Friday, March 12, 2010

ကရင်နီဒုက္ခသည်များ အမေရိကသို့ပြောင်းရွေ့အခြေချမှု ပိုမိုများပြားလာ

ကရင်နီဒုက္ခသည်များ အမေရိကသို့ပြောင်းရွေ့အခြေချမှု ပိုမိုများပြားလာ
အင်တာနက်ပေးစာ
မတ် ၁၂၊ ၂၀၁၀
`        ဘန့်မယ့်စူရင်းလို့ ခေါ်တဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ် (၂) မှာ နေထိုင်တဲ့ ဒုက္ခသည် ၁ဝဝဝကျော်ခန့်ကို  ယခုနှစ် ဧပြီလ အကုန်မှာ အမေရိကန်ကို ရွေ့ပြောင်းအခြေချနေထိုင်ဖို့ အတွက် ကရင်နီဒုက္ခသည် စခန်းအမှတ်(၁) ဘန့်မိုင်နိုင်းဆွယ် စခန်းကို အပြီးပြောင်းရွေ့သွားမည်ဟု စခန်းတာဝန်ရှိသူများက ပြောပါတယ်။
ဘန့်မယ့်စူရင်းမှ အမေရိကားသို့ ပြောင်းရွေ့အခြေချလိုသော ဒုက္ခသည်များစာရင်းကို ၂ဝဝ၉ ခုနှစ် အစောပိုင်းမှာ အိုပီအီး (The IRC's Overseas Processing Entity (OPE)) မှ စစ်တမ်းစတင်ကောက်ယူခဲ့ရာ ဒုက္ခသည်ပေါင်း ၁၂၅၇ ဦးမှ ပြောင်းရွေ့အခြေချလိုကြောင်း စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။  ၂ဝဝ၉ ခုနှစ်  အတွင်းမှာပဲ အမေရိကားကို ပြောင်းရွေ့အခြေချလိုသော ဒုက္ခသည် ၂ဝဝကျော်ကို ဇွန်လတွင်တစ်ကြိမ်နှင့် အောက်တိုဘာလတွင် တစ်ကြိမ်စီ အသုတ်လိုက်ခွဲပြီး ဘန့်မိုင်နိုင်းဆွယ်ကို ပြောင်းရွေ့ခဲ့ပြီးဖြစ်ပါတယ်။
အမေရိကားကိုပြောင်းရွေ့အခြေခြဖို့အတွက် စီစစ်ရွေးချယ်တာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုသူ ယူအန်အိပ်စီအာရ် အရာရှိတစ်ဦးကတော့
“အမေရိကန်ကို ပြောင်းရွေ့အခြေချဖို့အတွက် နှစ်အလိုက် အစောဆုံး ဒုက္ခသည်မှတ်ပုံတင်ထားသူများကို အရင်ဦးစားပေး ရွေးပါတယ်” လို့ ဆိုပါတယ်။
တတိယနိုင်ငံကို မပြောင်းရွေ့ရခင် Department of Homeland Security (DHS)  နဲ့ OPE က ဆေးစစ်ခြင်းများ ပြုလုပ်စဉ်ကာလအတွင်း ဘန့်မိုင်နိုင်းဆွယ်ကို ပြောင်းရွေ့နေရမည်ဖြစ်သောကြောင့် တချို့သောဒုက္ခသည်များက ထိုစခန်းကိုမပြောင်းရွေ့ချင်ကြပါဘူး။
အမေရိကန်ကို ပြောင်းရွေ့အခြေချဖို့ စာရင်းပေးထားတဲ့ ဘန့်မယ့်စူးရင်းမှာ နေထိုင်တဲ့ ဒုက္ခသည် စောဖိုးဒို က
“စခန်း ၁ ကို မပြောင်းချင်ဘူးလေ။ အဲ့ဒီမှာက လူများတယ်။ အိမ်လေးတွေကလည်း ကြပ်ကြပ်လေးတွေနဲ့။ ရေကလည်းခက်တယ်ပေါ့နော်။ အမေရိကန်ကို မသွားရခင် အနည်းဆုံး ၆ လ လောက်တောင် နေရမယ်ဆိုတော့ အရမ်းဒုက္ခရောက်တာပေါ့နော် …”
ဒုက္ခသည်များကို အခုလို အလုံးလိုက်အရင်းလိုက် တတိယနိုင်ငံကို ပြောင်းရွေ့ဖို့ စီစဉ်ပေးနေသည် ဆိုပါသော်လည်း  ကရင်နီစခန်းအမှတ် (၂) ကို ဒုက္ခသည်အသစ်များ အဆက်မပြတ်ဝင်ရောက်လာနေပါတယ်။ ၂ဝဝ၇ ခုနှစ်နေ ၂ဝဝ၉ ခုနှစ်အထိ ဒုက္ခသည်ပေါင်း ၆၄ဝကျော်လောက် ဝင်ရောက်လာခဲ့တယ်။ ဒီနောက်ပိုင်းမှာ ဆက်လက်ဝင်လာဖို့လည်း အများကြီးရှိသေးတယ် … လို့ စခန်းဥက္ကဌ ကဆိုပါတယ်။
လူသစ်ဝင်လာရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး စခန်းဥက္ကဌ ဆရာဒိုနယ် က …
“အဓိကကတော့ နအဖနဲ့အရင် ငြိမ်းချမ်းရေးယူခဲ့တဲ့ ကြယ်ဖြူအဖွဲ့ ထိန်းချူပ်နယ်မြေမှာ နေထိုင်တဲ့ လူတွေများတယ်။ သူတို့အဖွဲ့က အရင်ငြိမ်းချမ်းရေးယူတုန်းက ပြည်သူတွေရဲ့ ဖွံ့ဖြိုးမှုကို အာမခံထားပေမယ့် အခုတော့ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကို ပြောင်းလိုက်တော့ ပြည်သူလူထုက မယုံကြည်တော့ဘူးလေ” လို့ဆိုပါတယ်။
လွန်ခဲ့တဲ့လကမှ စခန်းထဲကို ရောက်လာတဲ့ ဒုက္ခသည် စောဖိုးမင်းကလည်း
“ရွာမှာနေတုန်းက နအဖတပ်တွေက ပေါ်တာ အရမ်းများတယ်။ နောက်ပိုင်း ပေါ်တာ မခေါ်ရင်လည်း လမ်းပြအဖြစ်ထပ်ခေါ်တယ်။ တခါခေါ်ရင် အနည်းဆုံး ၁ဝရက်လောက်ကြာတော့ အိမ်မှာ မိသားစုစားဝတ်နေရေး ခက်ခဲလို့ ထွက်ပြေးလာတာ ” လို့ ပြောပါတယ်။
၂ဝဝ၉ ခုနှစ် အတွင်း တတိယနိုင်ငံကို ပြောင်းရွေ့အခြေချသွားတဲ့ ကရင်နီဒုက္ခသည်စခန်း ၂ ခု မှ ဒုက္ခသည် အရေအတွက် ၆ဝဝဝ ကျော် ရှိသည် ဆိုပါတယ်။
ဘန့်မယ့်စူရင်း ကရင်နီဒုက္ခသည်စခန်းသည် မယ့်ဟောင်ဆောင်ခရိုင် မယ့်စုရင်းမြို့နယ်အတွင်းမှာ တည်ရှိပြီး လူဦးရေ ၃၅ဝဝ ဝန်းကျင်ခန့်သာရှိသော စခန်းဖြစ်ပါတယ်။
(အီးမေးက တဆင့် လက်ခံရရှိတဲ့စာ ဖြစ်ပါတယ်။ ပေးစာကဏ္ဍမှာ ဖော်ပြလိုက်ပါတယ်။ သတင်းပုံစံနဲ့ ရေးထားသော်လည်း၊ ကာယကံရှင်နဲ့ တိုက်ရိုက် ခွင့်ပြုချက် မရနိုင်ခဲ့ပါ၍ ပေးစာမှာ ကူးယူဖော်ပြလိုက်ပါတယ်)
ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment