Thursday, January 28, 2010

အားလုံးတူညီ ဒီမိုကရေစီဖော်ဆောင်ရမည်


သူ့ကို တင်ဆောင်လာသော ယာဉ်ငယ်လေးသည် ဂြိုဟ်ဆွဲအားကြောင့်တရှိန်ထိုး ပျက်ကျကာပေါက်ကွဲသွား၏။
အခန်း(၁)
သူသတိရလာသောအခါ ဂြိုဟ်ပြာကြီးတစ်လုံးပေါ်တွင်ရောက်နေလေ၏။ နေရာမှလူးလဲထလိုက်သည်။
ဒေသစိမ်းတွင် ဟိုဟိုဒီဒီ စူးစမ်းနေမိ၏။ သတင်းအချက်အလက်တွေအရဆိုလျှင်တော့ ဒီဂြိုဟ်ပေါ်တွင်လူသား
များရှိနေခဲ့သည်။
ရှေးနှစ်သန်းပေါင်းများစွာက အတ္တလန်တာနိုင်ငံတော်ကြီးသမုဒ္ဒရာ ဖြစ်သွားစဉ် ဒီဂြိုဟ်သို့ပြောင်းရွေ့
နေကြသူများ၏မျိုးဆက်များဖြစ်သည်။
အတန်ကြာလျှောက်သွားနေမိသော်လည်း လူသူတစ်ဦးတလေမျှမတွေ့၊ရှေ့ဆီတွင် ကုန်းမြင့်ဂမူ တစ်ခု
သာတွေ့သဖြင့်သူတက်သွားလိုက်သည်။တစ်ဝက်ခန့်အမြင့်သို့ရောက်သောအခါ ကမူထိပ်ဆီသို့တဖြည်းဖြည်း
ရွေ့လျှားလာသောကျောက်တုံးကြီးတစ်တုံးကိုရုတ်တရက်တွေ့လိုက်ရ၏။
ခဏတော့သူလန့်သွားသည်။သေသေချာချာကြည့်တော့မှလူတစ်ဦးကျောက်တုံးကြီးကိုပြီးသူရှိရာဆီတဖြည်း
ဖြည်းလှမ်းလာနေ၏။
ကမ္ဘာမြေမှသူ့ကို(ဒီဂြိုဟ်ပေါ်ရှိလူသားများနှင့်ဆက်သွယ်ရန်)စေလွှတ်လိုက်သောကိစ္စအောင်မြင်လေပြီဟု
လည်းတွေးမိသည်။ သို့သော်သူ့ယာဉ်ပျံပျက်သွားသည့်အတွက် တော့ကမ္ဘာမြေသို့သူပြန်ဖို့ဘယ်လို
ဖြေရှင်းရမည်မသိ။လောလောဆယ်အားဖြင့်တော့ဒီဂြိုဟ်ပေါ်က လူကိုသာ အကူအညီရလိုရညား မေးစမ်း
ကြည့်ရမည်။
ထိုလူက သူပြောသည့်စကားကိုနားလည်နေသောကြောင့်တော်သေးသည်။ သို့သော်ထိုလူပြောသော
စကားများကြောင့် သူစိတ်ပျက်သွားရသည်။ ဒီဂြိုဟ်ပေါ်တွင်ကမ္ဘာသို့ပြန်စရာ ယာဉ်ပျံမရှိ။ ဆက်သွယ်နိုင်မယ့်
ခေတ်မီသတင်းပို့စက်များမရှိ။ စားစရာ အလေ့ကျပေါက်နေသောသီးနှံများမှအပ ဘာဆိုဘာမှမရှိပါတဲ့။
သူတော်တော်စိတ်ဓာတ်ကျသွားသည်။ သို့သော် အဖော်မရှိသဖြင့် သူတို့နေထိုင်ရာဆီပြန်မည့်
ထိုသူနှင့်အတူတော့လိုက်သွားရသည်။ ထိုသူက ကျောက်တုံးကြီးရွက်ရင်းသူ့ရှေ့မှလေးလေးပင်ပင်
လမ်းပြခေါ်ဆောင်နေလေသည်။ လမ်းတွင်သူ့ကိုမေးမိသည်။
“ ခင်ဗျားခေါင်းပေါ်က ကျောက်တုံးကြီး ဘာလို့ရွက်ထားတာလဲဗျ“
“မသိဘူးလေဗျာ“
“ဟင်မသိဘူး“
“ဟုတ်တယ်လေဗျာ ကျုပ်တို့ဂြိုဟ်ပေါ်မှာ ဒီလိုလူတိုင်းရွက်နေကြတာပဲ။ အဲဒီတော့ ကျုပ်လည်းရွက်ထားတာပေါ့။ ရှေးကတည်းကစပြီး ဒါ အစဉ်အလာဗျ“
“ခင်ဗျားတို့ အမြဲတမ်းအဲလိုပဲ ရွက်ထားတာပဲလား“
“အေးပေါ့ဗျ. ဘာပင်ပန်းတာလိုက်လို့“
မပင်ပန်းဘူးသာဆိုတယ် သူ့ကိုကြည့်ရသည်မှာ မသက်သာ။ တော်တော်ဥာဏ်မရှိတဲ့သူတွေပဲဟု
စိတ်ထဲက ရှုတ်ချလိုက်မိသည်။ သူများရွက်တိုင်း လိုက်ရွက်ကြသတဲ့။ ဒီဂြိုဟ်ပေးမှ လူများ၏ဆင်ချင်ဥာဏ်
မဲ့ပုံကို ရယ်ချင်မိသည်။ သို့သော် ဘာမှဆက်မမေးနေတော့ပဲ ဂြိုဟ်ပေါ်မှ လူ၏ နောက်မှတိတ်ဆိတ်စွာ
ရင်ထဲက သရော်နေရင်း လိုက်လာတော့သည်။
အခန်း(၂)
ဂြိုဟ်ပေါ်မှလူများနေထိုင်ကြသည့်နေရာနားသို့သူတဖြည်းဖြည်းရောက်လာခဲ့သည်။ လူသူတွေတစ်ယောက်ပြီးတစ်ယောက်တွေ့ရ၏။ ပုံမှန်သူလိုလူသားများအတိုင်းပင်။ ထူးခြားနေခြင်း
တစ်ခုသာရှိ၏။
ပထမတစ်ယောက်တွေ့၏။ ကျောက်တုံးကြီးရွက်ထား၏။ဒုတိယ တစ်ယောက်တွေ့
တော့လည်း ကျောက်တုံးကြီးရွက်ထား၏။ သူနှုတ်ခမ်းကွေးအောင်ပင် သရော်မိ၏။
အသံတော့မထွက်စိတ်ထဲကသာဖြစ်၏။
တတိယတစ်ယောက်တွေ့ပြန်သည်..
စတုတ္ထတစ်ယောက်……
ပဉ္စမတစ်ယောက်…….
တဖြည်းဖြည်းလူတွေတော်တော်များနှင့်တွေ့၏။ အားလုံးသူ့ကို (ကျောက်တုံးရွက်မထားသူဖြစ်သောကြောင့်)
အထူးအဆန်းသဖွယ်ဝိုင်းကြည့်ကြသည်။ သူအနေရခက်လာသလိုရှိ၏။
သူတို့ရွက်ထားသော ကျောက်တုံးများကိုကြည်မိ၏ ။စိတ်ထဲသိပ်မလေးလှဘူးဟု ထင်မိသလိုလိုပါပင်။
အခန်း(၃)
သို့နှင့် သူတို့ဂြိုဟ်ပေါ်တွင်နေထိုင်ခဲ့ရင်း သူအရင်ဆုံးတွေ့သည့်လူ၏ ဂူတွင်တည်းခဲ့သည်။ သို့သော်
အပြင်သိပ်မထွက်ရဲ။လမ်းထွက်တိုင်း လူတွေက သူ့ကိုအထူးအဆန်းသတ္တ၀ါတစ်ကောင်လို ၀ိုင်းကြည့်ကြသော
ကြောင့်ဖြစ်၏။ နောက်မှတဖြည်းဖြည်း လူတွေနှင့်ဝင်ဆံ့အောင်လုပ်ရ၏။တစ်ရက် အပြင်ထွက်၏။ လူတိုင်း
ကျောက်တုံးရွက်ထား ကြသည်။
ထပ်ပြီးနောက်တစ်ရက်ထွက်ပြန်၏။ လူတိုင်း…………
ထိုမှ…. နောက်တစ်ရက်…….နောက်တစ်ရက်………
လူတွေအကုန်ကျောက်တုံးရွက်ထားသည်ကိုသာမြင်နေရသည်။ နေ့တိုင်းပင်မြင်နေရ၏။ လူတိုင်းဖြစ်၏။
အခန်း(၄)
တစ်လတိတိကြာသောအခါတွင်တော့ သူပါကျောက်တုံးရွက်ထားသည်ကိုလူတိုင်းတွေ့မြင်နိုင်ကြ၏။
အဆုံး
ထိုအရပ်တွင် လူဦးရေ တစ်ရာ ခန့်သာရှိ၏ ။ သူတကယ်ပင်တစ်လ မျှသာနေရသေးသည်။
သို့သော် သာမာန်လူတစ်ယောက်ကို သွားလေရာကျောက်တုံးရွက်တတ်ရန် အချိန်တစ်လခန့်နှင့်
လူတစ်ရာခန့်သာလို၏……..
ကဲ …ဇာတ်လမ်းကတော့ ဒါပါပဲ ။ ဆရာသွန်းနေစိုး ရဲ့ “ဂြိုဟ်ပြာပေါ်တွင်“ ဆိုတာလေးပါ ကျနော်တို့ဘာကို သိလိုက်ရသလဲ ဆိုတော့ အခု ကျနော်တို့အားလုံးရွက်ထားဖို့ စစ်အုပ်စုပြုတ်ကျရေးဆို တဲ့ကျောက်တုံးကြီးရှိနေတယ်လေဗျာ။ ရှေးက အကိုတော်တွေ ၊ အစ်မတော်တွေ ထမ်းရွက်ခဲ့ကြပြီးပြီ ။ ထမ်းရွက်ထားတုန်းရှိသေးသည်။ ကျနော်တို့ဒီတာဝန်ကို ထမ်းရွက်ဖို့ ၀န်လေးတယ်ထင်နေတယ်မဟုတ်လား …? အားလုံးထမ်းရွက်အောင်လုပ်နိုင်ကြရင် ဘယ်သူခံနိုင်မှာလဲ …. လူတစ်ယောက်ပါလာအောင် တစ်လလောက်စည်းရုံး တတ်ရင်ဖြစ်တယ်ဆိုတော့ လက်ရှိ NLD မှာ ၊ နိုင်ငံခြားမှာ အတိုက်အခံပေါင်းများစွာ ရှိနေသေးတယ် မဟုတ်လား ? ကဲ အားလုံးစည်းစည်းရုံးရုံးနဲ့ လူတွေကို ထမ်းရွက်တတ်လာအောင်လုပ်မပြနိုင်တော့ဘူးလား ? တကယ်လို့ လုပ်ပြနိုင်ခဲ့ရင် တော့ ကျနော်ထင်ပါတယ် ကျနော်တို့ပန်းတိုင် ဟာ မဝေးတော့ပါဘူး … မလုပ်ပြနိုင်ခဲ့ရင်တော့………………………..?

0 comments:

Post a Comment