Saturday, February 13, 2010

ဘ၀မတင့်တယ်သည့် နှင်းဆီခြံမှ ဥယျာဉ်မှူးများ


“ချစ်သူများနေ့ နီးလာပြီးဆိုရင် သာမန်အချိန်မှာ ရောင်းတဲ့ (၁) ဘတ်တန် နှင်းဆီတပွင့်ဟာ (၁၅) ဘတ်ကနေ (၂၀) အထိ ဈေးမြင့်တက်လာပေမယ့် နှင်းဆီခြံက ကျမတို့ အလုပ်သမားတွေရဲ့ လုပ်အားခကတော့ တနေ့ဘတ် (၈၀) ထက် ပိုမရဘူး၊ ကျမ အလုပ်လုပ်လာတာ (၅) နှစ်ရှိပြီ” ဟု ဆိုလာသူမှာ ပဲခူးတိုင်းအတွင်းရှိ ကျေးရွာတရွာမှ အလုပ်သမတဦး ဖြစ်ပါတယ်။

သူမဟာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းက နှင်းဆီမြို့နယ်လို့ အများသိထားတဲ့ ဖို့ဖမြို့နယ်အတွင်း ဧကထောင်ချီတဲ့ နှင်းဆီခြံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား (၂) သောင်းလောက်ထဲက တဦးအပါအ၀င်ဖြစ်ပါတယ်။

“ဖို့ဖမြို့နယ်မှာ ကျမတို့ တခြံတည်းမှာပဲ တနေ့ အပွင့်ရေ (၁) သိန်းကျော်ထွက်တယ်။ ကျမတို့ လုပ်နေတဲ့ခြံမျိုး ဒီမြို့နယ်ထဲမှာ ဧက ထောင်ချီပြီးရှိတယ်။ ချစ်သူများနေ့ နီးလာပြီဆိုရင် ခါတော်မီပြီး သူဌေးကတော့ နှစ်စဉ် လုပ်ငန်းတိုးချဲ့နိုင်၊ ကားအသစ် ၀ယ်စီးနိုင်တယ်လေ။ ကျမတို့ အလုပ်သမားတွေရဲ့ ဘ၀ကတော့ လက်ရှိဘ၀ထက် သာတဲ့ အခြေအနေမျိုး လုံးဝမရှိခဲ့ဘူး” လို့ သူမက ပြောပြပါတယ်။

ဒီနယ်တ၀ိုက်က ခြံတိုင်းမှာ ယောက်ျား ဘတ် (၈၀)၊ မိန်းမ ဘတ် (၇၀) နှုန်းပဲရကြပေမယ့်လည်း သောင်းချီတဲ့ မြန်မာအလုပ်သမားတွေကတော့ မြန်မာပြည်ထက်စာရင် လုပ်ငန်းခွင် ပုံမှန်ရှိတဲ့အတွက် ဒီနေရာမှာပဲ ရုန်းကန်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

ပဲခူးတိုင်းမှ လာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမတဦးက “အခု ကျမရတဲ့ တနေ့ဘတ် (၇၀) ဟာ မြန်မာငွေနဲ့တွက်ရင် ကျပ် (၂) ထောင်ပဲရှိပါတယ်။ အောက်မှာလည်း နေ့စားလိုက်ရင် တနေ့ကျပ် (၂) ထောင်တော့ ရတယ်။ ဒါပေမယ့် အလုပ်က နေ့တိုင်းမရှိဘူး။ ကုန်ဈေးနှုန်းကလည်း ရတာနဲ့ ဘယ်လိုမှမကာမိဘူး။ ဒီမှာက ရတာနည်းပေမယ့် ပုံမှန်အလုပ်ရှိတော့ ကျမတို့လင်မယား (၂) ယောက်လုပ်တာ ကလေး (၄) ယောက်ကို ကျောင်းထားနိုင်တဲ့ စရိတ်ရတယ်။ ကျမတို့လင်မယားက အချိန်ပိုပါဆင်းတော့ တယောက်ကို တနေ့ (၉၅) ဘတ်လောက်ရပါတယ်။ မိသားစုနဲ့တော့ ခွဲနေရတာပေါ့လေ။ ကိုယ့်ဆီမှာသာ ဒီလိုအလုပ်ရှိရင် အိုးပစ်အိမ်ပစ်နဲ့ ဘယ်သူလာမှာလဲ” ဆိုပြီး ပြောပါတယ်။

နှင်းဆီခြံအလုပ်သမားတွေဟာ နံနက် (၇) နာရီကနေ ညနေ (၅) နာရီအထိ နေ့စဉ် လုပ်ငန်းခွင်ဝင်ရပြီး အမျိုးသမီးတွေက နှင်းဆီအထွက်ကောင်းဖို့ ပေါင်းသင်မြက်ရှင်းတာ၊ ပန်းတွေခူးတာ၊ ထုတ်ပိုးတာတွေ လုပ်ကြရပြီး အမျိုးသားတွေက ပန်းခင်း ဆေးဖြန်းတဲ့အလုပ်ကို အဓိကထား လုပ်ကိုင်ကြရပါတယ်။ ဒါ့အပြင် တနေ့တာ ထွက်တဲ့ပန်းတွေကို မွန်းလွဲပိုင်း သတ်မှတ်ချိန်အမီ ဘန်ကောက်တင်ပို့ဖို့လည်း လုပ်ကြရပါတယ်။

ဒီလိုလုပ်ဆောင်ကြရာမှာ နှင်းဆီခြံအလုပ်သမား အများစု ရင်ဆိုင်ကြရတာကတော့ ပိုးသတ်ဆေးပြဿနာပဲဖြစ်ပါတယ်။ ဒီပိုးသတ်ဆေး ဖြန်းတာက နှင်းဆီခြံရဲ့ အဓိက လုပ်ငန်းဖြစ်ပြီး တကယ်လည်း အန္တရာယ်ရှိတဲ့ အလုပ်ဖြစ်တဲ့အတွက် အခန့်မသင့်ရင် ဆေးမူးပြီး အလုပ်မဆင်းနိုင်တဲ့အထိ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

ဒါကြောင့် နှင်းဆီခြံလုပ်သားတွေရဲ့ လုပ်ငန်းခွင်အခြေအနေတွေကို မြန်မာပြည်မှာ ဆယ်တန်းအောင်မြင်ခဲ့ပေမယ့် အခြေအနေအရ ဖခင်ဖြစ်သူနဲ့အတူ နှင်းဆီခြံမှာလာရောက် လုပ်ကိုင်နေတဲ့ မန္တလာသူ မသန်းသန်းက အခုလို ရှင်းပြခဲ့ပါတယ်။

“လိုအပ်ရင် ကျမတို့လည်း ဆေးဖြန်းရတာတွေရှိတယ်။ ဆေးဖြန်းတဲ့အချိန်မှာ ပိုးသတ်ဆေးကာကွယ်တဲ့ ၀တ်စုံနဲ့ လိုအပ်တာတွေကို သူဌေးက မပေးပါဘူး၊ ခေါင်းစွပ်နဲ့ ပုဆိုးကိုပဲသုံးပြီး အဆင်ပြေသလို ဆေးဖြန်းရတော့ တချို့ဆို ဆေးမူးပြီး အလုပ်ဆက်မလုပ်နိုင်ကြတော့ဘူး။ အဲလိုဖြစ်ရင် ပြစရာ ဆေးခန်းလည်း မရှိ၊ အလုပ်ရှင်ကလည်း တာဝန်မယူတော့ ကိုယ်ဝယ်ထားတဲ့ သကြားနဲ့ သံပုရာသီးဖျော်ပြီး ဆေးမူးပြေအောင် သောက်ရတယ်။ တချို့ မိသားစုများတဲ့သူတွေကျတော့ သကြားမရှိ သံပုရာသီး မ၀ယ်နိုင်တာနဲ့ တရက် အလုပ်နားလိုက်ရတာမျိုးလည်း ရှိတယ်။ ဆေးမူးလို့ အလုပ်မဆင်းနိုင်ရင် သူဌေးက နေ့တွက် လုပ်အားခ မပေးဘူး” လို့ အသေးစိတ်ပြောပြပါတယ်။

ဒီလို အန္တရာယ်ရှိတဲ့ ပိုးသတ်ဆေးနဲ့ နေ့စဉ်လုံးထွေးနေရပေမယ့်လည်း နှင်းဆီခြံမှာ လုပ်ကိုင်နေသူတွေဟာ နည်းမသွားတဲ့အပြင် နေ့စဉ်နဲ့အမျှ များသထက်များလာတယ်ဆိုတာ အလုပ်သမားတွေထံက သိရပါတယ်။

စိုက်ပျိုးရေးခွင်မှာ မြန်မာအလုပ်သမား အရေအတွက် များပြားရတာဟာ မဲဆောက်လို မြို့ပြအနေအထားမရှိဘဲ အိမ်လခ၊ မီးဖိုး၊ ရေဖိုး၊ ပေးဖို့မလိုတဲ့အပြင် ပုလိပ်ကြောက်ရမယ့်ဘေးက သက်သာပြီး အလုပ်သမားလက်မှတ်ပြုလုပ်ဖို့ မလိုဘဲ အလုပ်မရခင် ကာလအကြား အလွယ်တကူ ရပ်တည်နိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ စိုက်ပျိုးရေးခွင်မှ ထိုင်းတိုက်နယ်သူကြီးတဦးက ပြောပါတယ်။

၎င်းက “ဗမာတွေကို တနေ့ဘတ် (၇၀-၈၀) နဲ့ ခိုင်းလို့ရတယ်။ လုပ်အားခလည်း အပြည့်အ၀ပေးဖို့ မလိုသလို အလုပ်သမား ခံစားခွင့်တွေလည်း ပေးဖို့မလိုဘူး။ ဒီနှုန်းမျိုးနဲ့ ဘယ်ထိုင်းမှ မလုပ်ဘူး။ အခုပေးတဲ့နှုန်းနဲ့ ဗမာအလုပ်သမားတွေကို ကြိုက်သလောက် ခေါ်ခိုင်းလို့ရတယ်။ ဒီနယ်မှာကတော့ ဗမာတွေမရှိရင် လုပ်ငန်းခွင်တွေအားလုံး ရပ်ဆိုင်းရမှာ သေချာတယ်” လို့ ဆိုပါတယ်။

နှင်းဆီခြံမှာ (၁၀) နှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ အလုပ်ကြပ် ကိုစိန်ရဲ့အဆိုအရ နှင်းဆီခြံ တည်ထောင်စဉ်ကာလက သူ့အလုပ်ရှင်ဟာ မော်တော်ဆိုင်ကယ်တစီးသာရှိပြီး အလုပ်သမားတွေနဲ့ အတူနေ အတူစားခဲ့ရာက ဆယ်နှစ်အတွင်းမှာ မဲဆောက် ချင်းမိုင်နဲ့ ဘန်ကောက်မှာ ကိုယ်ပိုင်တိုက်တွေ ကားတွေနဲ့ ဖြစ်လာတဲ့အပြင် လုပ်ငန်းခွင်မှာဆိုလည်း လုပ်ငန်းသုံး ခြောက်ဘီးကားတွေသုံးပြီး တိုးတက်ကြီးပွား ချမ်းသာလာခဲ့ပါတယ်။

ဒီလိုမျက်မြင်ကိုယ်တွေ့ သူ့အလုပ်ရှင် ကြီးပွားလာတာကို ကိုစိန်က “ထိုင်းလူမျိုးတွေဟာ မြန်မာလူမျိုးတွေထက် ကံတရား ပိုကောင်းကြပြီး လုပ်ငန်းထူထောင်စမှာ အစိုးရနဲ့ပုဂ္ဂလိက ဘဏ်တွေကနေ အတိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးခွင့်ရှိတယ်။ ဒီအခွင့်အရေးတွေကြောင့် လုပ်ငန်းရှင်တွေဟာ ကြီးပွားချမ်းသာသွားကြတယ်။ မြန်မာပြည်မှာလည်း အလားတူ အခွင့်အရေး ရရှိခဲ့မယ်ဆိုရင် မြန်မာတွေလည်း အများနည်းတူ တိုးတက်လာနိုင်တယ်” လို့ ထိုင်းအလုပ်ရှင်ကို အားကျ ပြောဆိုခဲ့ပါတယ်။

စိုက်ပျိုးရေးခွင်မှာ မြန်မာအလုပ်သမားအရေး လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ (JACBA) အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ မြန်မာအလုပ်သမား (၂) သောင်းကျော်ဟာ လုပ်အားခနည်းတဲ့ကြားထဲက ဘာအကာအကွယ်မှမရှိဘဲ ပိုးသတ်ဆေးနဲ့အတူ အန္တရာယ်ကြားမှာ ဘ၀ကို ရုန်းကန်နေကြရတာဟာ မြန်မာစစ်အုပ်စုရဲ့ တာဝန်မဲ့မှုကို ထင်ရှားစေတာ ဖြစ်တယ်လို့ ထောက်ပြပြောဆိုပါတယ်။

“ပိုးသတ်ဆေးအန္တရာယ်က အခန့်မသင့်ရင် မျက်စိ၊ နား၊ နှာခေါင်း၊ ဦးခေါင်း၊ လက်တွေကို ချို့ယွင်းပျက်စီးနိုင်မှန်း သိရဲ့သားနဲ့ တနေ့ဘတ် (၇၀-၈၀) နဲ့ လုပ်နေကြရတာက ဗိုက်ပြဿနာကြောင့်ဖြစ်တယ်။ ဗိုက်ပြဿနာနဲ့ ၀မ်းခေါင်းအော်သံက တဆင့် ဒီလိုအနေအထားကို တွန်းပို့လိုက်တာပဲ” လို့ ကိုမိုးကြိုးက ပြောပါတယ်။

ဘယ်လိုပဲပြောပြော ဖို့ဖမြို့နယ်ရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းက စားကုန်သီးနှံစိုက်ပျိုးရေးနဲ့ ပန်းစိုက်ပျိုးရေး လုပ်ငန်းခွင်တွေမှာ မြန်မာအလုပ်သမား (၆) သောင်းလောက်ရှိပြီး (၂) သောင်းလောက်ဟာ နှင်းဆီနဲ့ အခြား ပန်းစိုက်ပျိုးခြံတွေမှာ လုပ်ကိုင်နေကြတာ တွေ့နိုင်ပါတယ်။

ပန်းတွေထဲမှာ ဘန်ကောက်မြို့ကို အများဆုံးတင်ပို့နေတဲ့ နှင်းဆီအပြင် ရွှေဒင်္ဂါးပန်းကိုလည်း ရေမွှေးနဲ့ ဆပ်ပြာ ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ် အသုံးပြုဖို့ ပြည်ပကနေ ၀ယ်ယူမှုတွေ ရှိတယ်လို့လည်း ဘန်ကောက်ကို ပန်းတင်ပို့တဲ့ ပွဲစားတဦးက ပြောပြပါတယ်။

လွန်ခဲ့တဲ့ (၁၀) နှစ်ကစပြီး နိုင်ငံခြားကို နှင်းဆီပန်းတင်ပို့ဖို့ အခြေအနေပေးလာလို့ ခြံပိုင်ရှင်တွေဟာ စံချိန်မီပန်းတွေ စိုက်ပျိုးလာကြပြီး ခြံအသီးသီးက တနေ့ထွက်ရှိတဲ့ နှင်းဆီပန်း အပွင့်ရေဟာ (၁၅) သိန်းခန့် ပုံမှန်ရှိကြောင်း၊ ပန်းတွေကို ဘန်ကောက်ကို ပွဲရုံကတဆင့် တင်ပို့သူတွေ ရှိသလို မိမိအစီအစဉ်နဲ့ တင်ပို့သူတွေလည်း ရှိကြောင်း၊ ပုံမှန်ကာလမှာ တပွင့် (၁) ဘတ်ခန့်သာ ရှိတဲ့ နှင်းဆီပန်းတွေဟာ အနီရောင်၊ ပန်းရောင်၊ အဖြူရောင် စတဲ့ ပန်းအမျိုးအစားပေါ်မူတည်ပြီး ချစ်သူများနေ့မှာ ခြံပေါက်ဈေး တပွင့် (၁၅) ဘတ်ကနေ (၂၀) အထိ ရှိကြောင်း နှင်းဆီခြံပိုင်ရှင်တဦးက ပြောပါတယ်။

နိုင်ငံခြားပို့မယ့်ပန်းတွေဟာ အရည်အသွေးကောင်းမွန်ပြီး သတ်မှတ်စံနှုန်းရှိဖို့ လိုအပ်ပါတယ်။ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း ရောင်းနေတဲ့ နှင်းဆီပန်းတွေဟာ စံနှုန်းမမီလို့ ပယ်ထားတဲ့ ပန်းတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

ဖေဖော်ဝါရီ (၁၄) ရက်နေ့ ကျရောက်မယ့် ချစ်သူများနေ့မှာ ရောင်းဖို့အတွက် စိုက်ခင်းထဲရှိ နှင်းဆီအငုံတွေကို တပတ်လောက် ကတည်းက ကြိုတင်ပြီး အစွမ်းကုန် မပွင့်နိုင်အောင် ဖော့စွပ်နဲ့ အပွင့်တိုင်းကို စွပ်ပေးရပြီး ချစ်သူများနေ့ မတိုင်မီ (၃) ရက်ခန့် အလိုကျမှ ဖော့စွပ်ထားတဲ့ ပန်းတွေကို အပွင့်ကြီးအောင် အပွင့်ကြီးဆေးတွေ ပက်ဖြန်းပေးရပါတယ်။

ဖော့စွပ်ထားတဲ့ ပန်းတွေရဲ့ ခြံထွက်ဈေးက တပွင့် (၁၅) ဘတ်ကနေ (၂၀) အထိ ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ပန်းအလှပြင်ဆိုင်တွေမှာ ချစ်သူများနေ့ ရောင်းချတဲ့ ဈေးနှုန်းက တပွင့်ဘတ် (၃၀) ကနေ ဘတ် (၅၀) အထိရှိပါတယ်။

မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အလုပ်သမားတွေအတွက် တရားဝင် သတ်မှတ်ထားတဲ့ အနိမ့်ဆုံး တနေ့တာ လုပ်အားခက (၁၅၃) ဘတ်ဖြစ်ပေမယ့် ဒေသအတွင်း သတ်မှတ်လုပ်အားခ အပြည့်အ၀ပေးတဲ့ လုပ်ငန်းခွင် မရှိသလောက်ရှားပါးတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက ထောက်ပြပြောဆိုကြပါတယ်။

တကယ်တော့ နှင်းဆီခြံက အလုပ်သမားတွေဟာ နားရက်မရှိတဲ့အပြင် အခါကြီး ရက်ကြီးတွေနဲ့ ကမ္ဘာ့အလုပ်သမားနေ့လို ရက်မျိုးမှာတောင် အလုပ်နားခွင့်မရှိဘဲ နေ့စဉ်ပွင့်တဲ့ပန်းတွေကို ခူးပြီး ထုပ်ပိုးကြရတယ်လို့ အလုပ်ကြပ်တဦးက ပြောပါတယ်။

ချစ်သူများနေ့လို ခါတော်မီပြီး နှင်းဆီပန်းတွေ ဈေးမြှင့်ရောင်းကြတဲ့ ပန်းခြံပိုင်ရှင်နဲ့ ပန်းပွဲစားတွေ၊ လက်လီလက်ကား ရောင်းချသူတွေဟာ သိန်းသန်းချီပြီး အကျိုးအမြတ် ရရှိကြပေမယ့်လည်း ဒီပန်းတွေကို လှပတင့်တယ်စေဖို့ အဓိက ပြုစုပျိုးထောင်ပေးသူ ဥယျာဉ်မှူးတွေရဲ့ဘ၀ကတော့ အဖြည့်ခံသက်သက်မျှသာ ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။
ရဲရင့်
၁၃/ ဖေဖော်ဝါရီ ၂၀၁၀
မူရင်း ။ ။ http://www.khitpyaing.org/articles/2010/february/13210.php

0 comments:

Post a Comment