Sunday, May 9, 2010

ပြည်ထောင်စု ဒီမိုကရေစီ ပါတီမှ ကြံ့ဖွံ့ပါတီခေါင်းဆောင်များ အစိုးရအဖွဲ့အားခေါင်းဆောင်နေခြင်းကို သဘာဝမကျဟု ကော်မရှင်အား စာရေးသား တင်ပြ

လွန်ခဲ့သည့် သီတင်းပတ်က ရွေးကောက်ပွဲ ကော်မရျင်ထံ ပါတီတည်ထောင်ခွင့် ပြုရေန် လျှောက်ထားခဲ့သည့် ကြံ့ဖွံ့ပါတီခေါင်းဆောင်များ နအဖ အစိုးရအဖွဲ့တွင်ရာထူး ဆက်လက်ရယူ ထားခြင်းနှင့် ကြံ့ဖွံ့ပါတီနှင့် အသင်းကွဲကွဲပြားပြား မရှိခြင်းအပေါ် ပြည်ထောင်စု ဒီမိုကရေစီပါတီမှ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယခုကဲ့သို့ ကြံ့ဖွံ့ပါတီ တည်ထောင်ခွင့်လျှောက်ထားရာတွင် အစိုးရအဖွဲ့မှ လက်ရှိအာဏာရယူထားသူများ ပါဝင်နေခြင်းကို စာထုတ်ပြီး သဘောထား ထုတ်ဖေါ်ရာတွင် ဦးရွှေအုံး ခေါင်းဆောင်သည့် ပြည်ထောင်စု ဒီမိုကရေစီပါတီသည် ပထမဦးဆုံးဖြစ်သည်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ ထုတ်ပြန်ချက်ထဲတွင် ကြံ့ဖွံ့ပါတီကို လက်ရှိ ၀န်ကြီးချုပ်ရာထူး ယူထားသည့် အစိုးရအဖွဲ့ဝင်များက ဦးဆောင်ခြင်းသည် နိုင်ငံတော်ဘဏ္ဍာကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်းသုံးစွဲနေသည့်  နိုင်ငံဝန်ထမ်းများ ဖြစ်နေသည့် အချက်ကို ထောက်ပြထားပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန် လက်ရှိ ၀န်ကြီးချုပ်ရာထူး၊ ၀န်ကြီးရာထူး ရယူထားသူများ အနေဖြင့် ကြံ့ဖွံ့ပါတီဝင် မဖြစ်စေရန် အထူးအရေးကြီးသည်ဟု ဖေါ်ပြကာ နအဖ အစိုးရအဖွဲ့အနေဖြင့် ကြားဖြတ်အစိုးရအဖွဲ့တဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးရန်လည်း အကြံပြုထားသည်။
လက်ရှိအုပ်ချုပ်သည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပါတီထောင်ကာ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အချက်သည် နအဖ အစိုးရက ရေးဆွဲခိုင်းခဲ့သည့် ရွေးကောက်ပွဲ ဥပဒေနှင့် မကိုက်ညီကြောင်း ရွေးကောက်ပွဲ ဥပဒေ အကိုးအကားများဖြင့် တင်ပြထားသည်ကိုလည်း တွေ့ရသည်။

ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment