Thursday, December 17, 2009

''ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်နေ့ စွဲများ''



ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကျွန်မခံလိုသူ ဦးမင်းရောင်၏မြေးဖြစ်၍ ရှေ့နေကြီး
ဦးဖာနှင့် ဒေါ်စုတို့၏သားဖြစ်သည်။
၁၉၁၅။ ။ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၁၂၇၆ တပေါင်းလဆန်း ၁ရက် စနေနေ့ တွင်
မကွေးတိုင်းနတ်မေါက်မြို့ ၌ဖွားမြင်သည်။ဗေဒင် ဆရာကဇာတာတွင် ထိန်လင်းဟု
အမည်ရေးသော်လည်း အကိုဖြစ်သူအောင်သန်းနှင့်လိုက်ဖက်ရန် အောင်ဆန်းဟုခေါ်
တွင်ခဲ့ သည်။
၁၉၂၂။ ။ အသက်(၇) နှစ်တွင်နတ်မောက်မြို့ ဆရာတော်ဦးသောဘိတထံတွင်
ကျောင်းနေခဲ့ သည်။
၁၉၂၈။ ။ ရေနံချောင်းအမျိုးသားအထက်တန်းကျောင်းသို့ ပြောင်းနေခဲ့သည်။
၁၉၃ဝ။ ။သတ္တမတန်းအောင်ကာ ဦးရွှေရိုး စကောလားရှစ်ရသည်၊ တစ်လ ၁ဝ
ဖြင့်သုံးနှစ်စာစကောလားရှစ်ရခဲ့ သည်။
၁၉၃၂။ ။ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ
ရန်ကုန်တက္တသိုလ်ရောက်သည်။
၁၉၃၄။ ။ဥပစာတန်းအောင်သည်(စာမေးပွဲခုံအမှတ်၂၃၁)။ တကသအမှူဆောင်
ရွေးကောက်ပွဲရှုံးနိမ့်သည်။
၁၉၃၅-၃၆ ။ ။တကသအမှူဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးဝေ
မဂ္ဂဇင်း အယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်း၌
'ခွေးသရမ်းကြီးလွတ်နေသည်'ံဆောင်းပါးရေးသူကို
ထုတ်ဖေါ်မပြော၍တက္တသိုလ်မှထုတ်ပယ်ခံရသည်။
၁၉၃၆။ ။တကသ ဒုဥက္တဌရွေးချယ်ခံရသည်၊ ရန်ကုန်မြို့ ဂျူဘလီဟောခန်းမ၌
ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံတွင်မိန့်ခွန်းပြောကြား
သည်။
၁၉၃၇။ ။အင်္ဂလိပ်စာပေ၊ ဥရောပရာဇဝင်၊ နိုင်ငံရေးဗေဒဘာသာရပ်များဖြင့်
ဝိဇ္ဇာတန်းအောင်မြင်သည်။
၁၉၃၇-၃၈ ။တကသဒုဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား
များသမဂ္ဂ ဥက္ကဌအဖြစ်လည်းဆောင်ရွက်သည်။
၁၉၃၇။ ။ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာရနှင့်စာဖတ်အသင်း ဥက္ကဌအဖြစ်
ဆောင်ရွက်သည်၊ပဲခူးဆောင်အခန်းအမှတ်(၁၁၃)တွင်နေခဲ့သည်။
၁၉၃၈။ ။ဥပဒေသင်ကြားနေရာမှ၎င်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ
ဥက္ကဌနေရာမှ၎င်း နှုတ်ထွက်သည်။
အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော နယူးဘားမား သတင်းစာအယ်ဒီတာအဖွဲ့တွင်
ခေတ္တဝင်ရောက်လုပ်ကိုင်သည်။ ပထမဦးဆုံးတက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်
တက္ကသိုလ်ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ အောက်တိုဘာလတွင်
သခင်ကိုယ်တော်မှိုင်းဦးဆောင်သော တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်သည်။
၁၉၃၈-၃၉ ။ တကသဥက္ကဌအဖြစ်ဆောင်ရွက်သည်။
၁၉၃၉။ ။ဇန်နဝါရီလတွင် ရန်ကုန်အရေးတကြီးလုံခြုံရေးအက်ဥပဒေဖြင့် (၁၅) ရက်
ဖမ်းဆီးထောင်ချခံရသည်။ ဖေဖေါ်ဝါရီလ(၂၅)ရက်နေ့ သန်းခေါင်ကျော် ၂နာရီခွဲ
တွင်ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်းအလုပ်
အမှူဆောင်အစည်းအဝေးသို့ တက်ရောက်သည်။
ဖေဖေါ်ဝါရီလ ၂၆ရက် ညနေ၅နာရီင်္ခွဲတွင် ဗမာပြည်နန်းရင်းဝန်၊ မြို့မိမြို့ဖ အဖွဲ့ဝင်
လူကြီးများနှင့် ကျောင်းသားခေါင်းဆောင်များ (ကျောင်းသားသပိတ်အရေးနှင့်
စပ်လျဉ်း၍) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့ တက်ရောက်သည်။ ဧပြီ ၆
ရက်မှ ၉ ရက်အထိကျင်းပသော မော်လမြိုင်ညီလာခံတွင် အတွင်းရေးမှူး အဖြစ်
တာဝန်ခံ ဆောင်ရွက်သည်။ သြဂုတ်လ၁၃ ရက်နေ့တွင် ရန်ကုန်ရေကျော်ရပ်
တို့ဗမာအစည်းအရုံးတည်ရာဌာန၌ သခင်အောင်ဆန်း၊ သခင်လှဖေ၊ ကိုသိန်းဖေ၊
ကိုဗဟိန်း၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံးအတွင်းတွင် ကွန်မြူနစ်အဖွဲ့
လေးတရပ် စတင်ဖွဲ့ စည်းသည်။ သြဂုတ်လ ၁၅ ရက်နေ့ တွင်ရန်ကုန်အရှေ့ ပိုင်း
၄၉လမ်းအိမ်နံပါတ် ၁၈၈တွင် ဗမာပြည်ကွန်မြူနစ်ပါတီကိုလျို့ ဝှက်စွာတည်ထောင်
ဖွဲ့စည်းပြီး သခင်အောင်ဆန်းက အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူ
ခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် ဒေါက်တာဘမော်အိမ်၌ကျင်းပသော အစည်း
အဝေး၌ ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။
နိုဝင်ဘာ ၁၈ ရက်နေ့တွင် မြေအောက်တော်လှန်ရေးဗဟိုအဖွဲ့ကို စတင်တည်ထောင်
ကာ သခင်အောင်ဆန်းအား ပြည်ပခေါင်းဆောင်အဖြစ် တင်မြှောက်ကြသည်။
၁၉၃၉ ဒီဇင်ဘာလမှ ၁၉၄ဝ ဇန်နဝါရီလ အတွင်းဗမာတစ် ပြည်လုံးသို့
တရားလှည့်လည်ဟောပြောခဲ့သည်။
၁၉၄ဝ။ ။ မတ်လ ၂၂ ရက်နေ့ အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့တွင်ကျင်းပသော
အိန္ဒိယအမျိုးသား ကွန်ဂရက်ညီလာခံသို့ သခင်သန်းထွန်း၊ သခင်ခင်အောင်၊
သခင်တင်မောင်၊သခင်ဆင်ဂူပတား၊ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်)၊ကိုဗဟိန်း တို့နှင့်အတူ
တက်ရောက်ခဲ့ကာ မေလ ၅ ရက်၌ ရန်ကုန်ပြန်ရောက်သည်။ ဇွန်လ ၂၉ ရက်တွက်
ဟင်္သတခရိုင် ရာဇဝတ်ဝန်မစ္စတာဇေးဗီးယားက ဇွန်လ ၁ ရက်နေ့ ဇလွန်မြို့ ၌
ချင်းတောင်အကြောင်းဟောပြောမှုဖြင့် သခင်အောင်ဆန်းကိုဖမ်းရန် ၅ ကျပ်တန်
ဝရမ်းကိုထုတ်ခဲ့ သည်။ သြဂုတ်လ ၈ ရက်နေ့ တွင် သခင်လှမြိုင်နှင့် အတူ ဟိုင်လီ
အမည်ရှိသင်္ဘောဖြင့် ဗမာပြည်မှ တရုပ်ပြည်သို့ လျို့ဝှက်စွာထွက်ခွာခဲ့ကြသည်။
သြဂုတ်လ ၂၄ ရက်နေ့တွင် တရုပ်ပြည် အမွိုင်သို့ ရောက်ရှိကာ ထိုမှတဆင့်
နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။
၁၉၄၁။ ။ မတ်လ ၃ ရက်နေ့တွင် ဗမာပြည်သို့ပြန်လာပြီး မတ်လ၉ ရက်နေ့၌
ရဲဘော်သုံးကျိပ်ထဲမှ ပထမအသုတ်လူငယ်တစ်စုကို တပါတည်းခေါ်ယူပြီး ဂျပန်
ပြည်သို့ လျို့ဝှက်စွာပြန်လည်ထွက်ခွာခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဂျပန်ပြည်
တိုကျိုမြို့သို့ ပြန်လည်ဆိုက်ရောက်ခဲ့သည်။ ထိုနှစ်နိုဝင်ဘာလ ဝရမ်းပြေးနေစဉ်
တက္ကသိုလ်အုတ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်သည်။ ဒီဇင်ဘာ ၂၇ ၊ ၁၉၄၁ စနေနေ့ ည
၁ နာရီအချိန်တွင် ယိုးဒယား ပြည်ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီးဦးလွန်း
ဖေ၏နေအိမ်တွင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့ စည်း
ပြီး လက်မောင်းသွေးဖေါက်သောက်ကြသည်။
၁၉၄၂။ ။ ဇန်နဝါရီလ ၁ ရက် တွင် အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို
ဘားမားလစ် ခေါ် အင်္ဂလိပ်အစိုးရ ၏ရန်သူတော်စာရင်းတွင် အ
မှတ်စဉ် ၅ အဖြစ်ကြေညာခဲ့သည်။ ဇူလိုင်လတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာ
ကွယ်ရေးတပ်မတော် စစ်သေနာပတိအဖြစ်ဆောင်ရွက်သည်။ သြဂုတ်လ ၁ ရက်
တွက် ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ဘီဒီအေ ဗမာ့ကာကွယ်ရေး
တပ်မတော်အဖြစ်သို့ ပြောင်းလဲရာတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေတပ်မတော်
၏သေနာပတိဖြစ်လာသည်။ စက်တင်ဘာလ ၆ ရက်တွင် ဒေါ်ခင်ကြည်နှင့်
လက်ထပ်သည်။ လက်ထပ်ပွဲကို ဆေးရုံ ယခုစစ်ရုံးချုပ်ပေါ်၌ပင် ကျင်းပသည်။
နိုဝင်ဘာလ ၈ ရက်တွင် မြို့တော်ခန်းမ၌ကျင်းပသော ခေတ်သစ်ဆရာဖြစ်သင်တန်း
တွင် သေနင်္ဂဗျူဟာစစ်ပညာ အကြောင်းဟောပြောသည်။
၁၉၄၃။ ။ မတ်လတွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ မတ်လ ၁၇
ရက်တွင် ဒေါက်တာဘမော်နှင့်အတူ ဂျပန်ပြည် တိုကျိုမြို့သို့ ဖိတ်ကြားခြင်းခံရပြီး
၁၉၄၃ မတ်လ ၂၂ တွင် ဂျပန်အင်ပါယာ၏ ဘွဲ့ထူးဂုဏ်ထူးတံဆိပ်
ဖြင့် ချီးမြှင့်ခြင်းခံရသည်။ သြဂုတ်လ ၁ ရက်တွင် ဗမာ့
တပ်မတော် စစ်ဦးစီး သေနာပတိ ရာထူးအပြင် စစ်ဝန်ကြီးအဖြစ်ဆောင်ရွက်သည်။
ဂျပန်အစိုးရ၏( First Class Order Of The Sacred Treadsure) ချီးမြှင့်
ခြင်းခံရသည်။ အောက်တိုဘာ ၂ ရက်တွင် ဦးဝိစာရကြေးရုပ်နှင့် ကျောက်တိုင်
ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားသည်။
၁၉၄၄။ ။ သြဂုတ်လ ၄ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီး ဖက်ဆစ်
တိုက်ဖျက်ရေးနှင့်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီး (ဖဆပလ)ကို ပဲခူးမြို့ ဗမာ့
တပ်မတော် တိုင်း ၄ စခန်း၌ လျို့ဝှက်စွာ ဖွဲ့စည်းခဲ့သည်။ ထိုသို့ဖွဲ့စည်းရာ၌
ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ ဗဟိုဦးစည်းအဖွဲ့တွင်၎င်း၊ ဖဆပလ ဗဟို
စစ်ကောင်စီတွင်၎င်း၊ စစ်ရေးခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရသည်။
သြဂုတ်လ ၂၃ ရက် ဗုဒ္ဇဟူးနေ့တွင် ရန်ကုန်မြို့ပတ်လမ်းနှင့် ဦးထွန်းမြင့်
လမ်းထောင့်ရှိ စစ်ဝန်ကြီးဗိုလ်ချုပ် အောင်ဆန်း၏နေအိမ်၌ ဗမာ့တပ်မတော်
ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့ ပါဝင်ဖွဲ့စည်းသော
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့ စည်းသည်။
စက်တင်ဘာ ၃ ရက်တွင် ဗိုလ်မှူးကြီး စောကြာဒိုး၊ ဗိုလ်ကြီး စောစံဘိုးသင်၊
ဗိုလ်မှူးရဲထွတ်၊ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နှင့်အတူ မြောင်းမြမြို့သို့ ရောက်လာ
ကြသည်။ စက်တင်ဘာလ ၇ ရက်တွင် ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်ကြီး
စောစံဘိုးသင်၊ ဒုဗိုလ် သိန်းဆေ၊ွ ဗိုလ်မှူးကြီးဇေယျ၊ ဗိုလ်မှူးရဲထွတ် တို့ နှင့်အတူ
ပုသိမ်ခရိုင် ကန်ကြီးထောင့်ရွာသို့ ခရီးထွက်ကြသည်။
၁၉၄၅။ ။ မတ်လ ၁၇ ရက်တွင် ရန်သူကိုတိုက်ခိုက်ရန်အတွက် တပ်မတော်
ကိုဦးဆောင်၍ စစ်မြေပြင်သို့ထွက်ခဲ့သည် ။ မတ်လ ၂၇ ရက်နေ့တွင် ဖက်စစ်
ဂျပန်များကို စတင်တော်လှန်သည်။ မေလ ၁၆ ရက်တွင် ဗိုလ်ချုပ်စလင်းနှင့်
ပထမဦးဆုံးအကြိမ် တွေ့ဆုံသည်။ ဇွန်လ ၂ဝ ရက်တွင် အင်္ဂလိပ်စစ်သင်္ဘော
ကမ်ဘာလင် (H.M.S. Cumberland) ပေါ်၌ အခြားနိုင်ငံရေး ခေါင်းဆောင်
များနှင့်အတူ ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် တွေ့ဆုံဆွေးနွေးသည်။ သြဂုတ်လ ၁၉
ရက် နေသူရိမ်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည်။ သြဂုတ်လ ၂၉ ရက်
မြို့တော်ခန်းမ၌ကျင်းပသည့် အရှေ့အနောက်အသင်း
တွင်အင်္ဂလိပ်ဘာသာဖြင့် ဟောပြောခဲ့သည်။ စက်တင်ဘာလ ၎
ရက်တွင် အရှေ့တောင်အာရှဆိုင်ရာသေနာပတိ လော့မောင့်ဘက်တန်နှင့် ဗမာ့
တပ်မတော် ဆက်လက်တည်တံ့ရေးအတွက် ဆွေးနွေးရန် သခင်သန်းထွန်း၊ ဗိုလ်
လင်္ကျာ၊ ဗိုလ်နေဝင်း၊ ဦးဘဖေတို့နှင့်အတူ သီဟိုကျွန်း ဂန္ဇီ မြို့သို့သွားသည်။
၁၉၄၆။ ။ဇန်နဝါရီ ၂ဝ ရက်တွင် ရွှေတိဂုံ အလယ်ပစ္စယံ၌ကျင်းပသော နိုင်ငံလုံး
ဆိုင်ရာ ဖဆပလ ညီလာခံတွင် ဖဆပလဥက္ကဌအဖြစ် တင်မြှောက်ခံရသည်။ မတ်လ
၎ ရက်တွင် သခင်မြ၊ ဟင်္သာတဦးမြ၊ ဦးအောင်စံဖေတို့နှင့်အတူ ရန်ကုန်မှ ရခိုင်သို့
ခရီးထွက်သည်။ မတ်လ ၆ ရက်တွင် တောင်ကုတ်ရောက်သည်။ မတ်လ ၇
ရက်တွင် တောင်ကုတ်၌ တရားဟောသည်။ မတ်လ ၁ဝ ရက်တွင် စစ်တွေကို
ရောက်ပြီး၊ မတ်လ ၁၁ ရက်နေ့၌ စစ်တွေမြို့ တွင် တရားဟောသည်။ မတ်လ ၂၆
ရက်တွင် စထရင်း ဟော်တယ်၌အိန္ဒိယခေါင်းဆောင် ပဏ္ဍစ် နေရူး နှင့် ၃
နာရီကြာဆွေးနွေးသည်။ မေလ၂၈ ရက် ညနေ ၄ နာရီ အချိန်၌ ပြည်သူ့
ရဲဘော်တပ်ဖွဲ့အားလုံးကို လောင်းဝစ် လမ်းဌာနချုပ် အဖွဲ့ တည်ရာဌာန၌ သြဝါဒ
မိန့်ခွန်းပေးသည်။ စက်တင်ဘာ ၂၆ ရက်တွင် ဘုရင်ခံ၏အမှူဆောင်ကောင်စီ၌
ဒုသဘာပတိ အဖြစ်ရာထူးလက်ခံ၍ အစိုးရ အဖွဲ့ အသစ် ကိုဖွဲ့ သည်၊ နိုဝင်ဘာလ
၂ ရက် မြစ်ကြီးနားရှိ တိုင်းရင်းသား ကချင်စစ်တပ် ကိုစစ်ဆေးသည်၊ နိုဝင်ဘာလ
၁၄ ရက်မှ နိုဝင်ဘာလ ၃ဝ ရက်နေ့အထိ အထက်ဗမာပြည်သို့ ခရီးထွက်
သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကယားပြည်နယ် လွယ်ကော်မြို့၌
ကျင်းပသည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်သည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်တွင် တောင်ကြီးမြို့ညောင်ရွှေဟော်၌ စော်ဘွားများ
နှင့်ပထမဆုံးအကြိမ် ဆွေးနွေးသည်။
၁၉၄၇။ ။ ဇန်နဝါရီလ ၂ ရက်တွင် သခင်မြ၊ ဦးတင်ထွတ်တို့နှင့်အတူ ဘိလပ်သို့
သွားသည်။ ဇန်နဝါရီ ၅ ၇က်နေ့ ညနေ ၅ နာရီ ၁ဝမိနစ်အချိန်တွင် ဒေလီရေဒီယိုမှ
ဗမာပြည်သို့ဟူသော မှာကြားချက်မိန့်ခွန်းကိုအသံလွင့်သည်။ အေရှညီညွတ်ရေးသို့
ဟူသော ဗိုလ်ချုပ် အသံသွင်းမိန့်ခွန်းကိုလည်း ထိုနေ့ည ၈ နာရီခွဲအချိန်တွင်
ဒေလီရေဒီယိုမှ အသံလွင့်သည်။ ဇန်နဝါရီလ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ်အက်တလီ ခေါင်း
ဆောင်သော ဗြိတိသျှကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးပွဲကို လန်ဒန်မြို့ အမှတ် ၁ဝ
ဒေါင်းနင်းလမ်းရှိ ဗြိတိသျှ ဝန်ကြီးချုပ်ဂေဟာ၌ ကျင်းပသည်။ ဇန်နဝါရီလ ၂၈
ရက်တွင် အောင်ဆန်းအက်တလီစာချုပ်အား လက်မှတ်ထိုးသည်။ ဖေဖော်ဝါရီလ ၂
ရက်နေ့ ရန်ကုန်ပြန်ရောက်သည်။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ရှမ်းပြည်တောင်ပိုင်း
ပင်လုံမြို့သို့ သွားရောက်သည်။ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ပင်လုံစာချုပ်လက်မှတ်
ရေးထိုးသည်။ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော
မြို့တော်ဝန်၏ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားသည်။ မတ်လ ၁ဝ ရက်နေ့တွင်
ဗမာပြည် အင်္ဂလိပ်ကုန်သည်ကြီးများ အသင်းနှစ်ပါတ်လည်နေ့တွင် မိန့်ခွန်း
ပြောကြားသည်။ မတ်လ ၁၅ ရက်မှ မတ်လ ၁၇ ရက်နေ့အထိ လေကြောင်းခရီးဖြင့်
မြိတ်၊ထားဝယ်၊မော်လမြိုင်မြို့များသို့ ခရီးထွက်သည်။ မတ်လ ၁၇ ရက်နေ့ညနေ ၎
နာရီအချိန်တွင် မော်လမြိုင်မြို့ ဘုရင်မပန်းခြံ၌ မိန့်ခွန်းပြောကြားသည်။မတ်လ ၂ဝ
ရက်နေ့တွင် ကျောက်ဆည်နှင့်မန္တလေးမြို့များတွင် တရားဟောသည်။ မတ်လ ၂၁
စစ်ကိုင်းမြို့တွင် တရားဟောသည်။ မတ်လ ၂၃ ရက် ညောင်ဦးမြို့တွင် တရား
ဟောသည်။ မတ်လ ၂၄ ရက် မကွေးမြို့တွင် တရားဟောသည်။ မတ်လ၂၅ ရက်
နတ်မောက်မြို့တွင် တရားဟောသည်။ မတ်လ ၂၇ ရက် အာလံ (အောင်လံ)
တွင်တရားဟောသည်။ ထိုနေ့တွင်ပင် ရန်ကုန်ပြန်ရောက်သည်။ ဧပြီလ ၁ ရက်တွင်
လေယဉ်ဖြင့်စစ်တွေသို့ ခရီးထွက်သည်။ ထိုညနေတွင် ရေတပ်မတော်မှ စစ်သင်္ဘော
ဖြင့် မြေပုံမြို့သို့ ခရီးဆက်သည်။ ဧပြီလ ၂ ရက်နေ့ တွင်စစ်တွေမှ ရန်ကုန်သို့
လေယာဉ်ဖြင့်ပြန်လာသည်။ ဧပြီလ ၄ ရက်တွင် အုတ်တွင်း တောင်ငူ ပျဉ်းမနား
မြို့များတွင် တရားဟောသည်။ ဧပြီလ ၅ ရက်တွင် ပျော်ဘွယ်၊ တပ်ကုန်း
ရမည်းသင်းမြို့များတွင် တရားဟောသည်။ ဧပြီလ ၉ ရက်နေ့ ညနေ ၆ နာရီတွင်
ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့်အတူ မဲရုံများသို့ လိုက်လံစစ်ဆေးသည်။ရွေးကောက်ပွဲ
ကျင်းပရာတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလအဖွဲ့သည် မဲအပြတ်အသတ်ဖြင့်
အနိုင်ရရှိသည်။ ဧပြီလ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီတွင် ဗီယက်နမ်
နိုင်ငံကိုယ်စားလှယ် ပါမောက္ခရန်ပင်လော့နှင့်တွေ့ ဆုံသည်။ ဧပြီလ ၁၇ ရက် နေ့
လယ် ၁ နာရီတွင် ကန်တော်ကြီးစောင်းအိုရီယန့်ကလပ်၌ ယိုးဒယား အစိုးရနှင့်
ဗီယက်နမ်အစိုးရ ကိုယ်စားလှယ်တော်များ ဧည့်ခံပွဲတက်ရောက်ပြီး မိန့် ခွန်း
ပြောကြားသည်။ဧပြီလ ၁၈ ရက်နေ့ တွင် နှစ်သစ်ကူးမိန့် ခွန်းပြောကြားသည်။
ဧပြီလ ၂၈ရက်နေ့ မန္တလေးသို့ လာသည်။မေလ ၄ ရက်နေ့ တွင် ဗိုလ်ချုပ်နေအိမ်
၌ ဖဆပလ ကိုယ်စားလှယ်များ ဆိုရှယ်လစ်ကိုယ်စားလှယ်များ၊ ပရသဖ
ကိုယ်စားလှယ်များနှင့် တွေ့ ဆုံဆွေးနွေးပြီး နယ်များတွင် ပြည်သူ့ ရဲဘော်
နှင့်ဆိုရှယ်လစ်များ မသင့်တင့်သည့်ကိစ္စများဖြေရှင်းပေးသည်။ မေလ ၆ရက်နေ့ ည
၈ နာရီတွင် ပြည်လမ်း ပဲခူး ကလပ်၌ မျက်နှာဖြူကုန်သည်ကြီးများ နှင့်
ဆွေးနွေးသည်။ မေလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပသျူး အစိုးရ
ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာ ဘဟာနုဒင်နှင့် မစ္စတာဂျာဇန်ဇူလေမန် တို့
ကို လက်ဖက်ရည်ပွဲနှင့်ဧည့်ခံသည်။ မေလ၁ဝရက်နေ့ ညနေ ၃ နာရီအချိန်တွင်
သတင်းစာဆရာများကို အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ဦးဘဖေကို ဝန်ကြီးအဖွဲ့
မှထုတ်ပယ်သည့်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ မေလ ၁၂ ရက်နေ့ ည
၈နာရီတွင် အမေရိကန်သံအမတ် မစ္စတာ ပက်ကာ ၏နေအိမ်၌ကျင်းပသည့်
ညစာစားပွဲသို့ တက်ရောက်သည်။ မေလ ၁၇ ရက်နေ့တွင် ယိုးဒယားဘုရင်
၏ဆွေတော်မျိုးတော်ဖြစ်သော မင်းသမီး ချန်ဘောနှင့် သမီးတော် အာစီ မင်းသမီး
တို့ကို တာဝါလိန်းနေအိမ်၌ ညစာဖြင့်ဧည့်ခံကျွေးမွေးသည်။ မေလ ၁၉ ရက်နေ့
တွင် ဖဆပလ ပဏာမ ညီလာခံကျင်းပသည်။ မေလ ၂၅ ရက်နေ့ တွင် ဗြိတိသျ
ရေတပ်မှ စစ်သင်္ဘောH.M.S FALE(ယခုစစ်ရေယာဉ် မေယု) အား
ရေတပ်လက်ထောက်ဗိုလ်ချုပ် မစ်ချယ်က လွဲပြောင်းပေးသည်ကို အဆိုပါ သင်္ဘော
ပေါ်၌ပင် လက်ခံသည်။ မေလ၃ဝ ရက်နေ့တွင် သတင်းစာကွန်ဖရန့် ပြုလုပ်သည်။
ဇွန်လ ၁၆ ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး၌ အခြေခံ
ဥပဒေနှင့်ပါတ်သက်သည့် လမ်းညွှန်ပြဌာန်းချက်ကိုတင်သွင်းသည်။ ဇူလိုင်လ
၇ ရက်နေ့တွင် ဗမာပြည်ရှိ အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်းများ (ှု.ဃ.ှ)နှင့် တွေ့ ဆုံ
ဆွေးနွေးသည်။ ဇူလိုင်လ ၁၃ ရက် တနင်္ဂနွေနေ့ မြို့တော်ခန်းမမှနေ၍ လူထုသို့
မိန့်ခွန်းပြောကြားသည်။ (နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်း ဖြစ်သည်)။
ဇူလိုင်လ ၁၉ ရက် စနေနေ့ နံက် ၁ဝ နာရီ ၃၇ မိနစ် အချိန်တွင်
မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့်ကျဆုံးခဲ့ သည်။

0 comments:

Post a Comment