Thursday, March 11, 2010

ဘယ်လိုဆုံးဖြတ်မလဲ - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်

“ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့၊ မဝင်ဖို့ဆိုတာ ဒီဥပဒေနဲ့ တည်ပြီးတော့ မဆုံးဖြတ်နိုင်ဘူး။ ကျနော်တို့ ဆုံးဖြတ်မှာက နိုင်ငံရေး တောင်းဆိုချက်တွေမှာ ဘယ်လောက်တုံ့ပြန်မှု ရှိသလဲ၊ နိုင်ငံရေးတောင်းဆိုချက်တွေကို ဘယ်လောက် လိုက်လျောမှု ရှိသလဲ ဆိုတဲ့အပေါ်မှာ တည်ပြီး ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကို ဆုံးဖြတ်မှာပါ။ ဒီဥပဒေဟာ ပါတီရပ်တည်ရေးအတွက် စဉ်းစားဆုံးဖြတ်ဖို့နဲ့ ရွေးကောက်ပွဲ ဝင်၊ မဝင် ဆိုတာကတော့ နိုင်ငံရေး လိုက်လျောမှုပေါ်မှာ တည်တယ်လို့ နှစ်ပိုင်းခွဲ ပြောချင်တယ်” လို့ NLD ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောပါတယ်။ ( ၁ဝ မတ်၊ ခေတ်ပြိုင်နှင့် ဦးဝင်းတင် အင်တာဗျူးမှ ကောက်နုတ်ချက်)

ဦးဝင်းတင် ဘာကိုဆိုလိုချင်တာလဲ။ (ကျနော်) မရှင်းပါဘူး။
နိုင်ငံရေးလိုက်လျောမှုဆိုတာ ဘာကို ပြောချင်တာပါလဲ။

(နအဖ) စစ်အစိုးရက ထုတ်ပြန်ကြေညာလိုက်တဲ့ ဒီဥပဒေ ၂ ရပ်က ဘာမှ မလိုက်လျောတော့ဘူးဆိုတာကို ခပ်ရှင်းရှင်း အဖြေပေးလိုက်တာပဲ မဟုတ်ပါလား။

စစ်အစိုးရ စိတ်ကြိုက်ရွေးချယ် ခန့်အပ်တာဝန်ပေးအပ်မယ့် “ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်” က စစ်အစိုးရ စိတ်ကြိုက်ချမှတ် ရေးဆွဲထားတဲ့ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” ကို ကိုင်စွဲပြီး ဆောင်ရွက်သွားမယ်။ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဆီမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ ပါတီမှတ်ပုံတင်ရမယ်။ ဒါမှသာ ပါတီ တရားဝင် ရပ်တည်ခွင့် ရရှိမယ်။

ဒါကြောင့် ပါတီရပ်တည်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးဟာ တခုထဲပဲ ဖြစ်ပါတယ်။ နှစ်ခုခွဲလို့ မရနိုင်ပါဘူး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုနေတဲ့ နိုင်ငံရေး တောင်းဆိုချက်တွေဆိုတာ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး“ ဆိုတဲ့ အခြေခံအချက်တွေ ဖြစ်ပါတယ်။

ဒါတွေကို စစ်အစိုးရက ဘယ်လောက်လိုက်လျောမှု ရှိခဲ့ပါသလဲ။ လိုက်လျောမယ့် အရိပ်လက္ခဏာ တခုတလေမျှ ဒီ့အရင်ကလည်း မတွေ့မမြင်ခဲ့သလို၊ အခုလည်း မမြင်မတွေ့မိသေးပါဟု ကျနော် ရိုးသားစွာ ဝန်ခံပါရစေ။

တကယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီကို တရားဝင် ဆက်ပြီး ရပ်တည်နိုင်ရေးအတွက် စဉ်းစားမယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို မဖြစ်မနေ ဆောင်ရွက်ရပါလိမ့်မယ်။

၁။ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲရလဒ်နဲ့ ရွှေဂုံတိုင်ကြေညာချက် အပါအဝင် အရင်က နိုင်ငံရေးသဘောထား ရပ်တည်ချက်အားလုံး စွန့်ပယ်ရမယ်။
၂။ ပါတီဝင်တွေထဲက (ဒေါ်အောင်ဆန်းစုကြည် အပါအဝင်) အကျဉ်းကျနေသူတွေ အားလုံးကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ပစ်ရမယ်။
၃။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ကို လေးစားလိုက်နာပါမယ်လို့ ခံဝန်ချက်လက်မှတ် ထိုးရမယ်။
၎။ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ဗိုလ်သန်းရွှေဆီ ပေးစာ (နိုဝင်ဘာ ၁၁ ရက်) ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံနေရတဲ့ ကိစ္စတွေလည်း အလိုလို ရပ်ဆိုင်းသွားမယ်။
၅။ နိုင်ငံတကာနဲ့ ကမ္ဘာ့ကုလသမဂ္ဂက တောင်းဆိုနေတဲ့ အားလုံး ပါဝင်ရေးနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဆိုတာက အဓိပ္ပာယ်ကင်းမဲ့သွားမယ်။

ဘယ်လိုဆုံးဖြတ်မလဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်။

ထွက်ပေါက်ကို ရှာမလား၊ ဖောက်ထွက်မလား။

(မတ်လ ၁၁ ရက်၊ ၂ဝ၁ဝ ခုနှစ်)

တူမောင်ညို 
Thursday, 11 March 2010 19:35

ရင်းမြစ်။ ။www.mazzimaburmese.com

0 comments:

Post a Comment