Monday, March 22, 2010
တို့ကိုယ်ကျိုး လုံးလုံးမပါနှင့် အတွေးအမြင် အတွေးများ
(၁) ဒုတိယအတွေးနှင့်တော့မဆိုင် ....။ ဆရာမောင်ဝံသရေးခဲ့သည့် စာများနှင့် `စ’ လို၍ နိဒါန်းချီခြင်း ဖြစ်သည်။ အတ္တုပတ္တိစာပေများအား စတင်၍ ဖတ်ဖြစ်ခဲ့သည့်အခါ၌ ဆရာရေးသည့် ခရူးရှက်အား ဖတ်မိ၏။ ဒေါက်တာကစ်ဆင်ဂျာအကြောင်း ဖတ်ဖြစ်၏။ ဤတွင်… အိမ်ဖြူတော်နှင့် အမေရိကန်နိုင်ငံရေးအား တွေ့ရသည်။ မြင်းစီး၍ ကြည့်ရသကဲ့သို့ ....။ စစ်အေးခေတ် အင်အားကြီးနိုင်ငံတို့၏ သံခင်း၊ တမန်ခင်းအား မြင်ရပြန်သည်။ ထိုမှ .... ယူဂိုဇလပ်ခေါင်းဆောင်ကြီး မာရှယ်တီတိုး ....။ မာရှယ်တီတိုးအကြောင်းရေးရင်း ဆရာသည် မီလိုဗန်ဂျီးလက်(စ်)အကြောင်းအား တို့ထိ၍ ဖော်ပြသွားသည်။ မီလိုဗန်ဂျီးလက်(စ်) က ယူဂိုဇလပ်ခေါင်းဆောင် မာရှယ်တီတိုး၏ ရဲဘော်ရဲဘက်ကြီးတဦး .....။ နာဇီတို့အား အတူတူ လက်တွဲ၍ တော်လှန်ခဲ့ကြသည်။ ယူဂိုဇလပ် ပြည်ထောင်စုသစ်အား ထူထောင်ခဲ့ကြသည့် .... ရဲနှစ်ဖော်။ လွတ်လပ်သည့် ဆိုရှယ်လစ်ပန်းတိုင်သို့ .... သူတို့ ရဲနှစ်ဖော်၏ ဦးဆောင်မှုဖြင့် ယူဂိုဇလပ် ဆိုရှယ်လစ်လမ်းစဉ်သို့ ချီတက်ခဲ့ကြသည်။
မကြာ ....။ မာရှယ်တီတိုး၊ မီလိုဗန်ဂျီးလပ်တို့ နှစ်ဦး သဘောတရားရေးအရ ကွဲတော့၏။ မီလိုဗန်ဂျီးလပ်အား ရဲဘော်ကြီး မာရှယ်တီတိုးက ထောင်တွင်းအကျဉ်းချလိုက်တော့သည်။ ထောင်အတွင်း၌ မီလိုဗန်ဂျီးလပ်သည် စာရေး၏။ လူတန်းစားသစ် (News Class) ဟူ၍ စာအုပ်ထွက်လာသည်။ ယူဂိုဇလပ်တွင်တော့မဟုတ်.....။ အမေရိကန်တွင် ထုတ်ဝေခြင်း ဖြစ်၏။ လူတန်းစားသစ်အား မြည်းရသည့်အချိန်ကား ......၊ မဆလ တို့ နေမဝင်သေး......။ ခေတ်ကောင်းနေကြချိန် ဖြစ်သည်။ ဤတွင် ကျနော်တို့ပတ်ဝန်းကျင်၌ လူတန်းစားသစ်များအား တွေ့နေရ၏။ မူလတန်းကျောင်းစောင့်က လူငန်းစစ်ဆေးရေး ဥက္ကဋ္ဌ ဖြစ်လာသည်။ လက်နက်ချသည့် သူပုန်ဗိုလ်လူထွက်က ပါတီယူနစ် ဥက္ကဋ္ဌ .......။ ပြီးလျှင် ..... ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ....ဖြစ်နေကြ၏။ ဆရာမောင်ဝံသပြ၍ လူတန်းစားသစ်များအား အမြင်ရှင်းရှင်းနှင့် တွေ့ရတော့သည်။
(၂)
စာအုပ်အမည် ဒုတိယအတွေး
ရေးသူအမည် မောင်ဝံသ
ခွင့်ပြုချက်အမှတ် ၉၈၂၊ ၂ဝဝ၂ (၁၂)
ပုံနှိပ်မှတ်တမ်း ၂ဝဝ၃ ခုနှစ်၊ မတ်လ (ပထမအကြိမ်)
ဒေါင်းစာပေ
တန်ဖိုး ၇ဝဝ ကျပ်
အုပ်ရေ ၁ဝဝဝ
၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးတွင် ဆရာမောင်ဝံသသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်၍ အရွေးချယ်ခံခဲ့သည်။ ဝေါမြို့နယ် မဲဆန္ဒနယ်မြေမှ ....။ ဆရာ့အား ဝေါပြည်သူများက ဆန္ဒမဲပေးကြ၏။ ရွေးကောက်ပွဲပြီး .... မကြာ ....။ ဆရာအင်းစိန်တောရသို့ ရောက်သွားပြန်သည်။ ထိုစဉ်က ဆရာသည် NLD ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးလည်း ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် ဆရာ အင်းစိန်တောရမှ ၃၃-လမ်း ဒေါင်းစာပေသို့ ပြန်ရောက်ခဲ့သည်။
(၃)
ဆရာမောင်ဝံသနှင့် တွေ့ဆုံမေးမြန်းမှုအား မဟေသီမဂ္ဂဇင်းတွင် ဖတ်ရသည်။ ဆရာဟိန်းလတ်၏ အင်တာဗျူး ဖြစ်သည်။ ဆရာက ဤသို့ဖြေ၏။
“...အတွေးအမြင်စာစဉ်အား ၁၉၈၄မှ စပြီး ဒီနေ့အထိ လစဉ်မပြတ် ထုတ်နေခဲ့သည်ကို ..... ကျနော့်ဘဝအတွက် ကျေနပ်မှုအရှိဆုံး ဖြစ်ပါတယ် ...”
အတွေးအမြင်တွင် မော်ဒန်အမျိုးသမီး၏ ရုပ်ပုံမပါ။ ဂမ္ဘီရဆေးနည်းမထည့်။ အဝါရောင် ရသအား မဖော်ပြ။ ဒဿနအား ပေး၏။ တွေးစရာများ ပါသည်။ ပညာရပ်ဆိုင်ရာ စာတို့အား ထည့်သည်။ မျက်နှာဖုံးမှာလည်း .... ရိုးရိုးရှင်းရှင်း......။ သို့သော် စာစဉ်အား ဆရာမောင်ဝံသသည် လစဉ်ထွက်နိုင်ရန် မည်မျှ လုံ့လပြုရမည်မှာ တွေး၍ပင်မရ .....။ ဤအတွက်လည်း ဆရာမှ ဆရာဟိန်းလတ်အား အထက်ပါစကားအား ပြောခဲ့ခြင်းဖြစ်မည်။
ယခု ဆရာမောင်ဝံသကား ၁၈ နှစ်တာ ကာလအတွင်း အတွေးအမြင်တွင် ဆရာရေးခဲ့သည့် ခေါင်းကြီးများ၊ ဆောင်းပါးများအား စုစည်း၍ ဒေါင်းစာပေမှ စာအုပ်ထုတ်သည်။ “ဒုတိယအတွေး” ဟူ၍…။ ဆောင်းပါး ၅၆ ပုဒ် ပါ၏။ ၁၈ နှစ်ကာလအတွင်း ၅၈ ပုဒ်သာ ရေးနိုင်ခဲ့သည့်အပေါ် ဆရာက စိတ်မချင့်မရဲ ဖြစ်နေသည့်ဟန်…။ “ဒုတိယအတွေး” တွင် ဆရာဒဂုန်တာရာက အမှာစာရေးပေး၏။
“သမိုင်းတာဝန်များကို ထမ်းဆောင်သော သူများတွင် စာရေးဆရာ၊ သတင်းစာဆရာတို့ ပါဝင်သည်မှာ အမှန်ပင်။ နိုင်ငံရေးသမားများသည် တိုင်းပြည်အပေါ်တွင် တာဝန်ရှိသကဲ့သို့ သတင်းစာဆရာသည်လည်း တိုင်းပြည်အပေါ် တာဝန်ရှိသည်။ ထိုကြောင့် ကျနော် မောင်ဝံသကို နားလည်သွားသည်”
ပြီးလျှင် .... ဆရာမောင်ဝံသက သူ၏ စာအုပ်အတွက်အမှာစကားဆို၏။
“ဤဆောင်းပါးများသည် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ၊ အဂတိတရားလေးပါး ကင်းနိုင်သမျှ ကင်းရှင်းအောင် သတိပြု နှလုံးသွင်း၍ ရေးသားခဲ့သော ကျနော့်ကိုယ်ပိုင် အာဘော် အများဆုံးပါဝင်သော စာစုဖြစ်သည်ဟု ဆိုချင်ပါသည်။ စာဖတ်သူအနေဖြင့် စာရေးသူမောင်ဝံသနှင့် အတွေးအမြင်ချင်း ညှိနှိုင်းဖလှယ်ရင်း အတွေးမျှင်များ ဆင့်ပွားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်”
၂ဝဝ၂ ခုနှစ် ဇန်နဝါရီလတွင် ရေးသော အမှာစာဖြစ်သည်။ ထိုစဉ်က ဆရာသည် နိုင်ငံရေးဝန်းကျင်၌ မရှိသော အချိန်ဖြစ်သည်။ ဆရာ့အမှာစာအား ဖတ်ပြီး .... ဒေါ်အောင်ဆန်းစုကြည်၏ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး ” စာတမ်းအား သတိရမိသည်။
(၄)
ခေါင်းကြီးနှင့် ဆောင်းပါး ၅၆ ပုဒ်အနက် “ကံဆိုးသူ မက်ခယ်ရီဗီလီ” ဆောင်းပါးနှင့် “စ”၏။ ၁၉၈၄ ခုနှစ် အတွေးအမြင် စာစဉ်အမှတ် ၂ ၌ ရေးခဲ့သော ဆောင်းပါး ဖြစ်သည်။ “မက်ခယ်ရီဗီလီ” ဟူသည်နှင့် ၎င်းပြုစုခဲ့သည့် “မင်းသား” အမည်ရှိ “ရာဇောဝါဒ” ကျမ်းအား ပြေး၍ သတိရကြသည်။ အာဏာနိုင်ငံရေးကို အားပြုသူဟူ၍ အဆိုးမြင်ကြ၏၊ ထားတော့ .... ဤသည်အား ဆရာမောင်ဝံသက “ကံဆိုးသူ မက်ခယ်ရီဗီလီ” တွင် ဖြေရှင်းချက် ပေးထား၏။ ဖြေဖြေသာသာ .....။
“ယနေ့ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ကံဆိုးသူ မက်ခယ်ရီဗီလီဘက်မှ တစုံတယောက်က ရှေ့နေလိုက်၍ ခုခံမည်ဆိုပါလျှင် သူ၏အမှုသည်သည် ၁၆ ရာစုအစောပိုင်းကာလ ဖလော့ရင့်မြို့၏ နိုင်ငံရေးပညာရှင်တဦးသာ ဖြစ်ကြောင်း၊ သူသည် သူ့မြို့ (သူ့နိုင်ငံ) ၏ အကျိုးစီးပွားအတွက်သာလျှင် စဉ်းစားဆင်ခြင်၍ နိုင်ငံရေးလမ်းညွှန်ကျမ်း ပြုစုခဲ့ခြင်းဖြစ်ကြောင်း၊ ၂ဝ ရာစုအစောပိုင်းကာလတွင် ကမ္ဘာပေါ်၌ ပေါ်ပေါက်ခဲ့သော ဝါဒဆိုး၊ စနစ်ဆိုးများနှင့် ယင်းတို့၏ အကျိုးဆက်များသည် လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝ ကျော်က အသက်ရှင် နေထိုင်ခဲ့သော မက်ခယ်ရီဗီလီနှင့် မသက်ဆိုင်ပါကြောင်း”
(၅)
၁၉၉၄ ခုနှစ် ဒီဇင်ဘာလထုတ် အတွေးအမြင်အမှတ် ၁ဝ၆ တွင် ရေးသားခဲ့သည့် ဆောင်းပါးဖြစ်သည်။ “တို့ကိုယ်ကျိုး လုံးလုံးမပါ .....”။ တို့ဗမာအစည်းအရုံး၏ သီချင်းစာသားအား ခေါင်းစဉ်တင်ထားခြင်း ဖြစ်သည်။ ဆရာအင်းစိန်တောရမှ ၃၃ လမ်းသို့ ပြန်၍ ရောက်နေခိုက်ဖြစ်သည်။ သခင်ခင်ညွန့်၏ အသက် ၈ဝ ပြည့်မွေးနေ့မှ အပြန် .....TAXI အား စောင့်နေသည်။ ဤတွင် ကျောင်းနေဘက် သူငယ်ချင်းတဦးနှင့် တွေ့သည်။ သူငယ်ချင်းက .... နိုင်ငံခြားသို့သွားပြီး ပညာဥစ္စာ ရှာဖွေခဲ့ပြီးသူ ....။ ယခုတော့ ရန်ကုန်မှာပင် လုပ်ငန်းကြီးကြီးတခု ကိုယ်ပိုင်လုပ်၍ ကြီးပွားနေသူတဦး ......။ ကိုယ်ပိုင်ကားနှင့်.......။ ဆရာမောင်ဝံသအား ကားကြုံလိုက်ဖို့ ခေါ်သည်။ ဆရာလည်း အဆင်ပြေသွားသည်။ ဤတွင် .... သခင်ခင်ညွန့်၏ မွေးနေ့မှ ပြန်လာသည့် ဝါးခယ်မ သခင်သိန်းမောင်နှင့် လေထီးဦးအုန်းမောင်တို့ နှစ်ယောက်အား ဆရာမောင်ဝံသမှ ကားပေါ်မတတ်မီ နှုတ်ဆက်၏၊ ရိုရိုသေသေ .....။ ကျိုးကျိုးနွံနွံ......။ ဤမှစပြီး ..... ကားပေါ်တွင် ဆရာက သူ၏ သူငယ်ချင်းနှင့် စကားပြောသည်များအား “တို့ကိုယ်ကျိုး လုံးလုံးမပါ ” တွင် ရေးတော့သည်။
“သူက ကားမောင်းနေရင်း ဘယ်က ပြန်လာတာလဲမေး၍ သခင်ခင်ညွန့် မွေးနေ့မှ ပြန်လာကြောင်း ပြောပြပါသည်။ စာပေလောက သခင်ခင်ညွန့်ဟူသည်ကို သူသိပုံမရပါ။
ဒီ - သခင်နာမည်တပ်တဲ့လူတွေ အခုထိ ရှိတုန်းပဲလားဗျ။ ကျနော်က သခင်တို့ ဘာတို့ဆိုတာ ဟိုရှေးတုန်းက ခေတ်ဟောင်းထဲ ကျန်ခဲ့ပြီးမှတ်တာဟု သူက ပြောပါသည် ”
(၆)
ဆောင်းပါးပေါင်းချုပ် နောက်ဆုံးဆောင်းပါးက `ဒုတိယအတွေး’ ဖြစ်သည်။ ၁၉၉၅ ခုနှစ် အတွေးအမြင် စာစဉ် ၁၅၂ တွင် ရေးခဲ့သည့် ဆောင်းပါးဖြစ်သည်။ ဆောင်းပါးထက် ခေါင်းကြီးဖြစ်မည် ထင်သည်။ ကံသုံးပါး အကြောင်းအား နိဒါန်းပျိုး၍ ထားသည်။ ကံသုံးပါး၌ `မနောကံ’ ၏ အစအား အရေးကြီးပုံအား ဆက်ပြောသည်။ ဆရာက သူ၏ ခေါင်းကြီးအား ဤသို့ အဆုံးသပ်၏။
“နှုတ်က စကားတခွန်းမထွက်မီ ကိုယ်က တစုံတရာမပြုမူမီ၊ ပြောအံ့ ပြောအံ့ဆဲဆဲ အခိုက်အတန့်ကလေးတခု၌ ဒုတိယအတွေးကို ရုတ်ချည်းဖော်ထုတ်ဖို့ လိုအပ်သည်။ ယခု နှုတ်က ထွက်တော့မည့် စကားသည် ပြောအပ်၊ မပြောအပ်။ ပြောလိုက်လျှင် အကျိုးရှိမလား၊ အကျိုးပျက်မလား စသည်ဖြင့် ဒုတိယအတွေး၏ လျှပ်တပြက် ဆန်းစစ်ခြင်းကို ခံယူဖို့ လိုအပ်သည်။ ဒုတိယအတွေးသည် စင်စစ်အားဖြင့် ဆင်ခြင်တုံတရားပင် ဖြစ်၏။ လူမှုရေးနယ်ပယ်အသီးသီးတွင် အကြောင်းကိစ္စအလုံးစုံနှင့် စပ်လျဉ်း၍ တွေး၊ ကြံ၊ ပြောဆို၊ ပြုမူကြရာ၌ ဒုတိယအတွေးကို ဖြတ်သန်းပြီးမှ ဆောင်ရွက်ကြလျှင် ဆင်ခြင်တုံတရား ထွန်းကား၍ ဗြဟ္မစိုရ်တရား ပြန့်ပွားစည်ပင်သော လောကချမ်းသာကြီးကို မျက်မှောက်ပြုကြရပေလိမ့်မည်။
မင်းဆွေသစ်
ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4978:2010-03-22-11-21-01&catid=3&Itemid=4
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment