိလို့လဲ။ ဘာမှပူစရာမလိုဘူး။ ၀မ်းနည်းစရာမလိုဘူး။

ကြွားတာမဟုတ်ဘူး
    စီးပွားရေးတိုးတက်အောင်လုပ်ဖို့ မြန်မာနိုင်ငံလိုနိုင်ငံမှာ ဘာမှမခက်ဘူး။ တက်ညီလက်ညီနဲ့ နည်းစနစ်တွေ မှန်မှန်ကန်ကန်နဲ့ ကြိုးစားလုပ်လိုက်ကြရင် ၁၀ နှစ်လောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ဒေါင်ဒေါင်မြည် ထိပ်သီးနေရာ ရောက်လာမှာသေချာပါတယ်။ ကြွားနေတာ မဟုတ်ဘူး။ တကယ်ယုံလို့ပြောတာ။ မြန်မာလူမျိုးရဲ့ ဥာဏ်ရည်အဆင့်ဟာ အာရှကဘယ်လူမျိုးနဲ့ယှဉ်ယှဉ်မညံ့ပါဘူး။ အာရှမှာထိပ်ဆုံးလို့ပြောနေကြတဲ့ နိုင်ငံတွေကဘွဲ့ရပြီး အရွယ်စုံယောက်ျား၊ မိန်းမအတော်များများကို ဆရာလုပ်ပြီး အင်္ဂလိပ်စာ သင်ကြားပေးခဲ့ဖူးလို့ ပြောတာဖြစ်ပါတယ်။

တန်းတက်ဆာဗေး
    စီးပွားရေးပြုပြင်ပြောင်းလဲဖို့က မခက်ဘူး။ ခက်တာက စိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲဖို့ဖြစ်တယ်။ ပြည်သူ့ဆိုင်ခေတ်နဲ့ တစ်ပါတီစနစ်အောက်မှာ အကြာကြီးနေခဲ့ရတဲ့ လူတိုင်းရဲ့စိတ်တွေဟာ "မလုပ်၊ မရှုပ်၊ မပြုတ်" ဆိုတဲ့စိတ်တွေနဲ့ ဘာအလုပ်လုပ်လုပ် "တန်းတက်ဆာဗေး"နဲ့လုပ်တဲ့ လုပ်နည်းလုပ်ဟန်တွေဟာ ခေါက်ရိုးကျိုးသလို ဖြစ်နေကြပြီ။ ဒီစိတ်တွေက မိဘကသားသမီးအထိ ကူးစက်သွားလေ့ရှိတယ်။ ၁၉၆၂ ခုနှစ်က မွေးဖွားခဲ့သူတစ်ယောက်ဟာ အခုဆိုရင် အသက် ၅၀ တန်းရောက်နေပြီ။ သူ့သားသမီးများတောင် အိမ်ထောင်ရက်သားကျပြီး ကလေးတွေရလောက်ပြီ။ ပထမမျိုးဆက်က ဒုတိယမျိုးဆက်၊ အခုဆို တတိယမျိုးဆက်ဖြစ်နေပြီ။

စိတ်ချတယ်
    ဒါကြောင့် လူတွေရဲ့ခေါင်းထဲမှာစွဲထင်နေတဲ့ စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲဖို့  သိပ်ခက်ပါတယ်။ အဲဒါကိုပဲစိုးရိမ်တယ်။ စီးပွားရေးအရ ဖွံ့ဖြိုးမှုနောက်ကျတာတော့ နည်းနည်းလေးမှ စိုးရိမ်ကြောင့်ကြမဖြစ်ပါဘူး။ မြန်မာတွေရဲ့ အစွမ်းအစကိုယုံကြည်စိတ်ချတယ်။




Written by လူထုစိန်ဝင်း  
ရင်းမြစ်။ ။www.first-11.com

0 comments:

Post a Comment