Monday, September 6, 2010

ဝမ်းတွင်းမြို့နယ်တွင် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွား


Water Flooting
 
 
Railways Station
 
Donation Cooking
        မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ်တွင် သြဂုတ်လ ၂၅ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နည်းတူ စက်တင်ဘာလ ၃ ရက်နေ့၌လည်း ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း သတင်း ရရှိသည်။
        စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ၀မ်းတွင်းမြို့နယ်နှင့် သဲတောမြို့နယ်များရှိ ရပ်ကွက်များအတွင်း နံနက် ၂ နာရီအချိန်ခန့်မှ ရေစတင် ၀င်ရောက်ပြီး စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေ ပြန်လည် ကျဆင်းသွားခဲ့ကြောင်း၊ မိုးရေချိန်မှာ ၄ ဒသမ ၃ လက်မရှိကြောင်း သိရသည်။
        "ညပိုင်း ၁၂ နာရီလောက်က ရွာတဲ့မိုးက တစ်နာရီ ကျော်လောက်မှာ မြို့ပေါ်ကို ရေဦးဆိုက်လာတယ်။၂ နာရီလောက်မှာ ရေတက်တော့တာဘဲ။ ရေတက်မှု စတင်ချိန်မှာ ဆည်တံခါးကို ငါးပေ စဖွင့်ပေးခဲ့ရတယ်။ နောက်ရှစ်ပေထိ ဆက်ဖွင့်ပေးခဲ့တယ်။ နောက်ဆုံး ဆည်တွင်း ရေမှတ် ကိုးပေခွဲလောက်ထိ ရှိလာတာမို့ ၁၁ ပေထိ ဖွင့်ပေးလိုက်ရတယ်။ အထက်ပိုင်းမှာ မိုးကောင်းနေလို့ တောင်ကျချောင်းရေလို တစ်ဟုန်ထိုး စီးဝင်လာကြတာ။ အခါ မိုးပါပဲ"ဟု ၀မ်းတွင်းဆည်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
        ထီးလှိုင်ကျေးရွာသားတစ်ဦး က "ဒီနားက ကျေးရွာတွေထဲ ရေ၀င်လိုက်တာ အိမ်ခြေတွေ မြုပ်ကုန်ပြီး ရင်စို့လောက်ထိကို ရေတက်လာတယ်။ ရေစီးကလည်း သန်တော့ စည်းရိုးတွေ၊ ၀င်းထရံတွေ ပျက်စီးကုန်ပြီး အိမ်ထောင် ပရိဘောဂတွေလည်း ရေထဲပါကုန်ကြတယ်။ စက်ရက်ကန်းနဲ့ ချည်ခင်တွေလည်း ရေထိပြီး ပျက်စီးကုန်လို့ လုပ်ငန်းတွေ နားထားရတယ်"ဟု ပြောပြပါသည်။
         ရေကြီးရေလျှံမှုကြောင့် စက်တင်ဘာလ ၃ ရက်နေ့တွင် ၀မ်းတွင်းဈေးကို ယာယီ ပိတ်ထားခဲ့ရပြီး ကုန်ပစ္စည်းများ ရွေ့ပြောင်းထားရကြောင်း၊ ရေစုပ်ထုတ်ပစ်ရန်နှင့် ဈေးတွင်း ပြန်လည်ပြုပြင်မှုများကို ဆောင်ရွက်နေကြောင်း ဈေးသူဈေးသားများထံမှ သိရှိရသည်။ ၀မ်းတွင်းမြို့နယ်နှင့် ဆက်စပ်လျက်ရှိသော သဲတောမြို့နယ်တွင်လည်း စက်တင်ဘာလ ၃ ရက်နေ့ ညနေခင်းပိုင်းအထိ မြို့တွင်း လမ်းများနှင့် လူနေ ရပ်ကွက်များတွင် ရေများ ဆက်လက် ဖုံးလွှမ်းနေခဲ့သောကြောင့် လူများ၏ စားရေးသောက်ရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ရာ ဒေသတွင်းရှိ အလှူရှင်များက ထမင်းထုတ်များ ဝေငှမှုများအပြင် ပေါင်းအိုးကြီးများဖြင့် ချက်ပြုတ်ကာ လှူဒါန်းမှုများ ပြုလုပ်ပေးခဲ့ကြသည်။
        မော်တော်ကား လမ်းပိုင်းတွင် ပုံမှန် သွားလာနိုင်သော်လည်း သဲတောဘူတာနှင့် ဟံဇား ဘူတာကြား ရန်ကုန်-မန္တလေး လမ်းပိုင်း ရထားသံလမ်းများ အပေါ် ရေကျော်ခဲ့၍ လမ်းပိုင်း ပြုပြင် ဆောင်ရွက်မှုများ ရှိနေသဖြင့် စက်တင်ဘာလ ၃ ရက် နေ့ မီးရထားခရီးစဉ်များကို ယာယီ ရပ်ဆိုင်းထားခဲ့ပြီး ယင်းနေ့ ညပိုင်း မီးရထားခရီးစဉ် အချို့ကို စမ်းသပ် ခုတ်မောင်းမှုများ ရှိလာသည်ဟု သိရှိရသည်။ 

ရင်းမြစ်။ ။www.first-11.com

0 comments:

Post a Comment