Tuesday, March 2, 2010

အုန်းသီး၊ မျောက်နှင့် တခါသေဖူး ပျဉ်ဖိုး နားလည် သင့်သူများ



မြန်မာနိုင်ငံရေး လေလှိုင်းမှာ ခုတလော ငြင်းခုံနေတာကတော့ ၂၀၁၀-ရွေးကောက်ပွဲကို ၀င်ရေး၊ မ၀င်ရေးပါပဲ။ ရွေးကောက်ပွဲကို ၀င်ရေး-ဘက်က ပြင်ထားတဲ့ သူတွေကတော့ မြန်မာနိုင်ငံကို “ဝေလေလေ ရေရှည်ဆွဲနေတဲ့ ကာလ” တခုက ရုန်းထွက်ချင်လို့-လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ မ၀င်ရေး-ဘက်ကတော့ ၂၀၀၈ အခြေခံ ဥပေဒေနဲ့ ရွေးကောက်ပွဲကျင်းပပြီး နိုင်ခဲ့ရင်တောင် ၂၀၀၈ အခြေခံဥပဒေ အရ စစ်တပ်ဗိုလ်ကျမှု ခံရမှာ ဖြစ်တဲ့ အတွက် ၂၀၁၀-ရွေးကောက်ပွဲ ၀င်မယ့်သူတွေကို သစ္စာဖောက်လို့ တောင်မြင်ကြ၊ ပြော နေကြတာ ကြားကြရမှာပါ။
ဒီလူတွေ နှစ်ဖက်ကြားမှာ နေတဲ့ ပြည်သူတွေကတော့ တောင်ဟုတ်နိုးနိုး။မြောက်ဟုတ်နိုးနိုး ဖြစ်နေကြပါတယ်။ပြည်သူတွေ အနေ နဲ့  အလွယ်ဆုံး မြင်နိုင်အောင် သမိုင်းထဲက သာဓကတွေ ထုတ်တတ်ရင်၊ ကြည့်မြင်တွေး ကြမယ်ဆိုရင် အလွယ် တကူ မြင်နိုင် သိနိုင်ကြမှာမို့  ပြည်သူတွေ စဉ်းစားဖို့ သမိုင်းထဲက ဖြစ်ရပ်တချို့ ကို ရွေးထုတ်ပြလိုက် ပါရစေ။

၁၉၈၈ အရေးအခင်းကာလမှာ သမ္မတအဖြစ် လပိုင်း တက်လာခဲ့တဲ့ သမ္မတဦးမောင်မောင်က ၂ လ အတွင်း ရွေး ကောက်ပွဲ ကျင်းပပေးမယ်၊နိုင်တဲ့ ပါတီကို အာဏာလွှဲပေးမယ် ဆိုတုန်းက နိုင်ငံရေးသမားတွေ ဘာပြောခဲ့ကြသလဲ။
အချိန်တိုအတွင်းမှာ နိုင်ငံရေးပါတီ ဖွဲ့ဖို့  မဖြစ်နိုင်ဘူး။ ရွေးကောက်ပွဲပြင်ဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းခဲ့ပယ်ခဲ့ကြပါတယ်။ ဒါပေမယ့် တ ချို့သောပု၈္ဂိုလ်တွေကတော့ ဦးမောင်မောင် ရွေးကောက်ပွဲကို လက်ခံခဲ့ရင် ခုလောက် စစ်တပ်က ညစ်ပတ် နေတာ ခံရချင်မှ ခံရ နိုင်မယ်။ အဲဒီတုန်းက နအဖ စစ်တပ်ဘက်မှာ ကျောထောက်နောက်ခံ အားနည်းနေချိန်မှာ ကိုယ့် ဘက်က ကျောထောက်နိုင်ငံ များများ အားကိုယူပြီး လုပ်နိုင်ခဲ့ရင်၊ ခုချိန်ဆို ဒို့ နိုင်ငံ အခြေအနေ ဆိုးလက်က လွတ် လောက်ပြီလို့  တွေးသူတွေ ရှိနေခဲ့ကြ ပါတယ်။

နောက် စစ်တပ်က အာဏာ သိမ်းပြီးတော့ ၁၉၉၀ မေမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြန်တော့ ဒါဟာ တရားမျှတတဲ့ ရွေးကောက် ပွဲ မဖြစ်နိုင်ဘူး။ ရွေးကောက်ပွဲ မှာ ညစ်ပတ်နိုင်တယ်။ တစည-ဘက်က စစ်တပ်ပါမယ်။ တစည- မနိုင် နိုင်အောင်လုပ်မယ်လို့ ဝေဖန်ခဲ့ကြပြန်ပါတယ်။ တကယ်တန်း ရွေးကောက်ပွဲ လုပ်ပြန် တော့ အင်န်အယ်လ်ဒီလဲ နိုင်ရော-ဘာဖြစ်ကြသလဲ၊ စစ်တပ်က တရားမျှပါတယ်ပြောသလို ၊နိုင်ငံတကာကလည်း တရားမျှပါတယ်ပြောခဲ့ကြပါ တယ်။ ကိုယ်က လက်ရှိလဲ အနိုင်ရထားတော့ အတိုက်အခံတွေက တရားမျှပါတယ်လို့ ပြောင်း၊ပြောခဲ့ကြပြန် ပါတယ်။
နောက် ဘာတွေ ဆက်ခဲ့ကြပါသလဲ၊ငွေရောင်ပိတ်ကားပေါ်မှာ မြင်ကြတဲ့ အတိုင်းပါဘဲ။ စင်ပြိုင်အစိုးရ ဖွဲ့ ချင်သူက ဖွဲ့  ချင်ကြ။ စစ်တပ်က ဖော်ဆောင်ပေးမယ့် ညီလာခံမှာ တရားဝင်အစိုးရ ဖွဲ့ ချင်သူက ဖွဲ့ချင်ကြ။ ပြည်ပထွက်ပြီး စင်ပြိုင် အစိုးရ ဖွဲ့ကြနဲ့ ဖြစ် ခဲ့ကြပါတယ်။
ဒါဘာကိုပြသလဲဆိုတော့ ရွေးကောက်ပွဲကို အာဏာမလွှဲဖူးလို့ သိရက်နဲ့ ရွေးကောက်ပွဲ ၀င်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ တာဝန်ရှိ လူကြီး တွေကို အပြစ်ပုံ၊ အပြစ်မြင်ချင်သူတွေက မြင်ခဲ့ကြပါတယ်။ တချို့ကတော့ အင်အယ်လ်ဒီ-မဲနိုင်တာဟာ မြန်မာတွေ ခေါက်ရိုးကျိုး နေပြီဖြစ်တဲ့ ပုံပြင်တခုထဲက“မျောက် အုန်းသီးရတဲ့ အဖြစ်မျိုး”နဲ့ နှိုင်းယှဉ် မြင်ကြတာလဲရှိ ပါတယ်။ မျောက်အုန်းသီးရတော့ ဘာ ဖြစ်သလဲ။ ကိုယ်လဲ ခွဲမစားတတ်၊ သူများလဲ မပေးချင်၊ ဘယ်သူမှ လဲ ယုံမှတ် ပေါင်းသင်းပြီး စပ်တူ လုပ်ကိုင် မစားသောက်ချင်နဲ့ နောက်ဆုံး ဥစ္စာရူး ဘ၀ရောက်ရတဲ့ အဆင့်ပါ။
မြန်မာ နိုင်ငံရေးသမားတွေဟာ ကိုယ့်ခြေပေါ် ကိုယ်ရပ်ပြီး နိုင်ငံရေး ကစားချင်ကြ၊ မြန်မာပြည်ကို တည်ဆောက်ဖို့ ကြိုးစားခဲ့ကြ ပါတယ်။ တရုတ် ကို မယုံကြည်တဲ့ ဦးကြည်မောင်က မဲနိုင်ပြီးစမှာ တရုတ်သံအမတ် လက်ဆွဲ နှုတ် ဆက်လာတာကို မတုန့် ပြန်လို့ အင်အယ်လ် ဒီပါတီတွင်းမှာ ဘာတွေ ဖြစ်ခဲ့ကြသလဲ။ တချို့က အမေရိကန် ၊ ဗြိတိန်နဲ့ အနောက်ကမ္ဘာကို မြန်မာ့ နိုင်ငံရေး ထဲက ပယ်ထုတ်ပြီး မြန်မာ့ နိုင်ငံရေးကို ကစားချင်တဲ့ လူတွေကလည်း တရုတ် နယ်စပ်၊ ထိုင်းနယ်စပ်၊ အိန္ဒိယနယ်စပ်နဲ့ ရေဒီယို လေလှိုင်းတွေကနေ“ သခွတ်ပင်က မီးတကျည်ကျည်” လုပ်ခဲ့ကြ ပါတယ်။


နအဖကတော့ လက်ရှိမြင်နေတဲ့ အတိုင်း သူ့အာဏာမြဲရေးအတွက် ၀ဲယာ-၀ါဒ မှန်သမျှ အရှေ့-အနောက် ၂ ဘက်စလုံး ကို လှေနံ ၂-ဘက်နင်းပြီး သူ့ဘက်ပါအောင်လုပ်နိုင်ခဲ့ပါတယ်။ ပြီးတော့ ဗီတိုအာဏာနဲ့ တက်လာသမျှကို ဆရာတွေ အာကိုးနဲ့ ပယ်ချအောင် လုပ်နိုင်ခဲ့ပါတယ်။ဒါကလည်း နအဖ ထွင်တဲ့ နည်းသစ်မဟုတ်ပါ။ ရှေးမင်းတွေတုန်းကလည်း တပြည်က ကျူးကျော်လာခဲ့လို့ ကိုယ့်ဘက်မှာ အင်အားနည်းခဲ့ရင် မိတ်ဆွေနိုင်ငံတွေ အကူအညီနဲ့ ဖြေရှင်းခဲ့ရတာ သမိုင်းမှာ သာဓက နမူနာတွေ အ များအပြား ပါ။  သမိုင်းဆိုတာ လိမ်ညာလို့ ရကောင်းတဲ့ အရာ မဟုတ်ပါ။
ဒါတွေဟာ ရိုးရိုးလေးနဲ့ မြင်နိုင်တဲ့ သမိုင်းထဲက မြင်ကွင်းတွေပါ။

ဒီနေ့  ကမ္ဘာ့ နိုင်ငံတွေ ဖြစ်ရပ်တွေနဲ့ သမိုင်းရေစီးကြောင်းကို ပြစ်ပယ်ပြီး အလုပ် မလုပ်ရင် `“ပိုးသာကုန် မောင်ပုံ၊ စောင်းမတတ်” ဆိုသလို “နေမြင့်လေ အရူးရင့်လေ” ဖြစ်ဖို့ ကသာ များနေပါတယ်။ အိမ်နီးနားချင်း နိုင်ငံတွေ ဘယ်နိုင်ငံ တွေနဲ့ ပေါင်းသင်းပြီး ဘယ်လို တိုးတက်အောင်လုပ်နေကြသလဲ။ ဘယ်နိုင်ငံကတော့ ဘယ်သူ့  အင်အားကို မဟာမိတ် ယူပြီး သူ့နိုင်ငံ ပြောင်းအောင်၊ တိုးတက်အောင် ဘယ်လို လုပ်သွားခဲ့ကြသလဲဆိုတာ မြန်မာ့ နို်င်ငံရေး သမားတွေ လေ့လာ လုပ်ကိုင်ဖို့ မုချ လိုမှာ အမှန်ပါ။ “ရေစီးကြောင်း ပြောင်းပြန်ဆန်- ငါ့အမှန်နဲ့ကိုယ်၊ရွက်လွှင့်ရေဆန်” လုပ်နေကြရင် တိုင်း ပြည်ပိုပြီး နာဖို့သာရှိပါတယ်။

အခုလည်း ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ငြင်းခုန်နေမယ့်အစား ၁၉၉၀ မှာ နိုင်ခဲ့တယ်။ ဒါပေမယ့် အာဏာကို ရအောင် ညစ် ညဏ်များလှတဲ့ နအဖနဲ့ အပြိုင် မယူနိုင်ခဲ့ကြဘူး၊ ဘာတွေ လိုအပ်ခဲ့ကြလို့လဲ။ ညစ်ပတ်တဲ့ လူကတော့ ဘယ်ဘ၀ရောက်ရောက် ညစ်ပတ်ဦးမှာပါပဲ။ ညစ်ပတ်တဲ့ လူဆိုတာကလည်း ခုမှ ရှိလာတာပေါ်လာတဲ့ လူထူးလူဆန်း မဟုတ်ပါဘူး။ ဟိုးရှေး မင်း အဆက် ဆက်အတွေကတည်းခဲ့ ရှိခဲ့တာမိုလို့ တချို့ ကိစ္စတွေမှာ တိုင်းသူ ပြည်သားတွေ စစ်ပွဲမှာ မလိုအပ်ဘဲ မသေကြအောင် ညဏ်ချင်း ယှဉ်နိုင်ကြဖို့ ၊မင်လောင်းတို့  တတ်အပ်တဲ့ အဌာရသ “၁၈” ရပ်မှာ မာယာ ဆိုတဲ့ လှည့် ဖျားခြင်း ပညာရပ် ရှိခဲ့တယ်ဆိုတာ မမေ့ ကြဖို့ လိုပါတယ်။
ခုလည်း သူ့ထွက်ပေါက်အဖြစ် နိုင်ငံပိုင် သေချာပေါက်မြတ်မယ့် စီးပွါးရေး လုပ်ငန်းကြီးတွေနဲ့ ၊အကွက်ကောင်းမှန်သမျှ လက်ဝါး ရိုက်ပြီး သူ့လူတွေနဲ့ စားကွက်တွေ ဖန်တီးကာရှေ့ ရေးအတွက်ပြင်နေတာ နေ့စဉ် ဖတ်ရမြင်နေရပါပြီ။ တချိန်က အင်ဒိုနီးရှားမှာ စစ်ခေါင်းဆောင် “ဆူဟာတို” လုပ်သလို လုပ်နေပါပြီ။ ၂၀၁၀ ရွေးကောက်ပွဲက နအဖ က လုပ်မှာ သေချာ ပါတယ်။ ဘယ်သူ ပါပါ-မပါပါ လုပ်ကို လုပ်မှာပါ။

ဒီနေ့ အင်အားကြီး နိုင်ငံကြီးတွေ ကို ကြည့်ရင် လက်ရှိ ရုရှားသမ္မတ က“ဆိုဗီယက်ခေတ်”ကို ပြန်လွမ်းမနေပဲ ပြောင်း လွယ်ပြင် လွယ် နိုင်ငံရေး၊စီးပွါးရေး စနစ်ဘက်ပြောင်းဖို့ ထုတ်ဖော်ပြောဆိုလာနေပါပြီ။“လက်ဝဲနို်င်ငံရေးမှာ အရင်းရှင်နဲ့ တွဲရင် သစ္စာ ဖောက်” လို့ ဘယ်လိုပဲပြောပြော တရုတ်ကတော့ အရင်းရှင်အနောက်ကမ္ဘာနဲ့ရော။ရန်သူတော် အမေရိကန် နဲ့ပါ လက်တွဲ စီးပွါး လုပ်ရင်း လင်မယားလို တကျက်ကျက် ဖြစ်နေပေမယ့် စီးပွါးရေးက တရိပ်ရိပ် တက်လာနေပါတယ်။
အမေရိကန်ကရော တရုတ် ဘာပြောပြော၊ ထိုင်ဝမ်ကို လက်နက်ရောင်းစရာရှိတာ ဆက်ရောင်းနေတယ်၊ဘုန်းတော်ကြီး ဒရိုင် လားမားကို တရုတ်ဘယ်လို ကန့် ကွက်၊ကန့် ကွက် တွေ့ စရာရှိတာတွေ့၊ လုပ်စရာရှိတာ လုပ်နေကြတာပါ။
 

မြန်မာ့ နိုင်ငံရေးသမားတွေလည်း လုပ်သင့် လုပ်ထိုက်တာ လုပ်သင့်တဲ့ အချိန်ရောက်ပြီ ဆိုတာထက် ကျော်တောင် နေပါပြီ။ နိုင်ငံရေးကျမ်းစာအုပ်ထဲက သီအိုရီစကားတွေ ပြောနေရမယ့် အချိန် မဟုတ်တော့ပါဘူး။ ပြည်သူတွေ နားလည်နိုင်စွမ်း မရှိတဲ့ လေလုံးကြီးတွေနဲ့ ကိုယ်ရည်သွေးနေရမယ့် အချိန် မဟုတ်တော့ပါဘူး။ အတိုက်အခံ (ခေါ်) ဒီမိုကရေစီ လှုပ်ရှားသူတွေဘက်က အချိန်ကုန်ခံပြီး ရွေးကောက်ပွဲ ၀င်ရေး၊မ၀င်ရေး ငြင်းခုန်နေမယ့်အစား၊ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို ဘာဖြစ်လို့ အသုံးမချ နိုင်ခဲ့ကြသလဲ။ ဘာတွေ အားနည်းခဲ့ကြသလဲ၊ ဘာတွေ ပြင်ဆင် အင်အား ဖြည့်ရမယ်ဆိုတာတွေ ဆွေးနွေးကြရင်၊ ၂၀၁၀-မှာ ယုံကြည်သူ ကိုယ့်ဘက်သားတွေ ၀င်ခဲ့လို့ ၊နိုင်ခဲ့လို့ရှိရင် ဘာတွေ လုပ်သင့်တယ်၊ ဘာတွေ ပြင်သင့်တယ်ဆိုတာတွေ ဆွေးနွေး တာက အချိန်မကုန်-အကျိုးတရား ဖြစ်ထွန်း စေမှာလို့ ပြည်သူတွေ မြင်ကြမှာပါ။“ရန်ကြွေး မှန်သမျှ ခြေမှုန်းကြ၊အမြင်မတူသမျှ ဆန့် ကျင်ကြ” လုပ်နေမှာထက်၊ ကိုယ့်လက်ထဲ အာဏာ အမြန် ရပြီး ပြည်သူ့ဘ၀ ကယ်တင်ရေး ဘယ်ဟာ အရေးကြီးတယ်ဆို တာ တွေးတတ်တဲ့ နိုင်ငံရေး သမားတိုင်းလည်း မြင်ကြမှာပါ။
ပြည်သူတွေဘက်ကတော့ လက်ရှိနှိပ်စက်နေတဲ့ နအဖ ဘက်တော်သားတွေထက် ဒေါ်စုနဲ့ ဘက်တော်သားတွေကိုပဲ မဲပေး အနိုင် ပေးဦးမှာသေချာပါတယ်။  နအဖ စစ်တပ်ကတော့ ဘယ်လိုညစ်ပေမယ့် အုန်းသီးတော့ ကိုယ့်လူတွေ ဘက်က အနိုင်ရဖို့ ရာနှုန်း များနေမှာ၊ မြေကြီး လက်ခတ်မလွဲ လို့တောင် ခန့် မှန်း နိုင်တဲ့ အခြေအနေအဆင့်ပါ။
 

အင်အယ်လ်ဒီက လူကြီမင်းများက ရွေးကောက်ပွဲ ၀င်ဖို့ ၊ခုတခါ ပြန် ဆုံးဖြတ်ခဲ့ကြဦးမယ်ဆိုရင် ပြည်သူတွေကတော့ အင်န်အယ် လ်ဒီကို အားပေးမှာ အမှန်ပါ။ကိုင်း-ဒီတကြိမ် အုန်းသီး ထပ်ရခဲ့မယ်ဆိုရင် ဘာလုပ်ကြမလဲ။ ဘာတွေ ပြင်ထားပြီးကြ။ဆွေးနွေး တိုင်ပင်ပြီးကြပြီ လဲ။
နှစ်ပေါင်း ထောင်ချီကြာချင်ကြာပလေ့စေ၊ ဘယ်သူမှ လာမရှုပ်နဲ့ ၊ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ချီတက်ကြမလား၊ တိုင်းပြည်နဲ့ လူမျိုး ရှေ့ ရေးအတွက် ကိုယ်တိုင်ပဲ ခွဲခြမ်း အသုံးချကြ မလား။
ဗီယက်နမ်လို၊စင်္ကာပူလို၊ထိုင်းတို့လို ပြည်ပနိုင်ငံအကူအညီနဲ့ ပူးပေါင်းလက်တွဲပြီး၊သူများအကူအညီနဲ့ ခွဲခြမ်း အသုံးပြု နိုင်မလား။
မျက်လုံးလေး ကလည် ကလည်နဲ့ တောင်မယုံ၊မြောက်မယုံ၊ တွေ့သမျှ မြင်သမျှ မည်းမည်းမှန်သမျှ လန့် ကြောက်-ရန်သူ ထင်နေ ရဦးမှာပဲလား ။
ဆင်ခြင်တော်မူကြပါကုန်။
တခါသေဖူး ပျဉ်ဖိုး နားလည်ဖို့ လိုတာ အမှန်ပါ။
 
ဖိုးသောကြာ(၂၆။၂။၂၀၁၀)

0 comments:

Post a Comment