ကျနော်တို့ဟာ ဒီမြေကမ္ဘာဆိုတာထဲကို အဖော်မပါပဲ ကိုယ်စီကိုယ်စီ ရောက်ရှိခဲ့ကြတယ်။ ကမ္ဘာမြေပေါ်ခြေချတယ်ဆိုရင်ပဲ တချို့ တွေက လရောင်တွေနဲ့ပက်ဖျန်းပြီး ကြိုဆိုခံရတယ်။ တချို့တွေကျတော့ လေနီကြမ်းတွေရဲ့ ခပ်ကြမ်းကြမ်းကြိုဆိုမှုတွေနဲ့ ကြုံခဲ့ရတယ်။ ဒီလို မတူညီတဲ့ကြိုဆိုမှုတွေနဲ့အတူ ဘ၀ဆိုတဲ့သံသရာကို နည်းမျိုးစုံနဲ့စတင်ထိတွေ့ခဲ့ကြတယ်။
ကျနော်တို့ဟာ ဒယိမ်းဒယိုင်နဲ့ အမိရင်ခွင်ထဲကနေ ကိုယ့်ကိုယ်ကိုရပ်တည်ဖို့ကြိုစားရင်း ကောင်းမှု၊ မကောင်းမှု စတဲ့လောကရဲ့ အဘိဓမ္မာဆိုတာတွေကို စတင်ရင်းနှီးခဲ့ပြန်တယ်။ တချိန်တည်းမှာပဲ ကိုယ့်ရင်ထဲမှာအတ္တဆိုတာ ရှိတယ်ဆိုတဲ့အကြောင်းနဲ့ အဲဒီအတ္တတွေ ရဲ့အခြားတဘက်မှာ ငြိမ်းအေးတဲ့ဆည်းလည်းသံတွေရှိတယ်ဆိုတာကိုလည်း နားလည်ခဲ့ကြရတယ်။ တခါဆက်လက်ပြီးတော့ လူနဲ့ တရိစ္ဆာန်တို့ ရဲ့ကွာဟမှုတွေကိုလည်း နားလည်လာခဲ့ရတယ်။ ချစ်ခြင်းမေတ္တာ၊ အသိတရား၊ မြင့်မြတ်မှု၊ ပေးဆပ်မှု၊ စွန့်လွှတ်မှု၊ အနစ် နာခံမှု၊ ကောက် ကျစ်မှု၊ ယုတ်မာမှု၊ ဓမ္မ၊ အဓမ္မ အစရှိတဲ့စကားလုံးတွေနဲ့လည်း ရင်းနှီးမှုရရှိခဲ့ကြပြန်ပါတယ်။
ဒီလိုနဲ့ နောက်ဆုံးမှာတော့ လူအားလုံးဟာ မြေကြီးရဲ့အောက်ကိုပြန်ပြန်ရောက်ရတယ်ဆိုတဲ့ သေခြင်းတရားဆိုတာကို ဆက်ပြီး တွေ့မြင်ခဲ့ရပြန်ပါတယ်။ ဒီတော့ ကျနော်တို့ရဲ့ အသက်ရှင်ရှင်နေထိုင်ခြင်းဆိုတာ ဘာပါလဲ။ အသက်ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ဆိုတာက ကော ဘာကိုဆိုလိုပါသလဲ။ တရိစ္ဆာန်ထက်သိဥာဏ်ပိုမြင့်မားတဲ့ လူသားရဲ့အသက်ရှင် ခြင်းဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမလဲ။ အိပ်၊ စား၊ ကာမနဲ့ ကိုယ့်အတ္တကိုသာရွှေချနေရုံနဲ့ လူဟာ တိရစ္ဆာန်နဲ့ ကွာဟမှုရှိနိုင်ပါ့မလား။ လူဟာ တိရစ္ဆာန်ထက်ပိုမြင့်မြတ်တယ်ဆိုတာကို ဘယ်လိုအသက်ရှင်ခြင်းမျိုးနဲ့သက်သေပြနိုင်မလဲ။
ကျနော်ကတော့ အဝေးကျောင်းသင်္ခမ်းလေးဆီက အေးငြိမ်းတဲ့၊ မောဟကင်းတဲ့၊ ရောင့်ရဲမှုတွေနဲ့အတိပြီးတဲ့ ခေါင်းလောင်းသံ တွေကို ကြားယောင်နေမိပါတယ်.....။
Posted by HKO at

0 comments:
Post a Comment