Friday, April 30, 2010

“နှာစေးမပစ်လိုက်ကြစေလိုပါ”

နိုင်ငံရေးကိုစိတ်ဝင်စားပြီး နိုင်ငံရေးအသိပညာရှိတဲ့သူတွေ၊ အမှန်တရား၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးကို လိုလား တောင့်တ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအတွေ့အကြုံရင့်ကျက်သူ ဝါရှိသူတွေအနေနဲ့ ကိုယ်ကကိုယ့်ဆန္ဒအလျှောက် ကိုယ့်အ မြင်ကိုယ့်အတွေးကို ဖော်ထုတ်ပြောဆိုတာပဲဖြစ်ဖြစ် သတင်းစာနယ်ဇင်းတွေက မေးမြန်းလာလို့ အဖြေပေးပြောဆိုရတဲ့အခါပဲဖြစ်ဖြစ် သတိကြီးကြီးထားသင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံရေးအသိပညာရှိသူတွေအတွက်က စဉ်းစားတွေးခေါ် အချက်အလက်ရှာဖွေ လေ့ လာ အကဲဖြတ်လို့ရနိုင်ပေမယ့် နိုင်ငံရေးအသိပညာ ဘဝအရ အခြေအနေအရ အားနည်းသူ မရှိသူတွေဖြစ်တဲ့ သာမန်အခြေခံပြည်သူ လူထုကြီးကို အမှားအမှန်ရွေးချယ်ဆုံးဖြတ်ဖို့ ခက်ခဲသွားစေတဲ့ တွေဝေသွားစေနိုင်တဲ့ အပြောအဆိုမျိုးကိုတော့ အထူးသဖြင့် ခုလို မြန် မာနိုင်ငံအတွက် အရေးကြီးတဲ့အခြေအနေမျိုးမှာသတိထား ရှောင်ရှားသင့်တယ်လို့ ယူဆပါတယ်။

ဒီဆောင်းပါးကို ရေးဖြစ်ဖို့ စေ့ဆော်ပေးလိုက်တာကတော့ ဒီဗွီဘီ အင်တာနက်စာမျက်နှာမှာ 12th April 2010 နေ့စွဲနဲ့ ဖော်ပြထားတဲ့ “ရွေးကောက်ပွဲပညာပေးရေးလုပ်မှ ဖြစ်မည်ဟု အမျိုးသားရေး ဦးဝင်းနိုင် ကပြောဆို” ဆိုတဲ့ သတင်းတိုလေးပါ။ ပြည်ပအခြေစိုက်စာ နယ်ဇင်းဆရာနှစ်ဦးရဲ့ ဆောင်းပါးနှစ်ပုဒ်ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဖတ်လိုက်ရပါသေးတယ်။ ပြည်ပအခြေစိုက်ဖြစ်တဲ့အ တွက် ပြည်တွင်းက အခြေခံပြည်သူလူထုကြီးအတွက် သက်ရောက်မှုသိပ်မရှိနိုင်တဲ့အတွက် ဆောင်းပါးရေးဖို့အထိ စိတ်မပါခဲ့ပါဘူး။ ကျနော် အထက်မှာတင်ပြခဲ့တဲ့ သတင်းကတော့ မတော်တဆ ပြည်တွင်းစာနယ်ဇင်းတစောင်စောင်က ဖော်ပြခွင့်ရလို့ ဖော်ပြလိုက် မယ်ဆိုရင် သာမန်အခြေခံပြည်သူလူထုအတွက် မကောင်းတဲ့သက်ရောက်မှုရှိနိုင်တဲ့အတွက် ရေးဖြစ်သွားတာပါ။ အဲဒီ သတင်းအရ ပြည်သူလူထုကို ရွေးကောက်ပွဲ ပညာပေးရေးလုပ်မှဖြစ်မယ်လို့ အမျိုးသားရေး ဦးဝင်းနိုင်ကပြောတာကတော့ ပြသနာမရှိပါဘူး။ ပညာ ပေးရေးလုပ်တာကကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုပညာတွေကိုပေးမှာပါလဲ။ ပြည်တွင်းနိုင်ငံရေး အခြေအနေကို နားလည်သိမှီ သူတွေရော ပြည်သူလူထုကြီးက ယုံကြည်အပ်နှံထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရော စစ်အစိုးရထုတ်ပြန်ကြေငြာလိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေဟာဘာ၊ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဘာ ဆိုတာကို ပြတ်ပြတ်သားသား သိမြင်နားလည် သဘော ပေါက်ပြီးဖြစ်သလို ပြည်သူလူထုကိုလည်း သူတို့ရဲ့ထင်မြင်ချက်နဲ့သဘောထားကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဖော်ပြပြော ဆိုပြီးဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့နိုင်ငံအတော်များများက အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ သံတမန်တွေကလည်း စစ်အ စိုးရရဲ့ ရွေးကောက်ပွဲဥပဒေဟာ ဒီမိုကရေစီ အခြေခံမူတွေနဲ့မကိုက်ညီဘူး တရားမျှတမှုမရှိဘူးလို့ ဝေဖန်ပြောဆိုထားခဲ့ကြပြီး ဖြစ်ပါ တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်နဲ့ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နဲ့ စာရေးဆရာ သတင်းစာဆရာကြီးဦးဝင်းတင် တို့ကလည်းသူတို့ရဲ့ သဘောထားအမြင်ကို လူထုကိုဖော်ထုတ်ပြောဆို ပြီးဖြစ်ပါတယ်။ လူထုကိုရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ မဲမပေးဖို့ပြောရမှာပဲလို့ ပြောပြီးဖြစ်ပါတယ်။ စစ်အစိုးရရဲ့ရွေးကောက်ပွဲဥပဒေဟာ တရားမျှတမှုမရှိဘူး၊ ထပ်လုပ်မယ့် ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာ ဘာကိုဦးတည်ရည်ရွယ်တယ် စတဲ့မှန်ကန်တဲ့ နိုင်ငံရေးအသိပညာကို ပေးကြရပါလိမ့်မယ်။ ပေးဖို့လည်းတာဝန်ရှိပါတယ်။

ခု အမျိုးသားရေးဦးဝင်းနိုင် ပြောလိုက်တာက “ကျနော်တို့က ရွေးကောက်ပွဲ ထောက်ခံတာ မထောက်ခံတာ ကျနော်တို့ဘာမှပြော စရာ မလိုဘူး။ တကယ်လို့ ရွေးကောက်ပွဲမဖြစ်ရင်လည်း ကျနော်တို့ပြောစရာမရှိဘူး။ ဖြစ်ရင် တိုင်းပြည်အတွက်အကောင်းဆုံးဖြစ်မလဲ၊ အ ဆိုးဆုံးထဲက အကောင်းဆုံးဖြစ်နိုင်တဲ့နည်းလမ်းတွေကို ကျနော်တို့က ရှာကြံပြီးပေးတာပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ ဆန္ဒ မဲပေးကြတုံးက ဒါမျိုး ကျနော်တို့မရလိုက်ဘူး။ အဲတော့ လူထုဟာသိပ်နာတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က တကယ်လို့ဖြစ်လာရင် ကျနော်တို့က လုပ်ပေးမယ်။ ကျနော်တို့ ထောက်ခံခြင်းမထောက်ခံခြင်းသည် ကျနော်တို့ အလုပ်မဟုတ်ဘူး” လို့ပြောလိုက်တာပါ။ စစ် အစိုးရရဲ့ ၂ဝဝ၈ အခြေခံဥပဒေနဲ့ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေအရ ကျနော်တို့ရဲ့ ပြည်သူလူထုဟာ ဘာအကောင်းဆုံးရ နိုင်မယ်လို့ ဦးဝင်းနိုင် ထင်ပါသလဲ။ ဦးဝင်းနိုင်အနေနဲ့ တရားမျှတမှု မရှိ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ကျင်းပ ပေးမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာကို ထောက်ခံတယ် မထောက်ခံဘူးဆိုတာလောက်ကိုတောင် ပြည်သူလူထုကို ထုတ်ဖော်ပြော ဆိုဖို့ အနည်းဆုံးတာဝန်ရှိတယ်လို့ မယူဆတော့ပါဘူးလား။ ဒါတော့မတရားဘူး ဒါတော့တရားတယ်ဆိုတာ ပြည်သူလူထုကိုပြောဖို့ တာ ဝန်ရှိတယ်လို့မထင်တော့ ပါဘူးလား။ သိပ်မကြာခင်ကပြောခဲ့တဲ့ ဒီမိုကရေစီရမယ်လို့လည်းမထင်တော့ဘူး၊ နိုင်ငံရေးဆက်မ လုပ်တော့ဘူး ဆိုတာကတော့ကိုယ့်ရဲ့ ကိုယ်ပိုင်အယူအဆ ဆုံးဖြတ်ချက်ပါ။ အဲဒီလိုထင်တာတွေ ဆုံးဖြတ်တာတွေအတွက် ပြောစရာ အကြောင်းမရှိပါဘူး။ ပြည်သူလူထုအတွက်လည်း ပြဿနာမရှိပါဘူး။

ဘာဒီမိုကရေစီကိုမှ မပေး ဘာစည်းမျဉ်းဥပဒေကိုမှ လေးစားလိုက်နာမှုမရှိ၊ ဘယ်သူဝေဖန်ပြောဆိုတောင်းဆိုတာတွေကိုမှ ဂရုမစိုက် ဘဲ သူတို့စစ်အာဏာတည်မြဲရေးအတွက် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ အစိုးရမျိုးဆီက ဟောပြောခွင့် ပညာပေးခွင့်တောင်းကြည့်မယ်ဆို တာဟာ အသိတရားရှိရာရောကျပါသလား။ ၂ဝဝ၈ ခုနှစ် စစ်အခြေခံဥပဒေနဲ့ စစ်အာဏာရှင်စနစ်နဲ့ တတိုင်းပြည်လုံးကို တရားဝင် ကျွန်ပြုခွင့်ရအောင်လုပ်မယ့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲက မြန်မာပြည်သူလူထုအတွက် အကောင်းဆုံးတခုခုရနိုင်စရာများ ရှိပါသေး သ လား။ အမှန် အမှား တရား မတရား သိထားတဲ့သူတယောက်ဟာ အမှန်တရားဘက်ကရပ်တည်ဖို့ အမှန်တရားအတွက်ခုခံပြောဆို ဖို့ တာဝန်မရှိပါဘူးလား။ အထူးသဖြင့် အသက်အရွယ်ရလာပြီဖြစ်တဲ့ နိုင်ငံရေးသမားကြီးတွေကို သေသည်အထိ သမိုင်းကြောင်း ကောင်းစေချင်ပါတယ်။ အမှန်တရားဟာ ပြည်သူလူထုနဲ့ အတူရှိနေပါတယ်။ ပြည်သူလူထုဘက်က ရပ်တည်တာဟာ အမှန်တရား ဘက်က ရပ်တည်တာပါပဲ။ အမှန်တရားကိုရဲရဲထောက်ခံ၊ မတရားမှုကိုရဲရဲဆန့်ကျင်သွားမယ်ဆိုရင် သမိုင်းကြောင်းဟာ လှပနေမှာ အ သေအချာပဲ ဖြစ်ပါတယ်။

အဓမ္မဟာ ဓမ္မကို ထာဝရ အနိုင်ရ အောင်ပွဲခံ သွားရိုးမရှိပါဘူး။

စိုးနေလင်း

ရင်းမြစ်။ ။နေ့သစ်

0 comments:

Post a Comment