Saturday, February 13, 2010

ပြည်တွင်းစစ်သာ လောင်ကျွမ်းခဲ့သည့် ပြည်ထောင်စု



ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ပေါ်-မြေပြန့် တိုင်းရင်းသားများအကြား တန်းတူ အခွင့်အရေးရှိသည့် ပြည်ထောင်စုတခု တည်ဆောက်ရန် မျှော်မှန်းခဲ့သော ပင်လုံစာချုပ်သက်တမ်းသည် ယနေ့ဆိုလျှင် ၆၃ နှစ်ရှိပြီဖြစ်သည်။

သို့သော် လွတ်လပ်ရေး ခေါင်းဆောင်များ မျှော်မှန်းထားသည့် ပြည်ထောင်စုကြီးကို မတည်ဆောက်နိုင်သေးဘဲ ပြည်တွင်းစစ်မီးသာ လောင်ကျွမ်းခဲ့သည်မှာလည်း ယနေ့အထိ ဖြစ်သကဲ့သို့၊ လက်ရှိ အုပ်ချုပ်နေသည့် စစ်အစိုးရကလည်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆုပ်ကိုင်၍ ယခုနှစ်တွင် ရွေးကောက်ပွဲပြီးလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိတော့မည်ဟု တိုင်းရင်းသားများကို မက်လုံးပေးနေဆဲဖြစ်သည်။

အဆိုပါ ဖွဲ့စည်းပုံဥပဒေပါ အချက်အလက်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံ စာချုပ်ပါ သဘောတူညီချက်များနှင့် ကိုက်ညီမှုမရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် အန်အယ်ဒီက ပြောဆိုသည်။

ဇိုမီး အမျိုးသား ကွန်ဂရက် ZNC ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က “ပြည်ထောင်စုဆိုတာမျိုးဟာ တိုင်းရင်းသား အားလုံး ခွဲခြားမှု မရှိဘဲ တန်းတူညီတူ ခံစားခွင့်၊ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေပုဒ်မ တခုမှ မရှိဘူးဆိုတော့ ပြည်ထောင်စုလို့ မခေါ်နိုင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

ဒီမိုကရေစီနိုင်ငံများတွင်မူ နိုင်ငံရေးလုပ်လိုသည့် တပ်မတော်သားများသည် စစ်ဖက်တာဝန်များမှ နုတ်ထွက်လေ့ ရှိသော်လည်း မြန်မာစစ်တပ်ကိုမူ “ယူနီဖောင်း” ဖြင့်ပင် နိုင်ငံရေး၌ ပါဝင်နိုင်ရန် အခွင့်အရေး ပေးထားခြင်းသည် အဆိုးဆုံး ဖြစ်သည်ဟုလည်း သူက ဆိုသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေပါ အခန်း ၆ အရ “အမျိုသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ” တွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်ဆိုသည့် အချက်ကို ထောက်ပြလိုက်ခြင်းလည်း ဖြစ်သည်။

ပြည်ပအခြေစိုက် တိုင်းရင်းသားလူမျိုးများကောင်စီ ENC တွဲဘက်အတွင်းရေးမှူး ဆလိုင်းရွှေခါးကလည်း တိုင်းရင်းသားများ လိုလားသော ပင်လုံစာချုပ် အပိုဒ် ၅ နှင့် ၇ ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အခြေခံ တန်းတူ အခွင့်အရေးများသည် ၂ဝဝ၈ အခြေခံ ဖွဲ့စည်းပုံနှင့် ကိုက်ညီမှု မရှိကြောင်း ပြောသည်။

အန်အယ်ဒီ ပြောခွင့်ရ ဦးအုန်းကြိုင်ကမူ ဖဆပလခေတ်၊ ပါလီမန်ခေတ်၊ မဆလခေတ်၊ နဝတခေတ်နှင့် နအဖ စစ်အစိုးရ ယနေ့ထိ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဆောင်ခြင်း မရှိကြောင်းနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံတွင် ဒီမိုကရေစီ နည်းမကျသည့် အချက်များ ပါဝင်နေသဖြင့် ပြန်ပြင်ရမည်ဖြစ်ကြောင်း ပြောသည်။

“ပင်လုံစာချုပ်မှာက အချက် ၉ ချက် ပါတယ်လို့ သိရတယ်။ အဓိက တိုင်းရင်းသားတွေအားလုံး တန်းတူညီမှု ရှိရမယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ပြည်နယ်/တိုင်းတွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ အကြမ်းအားဖြင့် သိပါတယ်” ဟု သူက ပြောသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များအကြား ပြည်ထောင်စုကြီး တည်ဆောက်ရန် သဘောတူခဲ့ကြပြီး ရှမ်းပြည်နယ် ပင်လုံမြို့တွင် သမိုင်းဝင် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ ပြည်ထောင်စုနေ့ သဝဏ်လွှာအတွင်း၌ လွတ်လပ်ရေး ကြိုးပမ်းခဲ့သည့် ခေါင်းဆောင်များ၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြု ဖော်ပြခြင်းမရှိဘဲ ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားမည့်အကြောင်းသာ အလေးပေး ထည့်သွင်းပြောဆိုခဲ့သည်။

မည်သို့ပင်ဆိုစေ စစ်တပ်ကြီးစိုးရေး လမ်းစဉ်လည်းဖြစ်ပြီး တိုင်းရင်းသား လူမျိုးများ၏ တန်းတူ အခွင့်အရေးကို ဖော်ဆောင်နိုင်စွမ်း မရှိသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေအတိုင်း ရွေးကောက်ပွဲ ကျင်းပရုံဖြင့် ပြည်တွင်းစစ်မီး ရပ်စဲမည်ဟု မျှော်လင့်စရာ အကြောင်းမရှိပါ။

တိုင်းရင်းသားလူမျိုးများ အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကို လူတန်းစားတရပ်က သော်လည်းကောင်း၊ လူတစုကသော်လည်းကောင်း ချုပ်ကိုင်နေဦးမည်ဆိုပါက ပြည်ထောင်စု နိုင်ငံတော်ဟု အမည်ခံထားသည့် နိုင်ငံတော်ကြီးတွင် စစ်မီးလျှံများသာ တဟုန်းဟုန်း တောက်လောင်နေလိမ့်မည် ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့တွင် တင်ပြလိုက်ရပါသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

0 comments:

Post a Comment