Wednesday, May 12, 2010

တရားဥပဒေ စိုးမိုးရေး

ကျနော်တို့ ဗမာပြည်မှာနေတုန်းက တရားဥပဒေစိုးမိုးရေးဆိုတဲ့စကားကို မကြာခဏကြားရပါတယ်။ တရားဥပဒေဖောက်ဖျက်ပြီး အာဏာသိမ်းထားတဲ့ဗိုလ်ချုပ်တွေဟာ နှစ်ပေါင်း နှစ်ဆယ်လောက်ကြာအောင် ဗမာပြည်ကို တရားဥပဒေမဲ့ အုပ်စိုးနေကြပါတယ်။ အဲသလို တရားမဲ့သူတွေက ပြောတဲ့စကားပါ။
“စည်းကမ်းရှိတဲ့ ဒီမိုကရေစီ”လို့ တဖွဖွပြောနေကြတဲ့ ဗမာစစ်ဗိုလ်ချုပ်တွေက အငြိမ်းစား (ပင်စင်) ယူရမယ့် အချိန်မှာ မယူဘဲ စည်းကမ်းမဲ့ အုပ်ချုပ်နေကြပါတယ်။ ဒီကြားထဲက ဗိုလ်ရွှေမန်းက “ဥပဒေအထက်က ဘာမှမရှိဘူး”လို့ ကယောင်ကတန်း ထအော်ပြန်ပါသေးတယ်။ ဒါကလည်း ဥပဒေအထက်မှာ ဘယ်သူမှမရှိမှ သူတို့စစ်ဗိုလ်ချုပ်တွေချည်း ကင်းကင်းရှင်းရှင်း တက်ထိုင်ဖို့ပြောဒါ နေမှာပါပဲလို့ ကောက်ချက်ချပြီး နေရပါတော့တယ်။
ဒီလို ဥပဒေမဲ့လုပ်နေပုံတွေကို တစိမ့်စိမ့်နဲ့တွေးရင်း “တွေးမိတိုင်း စိတ်နာတယ်၊ မအိပ်တာလေး ညအလင်း” လို့  ဆိုတဲ့ ဦးပုညရဲ့ တေးထပ် တပိုင်းတစကိုပဲ ထပ်ထပ်ပြီး ရွတ်ဆိုနေရပါတယ်။ ဒီနေ့က ၂၀၁၀ ပြည့်နှစ် မေလ ၅ ရက်ပါ။ ဒီနေ့ထုတ် နယူးယောက် တိုင်းမ် (စ်) သတင်းစာကြီးကို ကောက်ကြည့်လိုက်တော့ အဖုံးမှာ နယူးယောက် မြို့လယ်ကောင်မှာ မေ ၁ ရက် (စနေနေ့) က ဗုံးဖောက်ခွဲဖို့ ကြံစည်လုပ်ဆောင်ခဲ့တဲ့ တရားခံကို မေ ၄ ရက် (အင်္ဂါနေ့) က ဖော်ထုတ် ဖမ်းဆီးနိုင်ပြီဖြစ်ကြောင်း သတင်းကြီးကို ရောင်စုံဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ဖော်ပြထားတာ တွေ့လိုက်ရပါတယ်။ ဒီအမှုကို အမှုဖြစ်ပွားပြီး ၅၃ နာရီနဲ့ မိနစ် ၂၀ အကြာမှာ တရားခံကို ဖော်ထုတ်ဖမ်းမိလိုက်တယ်လို့ ကြေညာပါတယ်။ အတွင်းမှာ သတင်းအပြည့်အစုံ ၄ မျက်နှာတောင် ရှိပါတယ်။
ဗုံးဖောက်ခွဲဖို့ ကြိုးစားတဲ့နေရာက နယူးယောက်မြို့လယ်ကောင် လူအစည်ကားဆုံးနေရာဖြစ်တဲ့ “တိုင်းမ် စကွဲယား” မှာပါ။ နီဆန်းကားဟောင်းတစီးပေါ်မှာ လက်ဖြစ် ဖောက်ခွဲကိရိယာကို စနက်တံ မီးရှို့ထားနေတုန်းမှာ မီးခိုးတွေအူပြီး ထွက်လာတာကို မြင်လိုက်တဲ့ လူက သတင်းပေးလို့ ရဲက အချိန်မီ အရေးယူ ဆောင်ရွက်လိုက်တာနဲ့ ဗုံးဖောက်ခွဲတာ မအောင်မြင်လိုက်ပါဘူး။  အောင်မြင်သွားရင်တော့ လူစည်ကားတဲ့နေရာဖြစ်လို့ ကမ္ဘာလှည့်ခရီးသည်တွေရော၊ အမေရိကန် အရပ်ရပ်က ခရီးသည်တွေရော အစုလိုက် အပြုံလိုက် သေဆုံးကြမှာ မလွဲပါဘူး။
ဗုံဖောက်ခွဲဖို့ အားထုတ်သူ တရားခံက ပါကစ္စတန်နိုင်ငံဖွား အသက် ၃၀ အရွယ်ရှိ မစ္စတာ ရှာဇဒ် ဆိုသူဖြစ်ပါတယ်။ အမေရိကားကို ကျောင်းသားဗီဇာနဲ့ ရောက်လာပြီး ကော်လိုရာဒိုဖွား အမေရိကန်မတဦးနဲ့ လက်ထပ်ခွင့်ရတဲ့အခါ အမေရိကန်နိုင်ငံသားအဖြစ် ခံယူလိုက်ပါတယ်။ ခု သူနေတာက ‘ကွန်နက်တီကပ်” မှာပါ။ သူ့ဇနီးနဲ့ ကလေး နှစ်ယောက်ကိုတော့ သူ ပါကစ္စတန် အလည်ပြန်တုန်းက ခေါ်သွားပြီး ပါကစ္စတန်မှာပဲ ထားခဲ့ပါတယ်။ သူကတော့ ပါကစ္စတန် တာလီဘန် အကြမ်းဖက် အုပ်စု တစုရဲ့ အဖွဲ့ဝင် အဖြစ်နဲ့ ဗုံးဖောက်ခွဲမှု လက်တွေ့သင်တန်း တက်ခဲ့ပြီး အမေရိကားကို တဦးတည်း ပြန်လာခဲ့ပါတယ်။
တရားခံကို အက်ဖ်ဘီအိုင် ထောက်လှမ်းရေးအဖွဲ့နဲ့ ‘နယူးယောက် ရဲအဖွဲ့” က ပူးပေါင်း ရှာဖွေပါတယ်။ သဲလွန်စကို ဗုံးဖောက်ခွဲ ကိရိယာတွေ တင်ထားတဲ့ ကားက စပြီး ရပါတယ်။ ကားရောင်းသူကို ရှာတော့ ကော်လိုရာဒိုမှာပဲ တွေ့ရတယ်။ သူ့ကားကို အင်တာနက်မှာ အရောင်းကြော်ငြာတင်ပြီးထားတာကို တရားခံက ဖုံးဆက်မေးပြီး ၀ယ်သွားကြောင်းသိရတယ်။ သူ့ဖုံးနံပါတ်က ကားရောင်းသူ အမျိုးသမီးဆီမှာ ရှိနေသေးတယ်။ အဲဒီနံပါတ်ကို လိုက်ရှာတော့ ဖုံးပိုင်ရှင် တွေ့တယ်။ ဖုံးထဲမှာ ပါကစ္စတန်နဲ့ အဆက်အသွယ်လုပ်ထားတာတွေလည်း တွေ့ရပါသေးတယ်တဲ့။
ပါကစ္စတန်အစိုးရနဲ့ အမေရိကန်အစိုးရက အကြမ်းဖက်သမား ထောက်လှမ်းချေမှုန်းရေးကိစ္စကို ၂၀၀၁ ခုနှစ်ကတည်းက ပူးတွဲလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပါကစ္စတန် အကြမ်းဖက်သမားတချို့ အဖမ်းခံရတဲ့သတင်းက တရားခံ “ရှာဇဒ်” ပြေးရင်းလွှားရင်း ကြားနေရတော့ သူလည်း အမေရိကားကနေ လေယာဉ်နဲ့ ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ ကနေဒီလေယာဉ်ကွင်းမှာပဲ အဖမ်းခံလိုက်ရပါတယ်။ သူ့ကို စစ်ဆေးတဲ့အခါ သူဟာ ဗုံးဖောက်ခွဲနည်းပညာကို ပါကစ္စတန် တာလီဘန်အကြမ်းဖက် ဂိုဏ်းမှာ သင်တန်းတက်ခဲ့ကြောင်း၊ ခု ဖောက်ခွဲဖို့ အားထုတ်ရာမှာတော့ သူတစ်ယောက်တည်းသာဖြစ်ကြောင်း ပေါ့ပေါ့ပါးပါးပဲ ချက်ချင်း အဖြေပေးခဲ့ပါတယ်။
ဒီအမှုကို ထောက်လှမ်းစုံစမ်းရာမှာ မြို့တော်ဝန်ရော ရဲချုပ်ကြီးတို့ပါ အစအဆုံးကြီးကြပ်ခဲ့ကြပြီး သတင်းအားလုံးကို ပြည်သူလူထုကိုရော ကမ္ဘာ့ပြည်သူတွေကိုပါ ရုပ်မြင်သံကြားသတင်းဌာနတွေကရော သတင်းစာတွေကပါ အပြည့်အစုံ ပြန်ကြား ပြောဆိုခဲ့ကြပါတယ်။ ဒီအမှုကို လိုက်ရတာ အားလုံး ၅၃ နာရီနဲ့ မိနစ် ၂၀ သာအချိန်ယူခဲ့ရပါကြောင်းက အစပြုပြီး ရှင်းပြပါတယ်။ မြို့တော်ဝန်က တိုင်းမ်စကွဲယားမှာ လုံခြုံရေးကင်မရာ ၈၀ ကျော်ရှိတာကို ၁၀၀ ကျော်ထိအောင်တိုးဖို့ အဆုံးအဖြတ်ပေးပါတယ်။ အမှုဖော်ထုတ်ရေးမှာ လုံခြုံရေးကင်မရာတွေကလည်း အထောက်အကူ ပြုခဲ့ပါသတဲ့။
အမေရိကန်ပြည်ထောင်စုမှာက အဲသလို တရားဥပဒေစိုးမိုးရေးကို အမှန်တကယ် ကြိုးစားအားထုတ်ပါတယ်။ အမှုလိုက်ရင်း ရဲအရာရှိတွေ မှားယွင်းချွတ်ချော်ရင်လည်း ဥပဒေကြောင်းအရ ချက်ချက် အရေးယူပါတယ်။ သူတို့မှာ  “ရဲသား” ရယ်လို့ မရှိ။ အားလုံး ဘွဲ့ရပြီးမှ သင်တန်းတက်ထားတဲ့ အရာရှိတွေချည်း ဖြစ်ပါတယ်။
ဥပဒေကျူးလွန်လို့ကတော့ သမ္မတ၊ မြို့တော်ဝန်၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်၊ ရဲမှူး၊ ရဲချုပ်၊ တရားသူကြီးပါမကျန် အရေးယူခံရပါတယ်။ ကျနော်တို့ မျက်မှောက်မှာပဲ Governor တဦးကို ပြည့်တန်ဆာအိမ် သွားမှုနဲ့ အရေးယူခဲ့ပါတယ်။ တရားသူကြီးတွေ လာဘ်စားမှုနဲ့ ထောင်ချခံရတာတွေလည်း တွေ့ရဖူးပါတယ်။ ရာဇ၀တ်ပြစ်မှု တခုခုကိုသာ ကျူးလွန်လို့ကတော့ ဘယ်လောက် ကြီးတဲ့ “အကောင်” ပဲဖြစ်ဖြစ် ကမ္ဘာကျော်အောင် အရေးယူခံရမှာ မလွဲပါဘူး။ “တရားဥပဒေ အထက်မှာ ဘာမှမရှိဘူး”လို့ ရဲရဲ ကြေညာနိုင်ပါတယ်။
ဗမာပြည်မှာ သင်္ကြန်တွင်းက ရန်ကုန် သင်္ကြန်မဏ္ဍ့ပ်တခုမှာ  ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားပြီး လူတွေ အမြောက်အများ သေကြ ဒဏ်ရာရခဲ့ပါတယ်။ ဗမာပြည် စစ်အစိုးရက အမေရိကန်တွေလို ၅၃ နာရီတောင် မကြာဘဲ “ဒါဟာ ပြည်ပြေးတွေ ဖောက်ခွဲလုပ်ကြံတာ၊ ကျောင်းသား တပ်မတော်က လုပ်ကြံတာ” စသဖြင့် ထုံးစံအတိုင်း ချက်ချင်း “ဖော်ထုတ်” ခဲ့ကြပါတယ်။ ဒီလို အောက်တန်းစား ပြုည်သူတွေ လုပ်ကြံခဲ့ရတဲ့ အမှုမျိုးကို မြို့တော်ဝန်တို့၊ ရဲချုပ်တို့က ဘယ်တော့မှ အလုပ်ရှုပ်မခံပါဘူး။
အများပြည်သူတွေရဲ့ ယူဆချက်ကတော့ ဗိုလ်ချုပ်တွေဟာ သူတို့ စွန့်ပစ်ထားခဲ့တဲ့ မြို့တော်ဟောင်းမှာ စည်ကားတာကို မရှုဆိတ်ဘူးတဲ့ ဒါကြောင့် သင်္ကြန်ရက်အတွင်းမှာ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အဆိုကျော်တွေကို ကြပ်ပြေးမြို့တော်မှာ ခေါ်ယူထားပြီး ပြန်မလွှတ်ဘဲ ထားပါသတဲ့။ ရထားလမ်း၊ ကားလမ်းတွေတောင် ပိတ်ထားလိုက်သေးတယ် ဆိုပဲ။ ဒါကြောင့် ရန်ကုန်ဟာ သင်္ကြန်ကာလမှာ သုသာန်တစပြင်လို ဖြစ်ကျန်ရစ်ပါသတဲ့။ ဒီအမှုမှာ ၅၃ နာရီမပြောနဲ့ ၅၃ နှစ်ကြာတောင် ဖော်ထုတ်မှာ မဟုတ်ပါဘူး။ အတွင်းရေးမှုး (၂) ဗိုလ်ချုပ်တင်ဦးကို လုပ်ကြံတာ ခုထက်ထိ လက်သည်မပေါ်ပါဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်တင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းဘက်မှာ လမ်းဖြတ်လုပ်ကြံတာရော ဘယ်သူတွေလဲ။
သူများတွေ ၅၃ နာရီ စုံစမ်းဖော်ထုပ်တဲ့အလုပ်ကို ဗမာစစ်ဗိုလ်ချုပ်တွေက ၅၃ နှစ် အချိန်ယူပါလိမ့်မယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေတို့ အနားကိုတော့ ဘယ်ယင်ကောင် အနားခံမှာ မဟုတ်ပါဘူး။ ယင်ကောင်တွေမွေးပြီး လွှတ်တဲ့ တရားခံကို ချက်ချင်း စုံစမ်း အရေးယူမယ်ဆိုတာ သေချာပါတယ်။
            တရားဥပဒေ ဘယ်မှာလဲ။ တရားဥပဒေ အထက်က ဘယ်သူတွေရှိသလဲ။
         အဖြေပေးရရင်တော့ အထက်မှာရော အောက်မှာရော ဘယ်သူမှ မရှိ။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေဆိုတာ မရှိမှ မရှိပဲကိုး။
            ကျနော် မောင်စွမ်းရည်ပါ။ မောင်စွမ်းရည်ရဲ့ အထက်မှာတော့ ကြည်လင်တဲ့ ကောင်းကင်ကြီး ရှိလေရဲ့။

မောင်စွမ်းရည်။
(၂၀၁၀၊ မေ၊ ၅)

ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment