ပေါ့ပ်ဆိုတာ နှာခေါင်းရှုံ့စရာ မဟုတ်ပါဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးဖူးရုံမက ပေါ့ပ်ယဉ်ကျေးမှုဆိုတာ ကိန်းကြီးခမ်းကြီးနိုင်လှတဲ့ အထက်တန်းလွှာလူတစ်စုရဲ့ ဧည့်ခန်းဆောင်ထဲက စိန်ရောင်မြ ရောင်ပိုးဖဲကတ္တီပါရောင်တွေ ရွှန်းလက်တောက်ပနေတာတွေကို ဆန့်ကျင်အရွဲ့တိုက်ရာကပေါ်ထွက်လာတဲ့ လူထုယဉ်ကျေးမှုဖြစ်တဲ့အကြောင်း စာတွေလည်းရေးခဲ့ဖူးပါတယ်။
စောဒကတက်ဖို့သက်သေတွေ
တစ်နေ့တော့လူငယ်တစ်ယောက်က ဂျာနယ်တွေထဲကဖြတ်ညှပ်ပြီး သိမ်းထားတဲ့ ပေါ့ပ်စာမျက်နှာတွေ အထပ်လိုက်ယူချလာပြီး စောဒကတက်ပါတယ်။ သူယူလာတာတွေ ကောက်ကြည့်လိုက်တော့ 'Celebs' လို့အတိုကောက်ခေါ်လေ့ရှိတဲ့ ထင်ပေါ်ကျော်ကြားသူများအကြောင်း သတင်းတွေ၊ အင်တာဗျူးတွေ၊ နိုင်ငံခြားဈေးဝယ်ထွက်တဲ့ သတင်းဓာတ်ပုံတွေစုံနေတာ တွေ့ရတယ်။ ဒါ့အပြင် စကတ်တိုနဲ့ ရင်ရှားဂါဝန်ဝတ်ပုံတွေလည်း တစ်ထပ်ကြီးပါလာသေးတယ်။ ဒါတွေကိုနှာခေါင်းမရှုံ့ရတော့ဘူးလားခင်ဗျာလို့လည်း သူကမေးလိုက်ပါတယ်။ နှာခေါင်းရှုံ့ရုံတင်မကပါဘူးကွယ်။ မီးဖိုထဲတောင်ထည့်ပစ်သင့် ပါတယ်လို့ဖြေလိုက်တော့ ဆရာပဲ ပေါ့ပ်ဆိုတာနှာခေါင်းရှုံ့စရာမဟုတ်ပါ လို့ရေးခဲ့တာပဲလို့ပြန်ပြီးချေပပါတယ်။
ကြုံဗျူးတဲ့
သူယူလာတာတွေကိုတစ်ထပ်ချင်းဆွဲထုတ်ပြီး အင်တာဗျူးသပ်သပ်၊ သတင်းသပ်သပ်၊ ဓာတ်ပုံသပ်သပ်သူ့ရှေ့မှာချလိုက်ပါတယ်။ ပြီးတော့ အင်တာဗျူးတွေကိုပြပြီး "ကဲ ဒါတွေဟာသတင်းအင်တာဗျူးတွေ လား" လို့ သူ့ကိုမေးခွန်းထုတ်လိုက်ပါတယ်။ အင်တာဗျူးနာမည်ခံထားတာတွေ ကြည့်ပါဦး။ တစ်စက္ကန့်အင်တာဗျူးတဲ့၊ ကြုံတုန်းဗျူးတဲ့၊ ကြုံဗျူးတဲ့၊ မေးချင်သလိုမေးပြီး ဖြေချင်သလိုဖြေထားတဲ့ အရည်မရ အဖတ်မရ ပေါက်ပန်းဈေးစာတွေ။ မထင်ပေါ်နဲ့ကိုကျော်ကြားများအတွက် အကျိုးမရှိ။ စာဖတ်သူများအတွက်လည်း ပိုက်ဆံပေးဖတ်ရကျိုးမနပ်တာမျိုးတွေချည်းပဲ။
ထိမ်ချန်မှုနဲ့ငြိဦးမယ်
သတင်းဆိုတာတွေကလည်း သတင်းမဟုတ်ပါဘူး။ လူကြော်ငြာတွေပါ။ နောက်ပြီး မထင်ပေါ်နဲ့ကိုကျော်ကြားများက ရှော့ပင်းထွက်တာတွေကို ဖော်ပြပေးနေတာတွေလည်း ဆင်ခြင်သင့်ကြတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာကိုင်တာတွေ့ရင် အရေးယူလို့ရတယ်ဆိုတာ မသိကြတာလား။ သိရက်နဲ့ ဂရုမစိုက်ကြတာလား။ မသိပေမယ့် တော်ကြာရင် ဂျာနယ်ဆရာပါသိလျက်နဲ့ ထိမ်ချန်မှုနဲ့ငြိနေပါဦးမယ်။ မသိလို့ချိုးဖောက်မိပါတယ်ဆိုလို့ ဥပဒေကချမ်းသာပေးမှာမဟုတ်ဘူး။ နိုင်ငံခြားသွား ရုပ်ရှင်ရိုက်မယ်၊ ကြော်ငြာရိုက်မယ်ဆိုသူတွေလည်း သတိနဲ့ဆင်ခြင်သင့်ကြတယ်။
ပေါ့ပ်ကိုဖျက်တဲ့ပက်ပ်
ပေါက်ပန်းဈေး အရည်မရအဖတ်မရသတင်းတွေကို ပေါ့ပ်သတင်းတွေလို့ ခေါ်နေကြတာဖြစ်တယ်။ တကယ်တော့ ဒါမျိုးတွေဟာ ပေါ့ပ်မဟုတ်သလို ဒါမျိုးတွေထည့်တဲ့ဂျာနယ်တွေကိုလည်း ပေါ့ပ်ဂျာနယ်လို့မခေါ်နိုင်ပါဘူး။ ဒါမျိုးတွေကိုပက်ပ် (Pep)အမှိုက်သရိုက်တွေ၊ အပေါစားတွေလို့ ခေါ်ပါတယ်။ လူထုယဉ်ကျေးမှု (Pop Culture) ကိုပုံပျက်ပန်းပျက်ဖြစ်အောင် တမင်တကာလုပ်တဲ့ (Pep Culture)သာဖြစ်တယ်။ အဲဒီလိုပက်ပ်တွေကို ပေါ့ပ်စစ်စစ် အနုပညာသမားတွေက ဘန်းစကားနဲ့ 'ရှလော့' (Schlock)လို့ခေါ်ကြတယ်။ ဒီမှာ အတွေ့ရများတာက ပက်ပ်တွေရှလော့တွေဖြစ်တယ်။ ပေါ့ပ်မဟုတ်ဘူး။
ပညာပေးဖျော်ဖြေမှု
စာနယ်ဇင်းဆိုတာ သတင်းပေးဖို့နဲ့ အသိ(ပညာ)ပေးဖို့သာမက ဖျော်ဖြေမှုပေးဖို့ပါ လိုအပ်တယ်။ လူ့ဦးနှောက်ဟာလည်း အညောင်းဖြေဖို့လိုတယ်။ ဖျော်ဖြေမှုနဲ့ဦးနှောက်ကို လန်းဆန်းအောင်လုပ်ပေးရတယ်။ ဒါပေမဲ့ စာနယ်ဇင်းသမားဆိုတာ ပျော်တော်ဆက် (clown) မဟုတ်ဘူး ဆိုတာလည်း မေ့မထားရဘူး။ စာနယ်ဇင်းရဲ့ ပင်မတာဝန်က သတင်းပေးဖို့နဲ့ အသိ(ပညာ) ပေးဖို့သာဖြစ်တယ်။ ဖျော်ဖြေမှုကို ပညာပေးတာနဲ့ ဆက်စပ်ပြီး ကျွဲကူးရေပါသဘောပေးရမှာဖြစ်တယ်။ ဒါကိုစာနယ်ဇင်းစကားနဲ့ (Edutainment) ပညာပေးဖျော်ဖြေမှုလို့ခေါ်တယ်။ ရှေးအစဉ်အဆက် မြန်မာတွေပြောလေ့ရှိတဲ့ ဇာတ်သမားလာရင် မှတ်သားစရာပါရမယ်။ ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်ရမယ်ဆိုတဲ့ သဘောမျိုးဖြစ်တယ်။
ရှေးကဇာတ်သဘင်ဆိုတာ
ရှေးကမြန်မာဇာတ်သဘင်ဟာ အပျင်းပြေပျော်တော်ဆက်သက်သက် မဟုတ်ဘူး။ နောက်ပိုင်းဇာတ်ထုပ်ကြီးတွေဟာ ကောင်းမှုနဲ့မကောင်းမှု၊ ဓမ္မနဲ့အဓမ္မ အားပြိုင်မှုတွေကိုပြပြီး နောက်ဆုံးမှာ ဓမ္မကအနိုင်ရသွားရတာတွေကို ပညာပေးသွားခဲ့ကြတယ်။ ရတနာပုံခေတ်က ရှေ့တော်မှာကပြခဲ့ကြတဲ့ ၀ိဇယပြဇာတ်၊ ပါပဟိန်နဲ့ရေသည်ပြဇာတ်များဟာ ဖျော်ဖြေရေးသက်သက်မဟုတ်ကြဘူး။ မင်းညီမင်းသားများရဲ့ ရမ်းကားမှုများနဲ့တိုင်းသူပြည်သားများရဲ့ ပကတိအခြေအနေများကို ရွှေနားတော်အရောက်ကြားသိရအောင် ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။ ပဒေသရာဇ်ခေတ်ကြီးထဲမှာတောင် စာဆိုတော်ကြီးများနဲ့ ဇာတ်သဘင်ပညာရှင်များ တာဝန်ကျေအောင် ဆောင်ရွက်ခဲ့ကြတာ ကြည်ညိုစရာကောင်းလှတယ်။
ဆိုဂျူသောက်တာအတုခိုး
စာနယ်ဇင်းဆရာတွေက ဦးကြင်ဥတို့၊ ဦးပုညတို့ကိုတော့ အတုယူဖို့စိတ်မကူးကြဘဲ အနောက်နိုင်ငံတွေက ပက်ပ်စာစောင်တွေနဲ့ ကိုရီးယားမင်းသား၊ မင်းသမီးတွေအကြောင်း ပုံတူကူးချဖို့လောက်သာ အပြိုင်အဆိုင်ကြိုးစားနေကြတာတွေ့ရတယ်။ ဖျော်ဖြေရေးနယ်ပယ်က မထင်ပေါ်တို့ကိုကျော်ကြားတို့ကလည်း ကိုရီးယားမင်းသား၊ မင်းသမီးများရဲ့ သရုပ်ဆောင်မှုအတတ်ပညာတွေကို အားကျအတုယူရမယ့်အစား ဖင်ပေါ်ရင်ပေါ် ၀တ်တာစားတာတွေနဲ့ 'ဆိုဂျူ' သောက်တာလောက်ကိုပဲ အတုခိုးနေကြတယ်။ ပြောလိုက်ရင်တော့ အနုပညာအလုပ်၊ အနုပညာရှင်ဆိုတဲ့ စကားတွေက မိုးမွှန်နေတာပါပဲ။
သံကုန်ဟစ်မှငိုတာမဟုတ်
အားမနာတမ်းပြောရမယ်ဆိုရင် အနုပညာလို့ ခေါ်လောက်တဲ့အဆင့်ကိုရောက်ဖို့ တော်တော်လိုသေးတယ်လို့ပဲ ထင်တယ်။ အများအားဖြင့် ဖျော်ဖြေရေးအဆင့်ထက် မပိုသေးပါ ဘူး။ သရုပ်ဆောင်ပုံကိုကြည့်။ ငိုစရာရှိရင် ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြားသံကုန်ဟစ်အော်ငိုချလိုက်ပြီး နှာရည်တရွှဲရွှဲညှစ်ပြလိုက်တာပဲ။ လူကြမ်းဆိုရင်လည်း အရုပ်ဆိုးဆိုး မျက်နှာကြောတင်းတင်းနဲ့ အော်ဟစ်ကြိမ်းမောင်းလုပ်ပြလိုက်တာပဲ။ ချစ်ခန်းကြိုက်ခန်းဆိုလည်း မင်းသား၊ မင်းသမီးဖက်ပြလိုက်ရုံပဲ။ မျက်ရည်မရွှဲ၊ နှပ်မညှစ်ဘဲမေးကြောလေး တစ်ချက်တင်းရုံ၊ အကြောပြိုင်းပြိုင်းထအောင် လက်သီးဆုပ်လိုက်ရုံနဲ့ ကြည့်သူရဲ့ရင်ထဲမှာ ဆို့နင့်သွားစေနိုင်တယ်ဆိုတာ သဘောပေါက်ပုံမရကြဘူး။ လူဆိုးဆိုတိုင်း အရုပ်ဆိုးတာမဟုတ်ဘူး။ ဗိုလ်အောင်ဒင်လို ဂုဏ်သရေရှိ လူဆိုးကြီးတွေရှိတတ်တာကိုလည်း သိပုံမရကြပါဘူး။
စိတ်ဆိုးရင်လည်းမတတ်နိုင်
ဒီနေ့မြန်မာသရုပ်ဆောင်အများစုရဲ့ သရုပ်ဆောင်ပုံတွေဟာ ဇာတ်ခုံပေါ်မှာ သရုပ်ဆောင်တာနဲ့ အတူတူလိုဖြစ်နေတာ သတိထားမိတယ်။ ရုပ်ရှင်သရုပ်ဆောင်နဲ့လုံးဝမတူပါဘူး။ မျက်နှာအမူအယာတစ်မျိုးတည်းနဲ့ အလွမ်း၊ အသော၊ အချစ်၊ အကြမ်း၊ အရမ်းအမျိုးမျိုး သရုပ်ဆောင်ပြနိုင်စွမ်းရှိတဲ့ ရုပ်ရှင်မင်းသားကျော်ဆွေလို သရုပ်ဆောင်မျိုး တစ်ယောက်မှမရှိဘူးလို့ပြောရင် လွန်မယ်မထင်ဘူး။ အဲဒါကြောင့်အနုပညာလို့ ခေါ်လောက်တဲ့အဆင့်မရောက်သေးဘူး။ဖျော်ဖြေရေးအဆင့်လောက်ပဲ ရှိသေးတယ်လို့ဆိုခဲ့တာပါ။ စိတ်ဆိုးကြရင်လည်း မတတ်နိုင်တော့ဘူး။
Written by လူထုစိန်ဝင်း
Tuesday, August 31, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment