Sunday, May 9, 2010

ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံနေရာများတွင် အပူလှိုင်းကြီး၊ လူသေပျောက်မှုရှိ

၂၀၁၀ နှစ်ဆန်းကတည်းက ရန်ကုန်မြို့တွင် အပူချိန်မှာ မြင့်တက်လာခဲ့ရာ ယခု နွေရာသီ ကာလတွင် အဆိုးဝါးဆုံးဖြစ်သည်ဟု မြို့ခံတို့က ဆိုသည်။ မနက်ခင်းတွင် အပူချိန် ၁၀၀ ကျော်မှ နေ့လည် ၂ နာရီတွင် အပူချိန် ၁၁၀ မှ ၁၁၄ ရှိသည်ဟု သိရသည်။ ညနေဖက်တွင် အပူချိန်လျော့သွားသော်လည်း အေးမြသွားခြင်း မရှိဘဲ အပူချိန် ၉၀ နှင့် ၁၀၀ ကြား တန်းနေသည်။
        ရေချိုးခြင်း၊ ရေသောက်ခြင်းနှင့် အပူတွင်းမှ အအေးသို့ အကူးအပြောင်းကို ဆင်ခြင်မှုမရှိပါက အပူဟပ်ပြီး ဦးနှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်သည်ဟု အများအားဖြင့် သိကြသော်လည်း အချို့မှာ မခံမရပ်နိုင်လွန်းသဖြင့် အနေအထိုင် မဆင်ခြင်မှုကြောင့် အသက်အန္တရာယ်များ ထိခိုက်ကြသည်ဟု ဆိုသည်။

“မနက်က အပူတောထဲက ပြန်လာပြီး ရေခဲရေတွေ သောက်၊ ဂုတ်တွေ မျက်နှာတွေကို စွတ်၊ နောက်မကြာဘူး၊ လေဖြတ်သွားတယ်။ အခု ဆေးခန်းမှာ သွားတင်ထားရတယ်” ဟု မြို့ခံ၏ အလုပ်သမားတဦး၏ ဇနီးက ပြောကြားသည်။ အစိုးရသတင်းစာများတွင် နေပူပြင်းချိန်များတွင် အများပြည်သူတို့ ဆင်ခြင်ကြရန် သတိပေးချက်များ၊ ထုတ်ပြန်ခြင်း မတွေ့ရကြောင်း၊ မိမိ အိမ်နီးချင်း လူမှုရေး စေတနာ့ဝန်ထမ်းတို့က အပူပြင်းချိန်တွင် ဂရုစိုက်ကြရန်၊ မီးမပေါ့ဆကြရန် အချင်းချင်း သတိပေး နေထိုင်နေရကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့ မြို့ထဲလမ်းမများတွင် အများမြင်နိုင်ရန် တတ်ဆင်ထားသော အပူချိန်ပြ ဆိုင်းဘုတ်များမှာ အပူချိန်အတိအကျ မပြဘဲ လွဲမှားမှုများ ရှိသည်ဟု လူငယ်တဦးက မိုးမခသို့ ပြောကြားသည်။

“မီးတွေ ရေတွေကလည်း ထုံးစံအတိုင်း မလာဘူး။ ရာသီဥတုကလည်း ကပ်ဆိုက်သလို ဖြစ်နေတယ်။ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ။ ရန်ကုန်က ခင်ဗျားတို့က သတင်းပေးနိုင်သေးတယ်။ နယ်မှာ ဘယ်လောက်ဆိုးသလဲ ကျနော် မခန့်မှန်းတတ်ဘူး။ ပဲခူးက လမ်းပြကြယ် အစုအဖွဲ့တွေကတော့ ရေတွေ လိုက်လှူနေတယ် ပြောတယ်။ နယ်က လုပ်ငန်းရှင်တွေက လှူကြတယ် ပြောတယ်”

ဟု ၎င်းက ပြောသည်။

ဝိကလီအလဲဗင်း စာစောင်တွင် ရှမ်းပြည် အင်းလေးကန်တွင် အချို့နေရာများ၌ ရေများ ခန်းခြောက်လျက်ရှိပြီး ဂေဟစနစ်များ ပျက်စီးနေသည်မှာ ထင်ရှားသည်ဟု ရေးသားထားသည်ကို တွေ့ရသည်။



ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment