“ယခုအခါ ပြည်ထောင်စု နိုင်ငံတော်ကြီးတွင် ဘယ်ခေတ်အခါကနှင့်မျှ မတူသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရရှိနေပြီ ဖြစ်ပါသည်”
ဒီဝါကျက (နအဖ) စစ်အစိုးရတာဝန်ရှိသူတွေ၊ သတင်းစာဆောင်းပါးရှင်တွေ ပြောလေ့ရေးလေ့ရှိတဲ့ ဖြီးလုံးလှိမ့်လုံးတခုပါပဲ။
ဘယ်လိုပဲ ရေးပါစေ ပြောပါစေ၊ စစ်အုပ်စုအနေနဲ့ ပိုင်နိုင်စွာ ကိုင်တွယ်နိုင်တဲ့ ကိစ္စနဲ့ မကိုင်တွယ်နိုင်တဲ့ ကိစ္စတွေတော့ ရှိနေတာပါပဲ။
ဗိုလ်ချုပ်ကြီးသိန်းစိန်ပါ ၂၇ ဦးကို “ဗိုလ်” ကနေ “ဦး” ပြောင်းပြီး၊ “ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း” ကို “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ” လို့ အလွယ်တကူ ပြောင်းလဲပစ်ခဲ့ပါတယ်။ သူတို့လက်ခုပ်ထဲက ရေမို့ မှောက်လိုက မှောက်၊ လှန်လိုက လှန်ပါပဲ။ ငှက်ပျောသီး အခွံနွှာစားရတာကမှ ခက်ကောင်း ခက်နေမလားပါပဲ။
ဒါပေမဲ့ အပစ်ရပ် တိုင်းရင်းသား ၁၇ ဖွဲ့ကို နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းလဲရာမှာ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ အုပ်စုကို ''ဦး'' ပြောင်းရသလို၊ ကြံ့ဖွံ့ကို လူမှုရေး “အသင်း” အဖြစ်ကနေ နိုင်ငံရေး “ပါတီ” အဖြစ် အသွင်ပြောင်းရသလိုမျိုးတော့ မလွယ်ကူလှပါဘူး။
စစ်ဖက်ဆိုင်ရာ လုံခြုံရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်ဟာ အပစ်ရပ်အဖွဲ့တွေကို BGF အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ရက်စွဲတွေ သတ်မှတ်ပြီး ရာဇသံတွေ ဆင့်ကာဆက်ကာ ပေးခဲ့တာပါ။ ဒါပေမဲ့ သူ့ရာဇသံတွေဟာ သင်္ကြန်အမြောက်ပဲ ဖြစ်တယ်ဆိုတာ အားလုံးက ကြားခဲ့ကြပါတယ်။
အဓိကကျတဲ့ အင်အားကောင်း အပစ်ရပ်အဖွဲ့ “ဝ” ပြည် အမျိုးသား သွေးစည်းညီညွတ်ရေးပါတီ UWSP ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ကို နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းလဲမပစ်နိုင်ခဲ့ပါဘူး။
စစ်အစိုးရအနေနဲ့ ဘယ်လောက်ပဲ လေလုံးထွားပါစေ၊ အပစ်ရပ် ၁၇ ဖွဲ့မှာ အဖွဲ့ငယ် ၃ ဖွဲ့ကိုပဲ BGF အဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။ အဲဒီအဖွဲ့တွေက ကချင်ပြည်နယ် အထူးဒေသ (၁) (NDA-K) ၊ ကယားပြည်နယ် အထူးဒေသ (၁) (ကလလတ) နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၁) (ကိုးကန့်အဖွဲ့) တို့ပဲ ဖြစ်ပါတယ်။ (တိုင်းရင်းသားအဖွဲ့ကြီး ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တယ်လို့ စစ်အစိုးရက ဝါဒဖြန့်နေပေမယ့်၊ အဲဒီအထဲမှာ အပစ်ရပ်ပြီး လအနည်းငယ်မှာ အပစ်ရပ်ပျက်ပြားသွားတဲ့ ကရင်နီတိုးတက်ရေးပါတီ KNPP နဲ့ ဘိန်းဘုရင် ခွန်ဆာရဲ့ MTA အဖွဲ့ကိုပါ ထည့်သွင်းဖော်ပြထားတာပါ။)
ချုပ်လိုက်တော့ အင်အားကောင်းပြီး အဓိကကျတဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ ပြေလည်မှုမရဘူးဆိုတာ ထင်ရှားပါတယ်။ ဆောင်းပါးအစမှာ ဖော်ပြခဲ့သလို “ဘယ်ခေတ်အခါကနှင့်မျှ မတူသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရရှိနေပြီ” ဆိုတာ ဖြီးလုံးလှိမ့်လုံးတခုပဲ ဖြစ်တယ်ဆိုတာ ပေါ်လွင်လှပါတယ်။
ဒီလ ၈-၉ ရက်နေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာထဲက ''ချစ်ခြင်းမေတ္တာကို အကြမ်းမဖက်ပါနနဲ့'' ဆောင်းပါးမှာ အပစ်ရပ်အဖွဲ့တွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စစ်အစိုးရရဲ့ သဘောထားအနှစ်ချုပ်ကို ဆောင်းပါးရှင် ငါးမင်းဆွေက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အနေဖြင့် အပြီးအပိုင် လက်နက်စွန့်လွှတ်ပြီး မိမိအကျိုး၊ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် စီးပွားရေး လုပ်ငန်းများ လုပ်ချင်လုပ်ကြပါ။ ဒါမှမဟုတ် အများအကျိုးသက်သက်ဖြစ်သော လူမှုရေးလုပ်ငန်းများ လုပ်ချင်လျှင်လည်း လုပ်ကြပါ။ ဒါမှမဟုတ် မိမိတို့ ကိုင်စွဲထားသော လက်နက်များဖြင့် နိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်နိုင်ရန် နယ်ခြားစောင့်တပ် ဖွဲ့စည်းကြပါ” ဆိုပြီး ထင်ဟပ်ဖော်ပြထားပါတယ်။
ဆောင်းပါးအာဘော်က ဝေ့လည်ကြောင်ပတ် ဖြစ်နေပေမယ့် အပစ်ရပ်တိုင်းရင်းသားတွေအပေါ် စစ်အစိုးရက ထားရှိတဲ့ သဘောထားအမှန်ကတော့ …
- အကြွင်းမဲ့ လက်နက်ချရမယ်။
- စီးပွားရေးလုပ်ချင်ရင် လုပ်နိုင်တယ်၊ လူမှုရေးလုပ်ချင်ရင် လုပ်နိုင်တယ်။ ဒါမှမဟုတ်ရင်
- နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲရမယ် .. ဆိုတာတွေပါပဲ။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားပြီး နိုင်ငံရေးလုပ်ဖို့တော့ တလုံးတပါဒမျှ တိုက်တွန်းထားတာမျိုး မရှိပါဘူး။
ဒါတွေကြောင့်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စစ်အစိုးရ အလိုကျ လိုက်ပါကရတဲ့ အခြေအနေမျိုး မရှိသေးပါ။ တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေး ရရှိရေးအတွက် တောက်လောင်ခဲ့ကြတဲ့ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်နိုင်ဖို့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အစီအစဉ်တွေကလည်း ယောင်ယောင်လေးမျှ မတွေ့ရသေးပါ။
၁၉၄၈-၁၉၆ဝ (ဖဆပလ/အိမ်စောင့်/ပထစ) ခေတ်၊ ၁၉၆၂ - ၁၉၈၈ (တော်လှန်ရေးကောင်စီ/မဆလ) ခေတ်၊ ၁၉၈၈ မှ ကနေ့အထိ (နဝတ-နအဖ) ခေတ် စတဲ့ ခေတ်အဆက်ဆက်မှာ ပြည်တွင်းစစ် ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခဲ့ပါဘူး။ စစ်တပ်ချုပ်ကိုင်ဦးမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်းကာလမှာလည်း မျှော်လင့်ချက်ရောင်ခြည် မမြင်ရပါဘူး။ တိုင်းရင်းသားလူမျိုးတွေ လိုလားတောင့်တချက်တွေကို ဖြည့်ဆည်းမပေးနိုင်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အရိပ်မည်းထိုးထားမယ့် ခရီးကြမ်းကြီးကိုပဲ တွေ့နေပါတယ်။
အုပ်စိုးသူအစိုးရအဆက်ဆက်ရဲ့ လှည့်စားမှုအောက်မှာ တိုင်းရင်းသား အဖွဲ့အစည်းအချို့ ပြိုကွဲသွားတာ၊ ပျက်စီးသွားတာ၊ လက်နက်ချသွားကြတာတွေ ရှိခဲ့ဖူးပါတယ်။ အခုလည်း ရှိနေဆဲပါပဲ။ ဒါတွေဟာ တိုင်းရင်းသား ပြည်သူတွေအတွက် တကယ့်ညီညွတ်ရေး၊ တကယ့်တန်းတူရေး၊ တကယ့်ပြည်တွင်းငြိမ်းချမ်ရေးတွေ မဟုတ်ဘဲ၊ ကောက်ကျစ်လှည့်ဖျားမှုနဲ့ ဖျက်ဆီးချေမှုန်းမှုတွေသာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာ (နအဖ) စစ်အစိုးရက ဆည်မြောင်းတာတမံဆောက်သလို အခု ဘူဒိုဇာနဲ့ထိုး၊ အခု ကွန်ကရစ်ဖျော်ပြီး လောင်းလို့ရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် သဘောထားမှန်မှန်၊ တန်းတူရည်တူ ဒီမိုကရေစီရှိရှိ၊ အပေးအယူရှိရှိ၊ ယုံကြည်မှုရှိရှိ ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမယ့် တိုင်းပြုပြည်ပြုကိစ္စကြီး ဖြစ်ပါတယ်။ တန်းတူရည်တူရှိပြီး ဒီမိုကရေစီရှိမှ ညီညွတ်ငြိမ်းချမ်းနိုင်မှာ ဖြစ်ပါတယ်။ ညီညွတ်ငြိမ်းချမ်းမှလည်း အန္တရာယ်အသွယ်သွယ်ကို ကျော်ဖြတ်နိုင်ပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
အခုတော့ စစ်အစိုးရက တရားမျှတမှုမရှိတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထုတ်သုံးပြီး နိုင်ငံရေးပါတီတွေနဲ့ အင်အားစုတွေကို ဖိနှိပ်အကျပ်ကိုင်ဖို့ လုပ်နေသလို၊ အပစ်ရပ်တွေကိုလည်း “၁၉၉၄ ခုနှစ် မတိုင်ခင် အခြေအနေ ပြန်ရောက်သွားမယ်” (စစ်ပြန်တိုက်မယ်) ဆိုတဲ့ ခြောက်လုံးလှန့်လုံးတွေနဲ့ ဖိအားပေးနေပါတယ်။
နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ၊ အပစ်ရပ်တွေဆိုတာ စစ်အုပ်စုက သေဆိုသေ၊ ရှင်ဆိုရှင်ကြရတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန် (ဝန်ကြီးချုပ်) တို့၊ ဗိုလ်ချုပ်ဋ္ဌေးဦး (လယ်/ဆည်ဝန်ကြီး) တို့၊ ဗိုလ်မှူးချုပ်ကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး) တို့လို လူစားတွေ၊ ကြံ့ဖွံ့လို ဗုံမဟုတ် ပတ်မဟုတ် အဖွဲ့အစည်းတွေ မဟုတ်ဘူးဆိုတာ စစ်အစိုးရ သဘောပေါက်သင့်ပါပြီ။
သတင်းစာပေါ်မှာ ရေးကောင်းရုံရေးတဲ့ ငြိမ်းချမ်းရေး၊ စက္ကူပေါ်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမျိုး မဟုတ်ဘဲ လူမျိုးပေါင်းစုံ ပြည်သူတွေအကြားမှာ တကယ့်တန်းတူရေးနဲ့ တကယ့်သွေးစည်းရေးကို တည်ဆောက်နိုင်မယ့် အခြေခံကောင်းတွေကို သဘောထားမှန်မှန်နဲ့ ညှိနှိုင်းဆောင်ရွက်ရင်း တည်ဆောက်သွားဖို့ လိုအပ်နေကြောင်း သိသင့်ပါပြီ။
ဒီမိုကရေစီအခွင့်အရေးနဲ့ တိုင်းရင်းသား တန်းတူအခွင့်အရေး ပြဿနာ ၂ ရပ်ကို ပြေလည်အောင် မဖြေရှင်းဘူးဆိုရင် အုပ်စိုးသူအစိုးရအဆက်ဆက် မဖြေရှင်းနိုင်ခဲ့တဲ့ ဖွဲမီးလို တငွေငွေ့ လောင်ကျွမ်းနေတဲ့ ပြည်တွင်းစစ်မီးဟာ တကျော့ပြန်ပြီး အရှိန်ကောင်းကောင်းနဲ့ တောက်လောင်လာစရာ ရှိပါတယ်။ ဒီစစ်မီးကို မေတ္တာရေစင် သဘောထားနဲ့ပဲ ငြှိမ်းသတ်နိုင်ပါလိမ့်မယ်။ လူမျိုးစုံပြည်သူတွေရဲ့ ငြိမ်းချမ်းအေးမြတဲ့ မေတ္တာရေစင်ကိုလည်း လှည့်စားကောက်ကျစ်တဲ့ ဖိနှိပ်ချေမှုန်းရေး နည်းနာနဲ့ အရမယူနိုင်ပါဘူး။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ပြေလည်မှု မရသလို၊ ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ကို မှတ်ပုံတင်ခွင့် ချမပေးဝံ့တဲ့ သဘောထားမျိုးနဲ့တော့ မြင့်မြတ်တဲ့ ငြိမ်းချမ်းရေး ပန်းမြတ်တော်ဝင်ကို လှမ်းချူရယူချင်လို့ မရပါဘူး။
“ယခုအခါ ပြည်ထောင်စု နိုင်ငံတော်ကြီးတွင် ဘယ်ခေတ်အခါကနှင့်မျှ မတူသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရရှိနေပြီ ဖြစ်ပါသည်” ဆိုတဲ့ စကားကတော့ စစ်အစိုးရက ကိုယ့်ဘာသာကိုယ် လှည့်စားပြီး သာယာနေတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစုံကတော့ လက်တွေ့ဘဝမှာ အမှန်တကယ် ထင်ဟပ်တဲ့၊ ငြိမ်းချမ်းအေးမြတဲ့ မေတ္တာရေစင်ကိုပဲ တောင့်တနေတာ ဖြစ်ပါတယ်။ အကြမ်းဖက်နည်းနာနဲ့တော့ ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်မှန်း ကောင်းကောင်းကြီး သိနေနှင့်ပြီးသား ဖြစ်ပါကြောင်း …။ ။
တူမောင်ညို
ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=5224:2010-05-11-10-39-33&catid=3&Itemid=4
Wednesday, May 12, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment