Thursday, March 11, 2010

နယ်အဖွဲ့ချုပ်ရုံးများကို စစ်အစိုးရက ပြန်လည်ဖွင့်လှစ်ပေး


ရန်ကုန်တိုင်းအပါအဝင် အခြားပြည်နယ်နှင့် တိုင်းများရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးများကို (နအဖ)စစ်အစိုးရက ယမန်နေ့၊ မတ်လ (၁၀) ရက်နေ့ ညနေပိုင်းမှစပြီး ပြန်ဖွင့်ပေးခဲ့သည်။

အဆိုပါရုံးများ ပြန်ဖွင့်ပေးတာဟုတ်မှန်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဉာဏ်ဝင်းက "ကျနော်သိရတာကတော့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်းမှာ အင်းတော်၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ ရှမ်းပြည်မြောက်ပိုင်းက (၁၁) မြို့နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ နောက် ပဲခူးတိုင်း၊ ပဲခူးမှာက ပြည်၊ ပေါင်းတည်၊ တောင်ငူ၊ မော်လမြိုင် အဲဒီနယ်တွေမှာ သူတို့ကို ဖွင့်ပေးမှ သူတို့က အကြောင်းကြားလို့ သိတာ" ဟု ပြောသည်။

ခရမ်းမြို့နယ် (NLD) အဖွဲ့ချုပ်ရုံးခရမ်းမြို့နယ် (NLD) အဖွဲ့ချုပ်ရုံး
ယခုကဲ့သို့ စစ်အစိုးရအနေဖြင့် (NLD) နယ်ရုံးများကို ပြည်လည် ဖွင့်ပေးနေသည်ဆိုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးသို့ တစုံတရာ အကြောင်းကြားခဲ့ခြင်းမရှိဘဲ နယ်မြို့များမှ အဖွဲ့ဝင်များ ဆက်သွယ်လာမှ သိရခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် (NLD) ရုံး ဖွင့်လှစ်ခြင်းနဲ့ပတ်သက်၍ အဆိုပါမြို့နယ် စည်းအဖွဲ့ဝင်တဦးက "တောင်ဒဂုံမြို့နယ် (NLD) ရုံးကို မနေ့က ည (၉) နာရီမထိုးခင်မှာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဌ ဦးကိုကိုလှိုင်၊ မြို့နယ်မှူး ဦးတင်မောင်အေးနဲ့ အက်စ်ဘီရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖွင့်ပေးခဲ့တာ ဖြစ်တယ်" ဟု ပြောသည်။

စစ်အစိုးရက ဒီပဲယင်းအရေးခင်းပြီး၂၀၀၃ ခုနှစ်၊ မေလ (၃၁) ရက်နေ့မှစ၍ တနိုင်ငံလုံးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများအား ပိတ်ထားခဲ့ခြင်းဖြစ်သည်။ အကြောင်းပြချက်မခိုင်လုံဘဲ (NLD) ရုံးများအား ပိတ်ပစ်ခဲ့ခြင်းသည် အစကတည်းက မဖြစ်သင့်တဲ့ ကိစ္စဖြစ်ကြောင်းနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် (NLD) ပါတီအား ပါဝင်စေချင်သောကြောင့် လျော့ပေါ့တဲ့ သဘောမျိုးလားဟု စဉ်းစားစရာဖြစ်ကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦဉာဏ်ဝင်းက သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်အဖွဲ့ချုပ်ရုံးကို ပြည်နယ်အာဏာပိုင်များက ယနေ့ မတ်လ (၁၁) ရက်နေ့၊ မနက် (၈) နာရီတွင် ဖွင့်ပေးမည်ဖြစ်ကြောင်း ယမန်နေ့ ညပိုင်းက ရခိုင်ပြည်နယ်အဖွဲ့ချုပ် ယာယီဥက္ကဌနှင့် ပြည်နယ်စည်းအဖွဲ့ဝင်များအား ဆင့်ခေါ်ပြောဆိုခဲ့ပြီး တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် (NLD) ရုံးကိုလည်း မတ်လ (၁၁) ရက်နေ့တွင် မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ ပုံမှန်ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း မယကဥက္ကဌမှ ကော့သောင်း (NLD) ဥက္ကဌအား ယမန်နေ့တွင် ပြောဆိုခဲ့သည်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် (NLD) ရုံးကို ပြန်ဖွင့်ချင်တယ်ဆိုရင် ကော်မရှင်ဥပဒေအတိုင်း ပြန်လည်လျှောက်ထားနိုင်ကြောင်း မတ်လ (၁၀) ရက်နေ့ ညပိုင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးက မြို့နယ် (NLD) ဥက္ကဌကို ဆင့်ခေါ်ပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ် အဖွဲ့ချုပ်ရုံးကိုလည်း ပြည်နယ်အာဏာပိုင်တွေက ယနေ့၊ မတ်လ (၁၁) ရက်နေ့ မနက် (၈) နာရီ ဖွင့်ပေးမည်ဖြစ်ကြောင်း ယမန်နေ့ညပိုင်းက ပြည်နယ်အဖွဲ့ချုပ် ယာယီဥက္ကဌနှင့် ပြည်နယ်စည်းအဖွဲ့ဝင်များအား ပြောဆိုခဲ့သည်။

ထိုသို့ စစ်အစိုးရက (NLD) ရုံးများကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း NLD ပါတီ၏ ရုံးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိ/မရှိကိုမူ အသေအချာ မသိရသေးကြောင်း (NLD) ပါတီဝင်များက ပြောသည်။
 
Thursday, 11 March 2010 11:52 ကောင်းမြတ်ကျော် 
ရင်းမြစ်။ ။ http://www.yoma3.org/index.php?option=com_content&view=article&id=509:2010-03-11-04-55-33&catid=41:2008-09-21-07-44-45&Itemid=124

0 comments:

Post a Comment