Sunday, February 21, 2010

ရိုးဂုဏ်နှင့် ခေါင်းဆောင်သူ



    ကမ္ဘာအနှံ လူအမျိုးမျိုး ယောက်ျား ၊ မိန်းမ ၊ ကြီးငယ် စရိုက်အထွေထွေ ရှိကြသော်လည်း မိမိခေါင်းဆောင် ထံမှ လူတို့အလိုချင်ဆုံး အမျှော်လင့်ဆုံးအရာမှာ ရိုးသားမှုပင်ဖြစ်သည်။ လူတို့အကြိုက် ခေါင်းဆောင်မှု အရည်အသွေးများကို ကမ္ဘာနေရာ အနှံအပြားတွင် စစ်တမ်းကောက်ယူသည့်အခါတိုင်း အမြဲထိပ်ဆုံးက နေရာ ရသည်မှာ ရိုးသားမှု Honesty ဟုခေါင်းဆောင်မှုဆိုင်ရာ သုတေသနများက ဆိုသည် ( Leadership  Challenge,  Kouzes and Posner ) ။
    မရိုးသားသော ခေါင်းဆောင်နောက်သို့ မည်သူမျှ မလိုက်လိုကြ ။ မသိလျှင်သာ တစ်ကြိမ်လိုက်လို လိုက်ကြမည်။ နောင်တွင်မူ မရိုးသားသော ခေါင်းဆောင်ကို ဝေးဝေးကရှောင်ကြမည် ။ နောက်သို့လိုက်မည်ဝေးစွ၊  ထိုခေါင်းဆောင်၏ အဖွဲ့သားဟု အပြောခံရမည်ကိုပင် ရှက်ကြမည် ။ ရိုးသားသော ခေါင်းဆောင်ကို စစ်မြေပြင်တွင် ယုံကြည်သလို ကုမ္ပဏီရုံးခန်းများတွင်လည်း ယုံကြည်ကြသည်။ နိုင်ငံနှင့် အဖွဲ့အစည်း ပန်းတိုင်ရောက်ရန် ခေါင်းဆောင်နှင့် နောက်လိုက်တို့အကြား အလိုအပ်ဆုံးအရာမှာ ယုံကြည်မှု ( Trust ) ဖြစ်သည်။ ခေါင်းဆောင်ကို သာ နောက်လိုက်တို့ ယုံကြည်လျှင် ခေါင်းဆောင်မှုတွင်အရာရာပြီးမြောက်ပေပြီ။ခေါင်းဆောင် မည်သည့်      ပန်းတိုင်သို့ သွားသွားနောက်လိုက်တို့က နောက်မှ မမှိတ်မသုံ ဇွဲနပဲဖြင့် လိုက်ကြလိမ့်မည်။
    ရိုးသားမှုပေတံဖြင့်တိုင်းလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် အမှတ်ပြည့်ရမည့်သူ ဖြစ်သည်။
    ‘ဗိုလ်ချုပ်နေရာမှာ ဗိုလ်ချုပ်မဟုတ်ဘဲနဲ့တခြားက ကိုယ်စိတ်ကိုယ်မထိန်းနိုင်တဲ့ လူစားမျိုး၊ လောဘကြီးတဲ့ လူစားမျိုး တစ်ယောက်ရှိနေမယ်ဆိုရင် ဂျပန်ခေတ်တုန်းက တစ်သက်မဟုတ်ဘူး  ဆယ်မကုန်အောင်  ပစ္စည်းတွေ  စုနိုင်တယ် ၊ အဲဒီအထိဖြစ်နိုင်တယ်။ ဂျပန်ခေတ်တုန်းကလို ရတဲ့အရှိန်အ၀ါ သြဇာတွေကိုလည်း ဒီမှာကြွလာတဲ့ အမတ်မင်းတွေ အသိပါပဲ ။ ၀န်ကြီးဦးနုက ၁၉၄၇ ဇူလိုင် ၂၉ ရက်နေ့တွင် ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည်။ (အောင်ဆန်းမိသားစု)
    ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားပုံကို သူကျဆုံးပြီး အာဇာနည်ခေါင်းဆောင် ဖြစ်ချိန်ျတွင် အထူးတလည် ရေးသားကြသည်မှာ မဆန်းသော်လည်း သူနှင့် ရင်ပေါင်တန်းလက်တွဲ လုပ်ကိုင်သွားခဲ့သူ  နိုင်ငံခြားသားများ၏ အမြင်မှာလည်း ထိုအတိုင်းပင်ဖြစ်သည်။
    ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုကို ထုတ်ဖော်ချီးကျူးကြသည့် နိုင်ငံခြားသားများတွင် ဂျပန်ဗိုလ်ချုပ်များ လည်း ပါဝင်သည်။
    ဘီအိုင်အေ Burma Independence Army (BIA) ၏ ပထမသေနာပတိ ဗိုလ်မိုးကြိုးခေါ် ဗိုလ်မှူးကြီး ဆူဇူကီးက အောင်ဆန်းသည်အကြွင်းမဲ့ ရိုးသားသည်။ သူသည် သတ္တိဗျတ္တိနှင့် ပြည့်စုံသော စစ်ခေါင်းဆောင်ဖြစ် သည် ။ မျိုးချစ်စိတ်လည်း ပြင်းထန်သည် ။ ထို့ကြောင့် ငါတို့ဂျပန်များသည် သူ့ကိုရိုသေလေးစားသည် ဟုဖွင့်ဟ ၀န်ခံဖူးသည်။ (အောင်ဆန်းမိသားစု)
    ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြောင့်မတ်မှုမှာ မွေးရာပါ ဖြစ်ကြောင်း သူ၏ ကိုယ်တိုင်ရေး အထ္တုပ`  တ္တိ တွင် လေ့လာနိုင်သည်။
ကျွန်တော်သည် လိမ်လည်လေ့မရှိ ၊ မလိမ်တတ်၊ လိမ်ခဲ့မိသော်လည်း ခဏချင်းပင်ဖြောင့်ချက်ပေး၏။ ကျွန်တော်တို့နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့ပင်ဖြစ်သော်လည်း ကျောင်းသို့သွားရကာ ရေခပ် ၊ မြက်နုတ် လုပ်ရသည်။ တစ်နေ့သောနေ့ခင်းတွင် ကျောင်းသားများအလုပ်မရှိသောကြောင့် အလုပ်မရှိလျှင် အိပ်နေကြ၊ မကစားကြနဲ့ ဟု ဘုန်းကြီးကမိန့်ရှိလေသည်။ အားလုံးကျောင်းသားများအား မအိပ်ချင်ဘူးလားဟု မေးသောအခါ မအိပ်ချင်ကြသော်လည်း အိပ်ချင်ကြသော်လည်း အိပ်ချင်သည်ဟု ဘုန်းကြီးအလိုကျ လျှောက်ကြသည်။ ကျွန်တော်အား ဘုန်းကြီးက အောင်ဆန်းကော မအိပ်ချင်ဘူးလားဟု အထူးတလည်မေးရာ ကျွန်တော်က မအိပ်ချင်ပါဘုရား  ဟု ပြန်လျှောက်ရာ ဘုန်းကြီးကား ပြုံးသာနေလေတော့သည် ။
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့တပ်မတော်ကို ဦးစီးကာ ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲနေစဉ် မြန်မာပြည်တွင်း တပ်ဖြန့်ရောက်ရှိနေပြီဖြစ်သော ဗြိတိသျှတပ်များ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီးဆလင်းအား သူ၏ တပ်စခန်းသို့သွားရောက်တွေ့ဆုံခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား သူ၏ ရိုးသားပုံမှာ ကိုယ်တွင်းတွင်သာမက အပြင်သို့ အရောင်ဟပ်နေသဖြင့် ယခုမှတွေ့ရသည့် ဗြိတိသျှဗိုလ်ချုပ်ကြီးဆလင်းကပင် မြင်မြင်ချင်း အကဲခတ်နိုင် ခဲ့ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အလုပ်တွဲလုပ်နိုင်ကြောင်း ချက်ချင်းဆုံးဖြတ်ခဲ့သည်။
သူအား ကျွန်တော်အထင်အကြီးဆုံးမှာ သူ၏ရိုးသားမှုပင် ဖြစ်သည်။ သူသည်ကတိ အလွယ်တကူမပေး ၊ ကတိမပြုခင်တုံ့ဆိုင်းနေတတ်သည်။ သူသဘောတူလျှင်မူ ထိုအတိုင်းလုပ်မည်ဟု ကျွန်တော်သိသည်။ ကျွန်တော် အောင်ဆန်းနှင့် လက်တွဲအလုပ်လုပ်လို့ရပြီ။ (ဗိုလ်ချုပ်ကြီးဆလင်း ကိုယ်တိုင်ရေးး Defeat into Victory  စာအုပ်မှ ကောက်နုတ်ချက် ဘာသာပြန်)
ဗိုလ်ချုပ်ကြီးဆလင်းသည် စကားအပြန်အလှန်ပြောရင်း ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုကို သဘောကျ သွားပြန်သဖြင့် ထိုစကားပြောကို သူ၏စာအုပ်တွင် ထည့်သွင်းရေးသားထားခဲ့သည်။
‘Go on . Aung San,’I said ‘You only come to us because you see we are winning!’
‘It  wouldn’t  be much good coming to you if  you weren’t,  would it ? he replied simply .
I could not question the truth of this . I felt he had scored  again, and I liked his honesty .
    In fact, I was beginning to like  Aung San .(Defeat into Victory by Sir William Slim)
    “ပြောပါဦး ၊ အောင်ဆန်း။ ကျုပ်တို့နိုင်နေတာမြင်လို့ ခင်ဗျားလာတာ မဟုတ်လား။” ကျွန်တော် (ဆလင်း) မေးလိုက်သည်။
    “ခင်ဗျားတို့ မနိုင်မှတော့ လာလည်း ဘာအကျိုးရှိမှာလဲ။” သူ့အဖြေက ရိုးရိုးလေး။
    မှန်လွန်းလှသဖြင့် သူစကားကို ကျွန်တော်စောဒက မတက်နိုင်တော့။ သူတစ်ခုသာသွားပြန်ပြီ။ သူ့ရိုးသား မှုကို ကျွန်တော်ကြိုက်သည်။ တကယ်တော့ အောင်ဆန်းကို ကျွန်တော်ခင်သွားပြီ ဖြစ်သည်။.(Defeat into Victory မှဘာသာပြန်ဆိုချက်)
    ရိုးသားမှုဟူသည် ကိုယ်ဟောသလို  ကိုယ်ကျင့်ခြင်း I practice what I  preach ၊ ရှေ့နောက်ညီခြင်း  Consistency နှင့် ကတိတည်ခြင်းတို့ပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သူပြောသည့်အတိုင်း သူလုပ်သည်၊ ရှေ့စကားနှင့်နောက်စကားလည်း ညီသည်။ ကတိလည်းတည်သည် ။ ထို့ကြောင့် သူအားပြည်သူအများက လေးစားကြည်ညိုပြီး သူပြောတိုင်း အောင်ခဲ့ခြင်ဖြစ်သည်။
    ဗိုလ်ချုပ်ရိုးသားဖြောင့်မတ်ကြောင်းကို ပြည်သူတို့ သိရှိကြသောကြောင့် ဗိုလ်ချုပ်နှင့်တကွ ဘီအိုင်အေ၊ ဘီဒီအေ တပ်မတော်သားများကို ဂျပန်ခေတ်အတွင်းက ပြည်သူတို့ ယုံကြည်ကိုးစားမှု မပျက်ကြခြင်းဖြစ်သည်။ ဂျပန်တို့အား အော့နှလုံးနာကြသော်လည်း ဂျပန်တို့ဘက်ရောက်သလို ဖြစ်နေသော ဗိုလ်ချုပ်တို့ခေါင်းဆောင် များအားအကြည်အညိုမပျက်သည်မှာ ဗိုလ်ချုက်သည် ပြည်သူများအား သစ္စာမဖောက်ဟု ပြည်သူအများစုက ယုံကြည်ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ အကြည်အညိုမပျက်ခြင်းကြောင့် လည်း  ဖက်ဆစ်တော်လှန်ရေးကြီးတွင် ပြည်သူအများစုက မြန်မာ့တပ်မတော်နှင့်အတူ တစ်ခဲနက်ပါဝင်ခဲ့ခြင်း ဖြစ်သည်။
    တိုင်းရင်းသားအားလုံး ဗြိတိသျှလက်အောက်မှ တစ်ပြိုင်နက်တည်း မြန်မာ့လွတ်လပ်ရေး အရယူနိုင်အောင် ပင်လုံစာချုပ်ဖြင့် ဗိုလ်ချုပ်လမ်းခင်းပေးနိုင်ခဲ့ခြင်းမှာလည်း ဗိုလ်ချုပ်၏ ရိုးသားမှုကို တိုင်းရင်းသားအားလုံး၊ ပြည်သူအားလုံးက ယုံကြည်သောကြောင့်ဖြစ်စည်။ ဗိုလ်ချုပ်၏ ခေါင်းဆောင်မှုသည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် မတူပဲ ပြိုင်ဘက်ကင်းအောင်မြင်ရခြင်းမှာ သူ၏ ရိုးသားမှုကြောင့်ဖြစ်သည်။ ထိုကြောင့် ဗိုလ်ချုပ်၏ ရိုးဂုဏ်သည် ပင်လျှင် သူ၏အဓိကခေါင်းဆောင်မှု စရိုက်လက္ခဏာ (Leadership characteristic) တစ်ခုဖြစ်ပေတော့သည်။
ဇေယျသူ
The Voice Journal

0 comments:

Post a Comment