“အနုပညာ သင်တန်းသွားဖို့ စောင်းပိုက်ပြီး ကားစောင့်နေတာကို တလမ်းလုံးက ၀ိုင်း ဟားကြတယ်။ သူငယ်ချင်းတွေကလည်း ဘာလို့စောင်းတီး သင်မှာလဲ၊ ဘာလို့ မြန်မာအက သင်တာလဲ ဂစ်တာတီးသင်ပါလားလို့ပြောတယ်” ဟု စင်ကာပူနိုင်ငံ ပိုလီ တက္ကသိုလ်သို့ ပညာသင်ကြားရန်မသွားမီ ရိုးရာအနုပညာ သင်ယူနေသော ကျောင်းသားတဦးက ဆိုသည်။
ယခင်က လူငယ်များ အနေဖြင့် မြန်မာ့ အကကို အထင်ကြီး လေးစားကာ နှစ်ရှည်လများ အခြေခံမှစ၍ သင်ကြား ကြသော်လည်း ယခုခေတ် လူငယ်များမှာ အရေးပေါ် အခြေအနေနှင့် တွေ့ကြုံမှသာ သင်ကြားလာ ကြကြောင်း သက်တမ်း၂၆ နှစ်ရှိပြီဖြစ်သော တခိုင်လုံးရွှေ မြန်မာအက သင်တန်းကျောင်းကို ဖွင့်လှစ်ထားသည့် အကဆရာမ ဒေါ်အေးအေးမြင့်က ဧရာဝတီကို ပြောသည်။
“ကျမတို့ အငြိမ့် စဖြစ်လာတဲ့ ၁၉၈၄ ခုနှစ် လောက်တုန်းက ဆိုရင် အေးအေးမြင့်လို ကချင်ပါတယ်ဆိုပြီး သူတို့ကိုယ်တိုင် ဝါသနာပါပါနဲ့ တလေးတစား လာသင်ကြတယ်။ သူငယ်တန်း လောက်က သင်ခဲ့တဲ့ ကလေးက ဘွဲ့ရတဲ့အထိ ကျောင်းအိပ်၊ ကျောင်းစား နေပြီးကို သင်တာ။ ဒီဘက် ခေတ်မှာတော့ မြန်မာ့ အနုပညာကို သိပ်နားမလည် ကြတော့ဘူး” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် မြန်မာ့အနုပညာအကအပေါ် စိတ်ဝင်စားမှု နည်းပါးလာကာ နိုင်ငံခြား သွားမည့်သူများနှင့် ပွဲရှိသောကြောင့် သင်သည့် တပွဲတိုး သင်ကြားသူများသာ ရှိတော့ကြောင်း ဒေါ်အေးအေးမြင့်က ဆက်ပြောသည်။
မြန်မာအကကို စိတ်ဝင်စားမှုနည်းပါးလာသော်လည်း အနောက်တိုင်းအကဟု အများက ခေါ်ဝေါ်ကြသည့် ခေတ်ပေါ်အကများမှာ လူငယ်များအကြားတွင် ၂၀၀၆ ခုနှစ်နောက်ပိုင်း၌ ပိုမိုရေပန်းစားလာခဲ့ကြောင်း ခေတ်ပေါ်အက ကလာသည်မှာ ၁၀ နှစ်သက်တမ်း ရှိပြီဖြစ်သော ကိုဇေယျာက ဧရာဝတီကိုပြောသည်။ ကိုဇေယျာသည် ယခုအခါ The Uranium Dance Studio အမည်ရှိ ခေတ်ပေါ်အက သင်တန်းကျောင်း ဖွင့်လှစ်သူဖြစ်သည်။
ယခုလက်ရှိတွင် လူငယ်များကြား၌ ခေတ်ပေါ်အက အဖွဲ့များ ဖွဲ့လာခြင်း၊ ခေတ်ပေါ်အက ဘာသာရပ်ကို လေ့လာသင်ကြားနိုင်သည့် သင်တန်းကျောင်းများ ဖွင့်လှစ်လာခြင်းများ ရှိလာကာ စီးပွားရေးအသွင် ဖန်တီးလာနိုင်သည်အထိ ခေတ်စားလာပြီ ဖြစ်ကြောင်း လည်း သိရသည်။
“သင်တန်း စဖွင့်ကာစက သင်တန်းသား လေး၊ ငါးဆယ်လောက်နဲ့ စခဲ့ပေမယ့် အခုဆိုရင် တန်းခွဲတွေနဲ့ သင်တန်းကျောင်းကြီး တခု အနေနဲ့ ရပ်တည်လာနိုင်ပါပြီ” ဟု ကိုဇေယျာက ဆိုသည်။
ခေတ်ပေါ်အကကို လူငယ်များသာမက လူကြီး၊ လူလတ်ပိုင်း အရွယ်များပါ စိတ်ဝင် တစားဖြင့် စနစ်တကျ လာရောက် သင်ကြားလာသည့်ပြင် ကုမ္ပဏီဧည့်ခံပွဲများ၊ နှစ်ပတ်လည်ပွဲများ၊ လိုက်ဖ်ရှိုးများတွင်ပါ ဖျော်ဖြေမှုတခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြကြောင်း သိရသည်။
အနုပညာရှင်များအားလုံး နီးပါးပင် ခေတ်ပေါ်အကကို ၎င်းတို့၏ အနုပညာအတွက် အထောက်အကူပြုနိုင်သည်ဟု ယူဆသောကြောင့် အခြေခံမှ စတင် သင်ယူမှုများ ရှိလာကြောင်း ကိုဇေယျာကဆိုသည်။
ယင်းသို့ မြန်မာနိုင်ငံတွင် ခေတ်ပေါ်အကများကို စိတ်ဝင်စားမှုအတိုင်းအတာ ပိုမိုလာသည့်အချိန်တွင် မြန်မာ့အကကို မသင်မဖြစ် အခြေအနေ၌ အပေါ်ယံသဘော သင်ကြားသူများသာ ရှိတော့သည်ဟု သိရသည်။
“နိုင်ငံခြားမှာရှိတဲ့ အစ်ကို၊ အစ်မတွေက နင်မြန်မာအက သင်မလာလို့မရဘူးဆိုလို့ အသည်းအသန် တပတ်နဲ့အပြတ်သင်တဲ့သူနဲ့၊ နှစ် ရက်နဲ့အပြတ် သင်ချင်တဲ့သူနဲ့ ဘယ်နေ့မှာ ပွဲရှိလို့နဲ့အမြန်လေး ဆိုပြီး အကပညာကို မသင်ရသေးဘူးပွဲကလက်ခံပြီးပြီ။ ကျမတို့ အနှစ်နှစ်ဆယ်လောက်သင်ရတဲ့ပညာကို သူတို့က နှစ်ရက်တည်းနဲ့သင်ကြတာ” ဟု ဒေါ်အေးအေးမြင့် ကဆိုသည်။
မြန်မာလူငယ်များအနေဖြင့် မြန်မာ့အနုပညာရပ်ကို စိတ်ဝင်စားမှုအား နည်းပါးလာသော်လည်း နိုင်ငံခြားသားများအနေဖြင့် မြန်မာ့ အက၊ ရုပ်သေး၊ စောင်းတီးပညာ စသဖြင့် မြန်မာ့အနုပညာနှင့်ပတ်သက်သော ပညာရပ်မှန်သမျှကို စိတ်ပါဝင်စားစွာဖြင့် အခြေခံမှ အစ စနစ်တကျ သင်ကြားနေကြကြောင်း သိရသည်။
“နိုင်ငံခြားသားတွေက ဒီမှာ ၂ နှစ် အလုပ်လာလုပ်ရင် ၂ နှစ်အပြည့်သင်တယ်။ ရုပ်သေး၊ စောင်း၊ အက အစုံပဲ၊ အခြေခံ ကနေကို စနစ်တကျ သင်ကြတယ်။ ကိုယ့်ပညာကို အကုန်နီးပါးယူနိုင်ကြတယ်။ နောက် အကတခုရဲ့ ဖြစ်ပေါ်လာပုံကအစ နှိုက်နှိုက် ချွတ်ချွတ်လေ့လာကြတယ်” ဟု အကဆရာမ ဒေါ်အေးအေးမြင့်ကဆိုသည်။
ထို့အပြင် မြန်မာ့အနုပညာကို နိုင်ငံခြားသားများဖျော်ဖြေရသည်နှင့် မြန်မာလူမျိုးတို့အားဖျော်ဖြေရသည်မှာ စိတ်ဝင်တစားဖြင့် အားပေးမှုမှာ ကွာခြားကြောင်းသူကဆက်ပြောသည်။
မြန်မာပရိသတ်များ အနေနှင့်လည်း အငြိမ့်ဗီဒီယိုများကြည့်ရှုရာတွင် မင်းသမီးများ၏ အက အခန်းများကိုကျော်ကာ လူရွှင်တော် ပြက်လုံးများသာ အားပေးလာကြသောကြောင့် နောက်ပိုင်းတွင် အကအပိုင်းကို ဖြတ်တောက်ကာ လူရွှင်တော်များ၏ ဟာသ ပြက်လုံးအခွေများအဖြစ် သီးသန့် ပြန်လည်ထုတ်လုပ်လာကြသည်။
မြန်မာနိုင်ငံတွင် ယခင်ကစာနယ်ဇင်းလောကမှ စာရေးဆရာ၊ ဆရာမကြီးများမှာ မြန်မာ့အနုပညာနှင့်ပတ်သက်၍ ကိုယ်တိုင် လက်တွေ့ ကွင်းဆင်းလေ့လာကာ ဆောင်းပါးများ၊ စာအုပ်၊ စားတမ်းများ ရေးသားဖော်ပြခဲ့ကြသော်လည်း ယခုခေတ် စာနယ်ဇင်းလောက၊ မီဒီယာလောကတွင် ထိုသို့ မြန်မာအနုပညာကို ထုတ်ဖော်ရေးသားမှု အားနည်းနေပြီ ဖြစ်ကြောင်း အမျိုးသား ယဉ်ကျေးမှုနှင့်ပတ်သက်သည့် “တိမ်ယံ အိပ်မက် မိုးထက်နရီ” အမည်ရှိ ၀တ္ထုရှည်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သော စာရေးဆရာ ဆူးငှက်က ဆိုသည်။
“အကလို့ပြောလိုက်တာနဲ့ မြန်မာ့အကလို့မထင်နဲ့ dancer လို့ခေါ်နေတဲ့ အနောက်တိုင်းအကပဲ။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ လည်း အင်တာဗျူးလိုက်ရင် ဒါပဲ။ မြန်မာအကနဲ့ ပတ်သက်လို့ သေသေချာချာ မေးတဲ့၊ မြန်းတဲ့သူ၊ ဖော်ပြတဲ့သူ လုံးဝမရှိတော့ဘူး။ ဒီပညာရဲ့ အတိမ်အနက်ကိုလည်း မလေ့လာတော့ဘူး။ အဲဒီတော့ မဖော်ပြနိုင်တော့ဘူးပေါ့” ဟု မန္တလေးမြို့တွင် နေထိုင်သည့် ဆရာဆူးငှက်က ဆိုသည်။
မြန်မာအကနှင့် ပတ်သက်၍ မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်နေချိန်တွင် မြန်မာအကပညာရှင် ဒေါ်သြဘာသောင်း တီထွင် ဖန်တီးခဲ့သည့် အခြေခံမြန်မာအက “ကဗျာလွတ်” ကကွက်များကို မှတ်တမ်းတင် ထားသော "ဗုံလေးလုံးသံစဉ် ဂန္ထ၀င် အကပဒေသာ" ဗီစီဒီကို စီစဉ်ရိုက်ကူး ထုတ်လုပ်နိုင်ရန်ကြိုးစားလျက်ရှိကြောင်း သိရသည်။
Tuesday, 23 February 2010 17:20 သဲသဲ
ဧရာဝတီ
0 comments:
Post a Comment