Thursday, August 26, 2010

အရှက်အကြောက်လေး ရှိကြစမ်းပါ နအဖ တို့ရဲ့


မြန်မာလူမျိုးများဟာ “အရှက်နဲ့ လူလုပ်တာ၊ အသက်နဲ့လူလုပ်တာ မဟုတ်ဘူး” လို့ ဆိုရိုးစကား ရှိပါတယ်။ ဒါပေမယ့် နအဖ ဗိုလ်ချုပ်တွေနဲ့ နောက်လိုက်တွေဟာ “အရှက်နဲ့လူလုပ်တာလဲမဟုတ်၊ အသက်နဲ့ လူလုပ်တာလဲ မဟုတ်၊ လက်နက်၊ အာဏာ၊ အသပြာနဲ့ လူလုပ်နေကြတာ ဖြစ်တယ်။
အရှက်အကြောက်မရှိသူတွေထဲမှာ နအဖ ထိပ်ဆုံးပိုင်း တပ်ချုပ်ကြီးကနေ အောက်ဆုံး ကြံ့ဖွတ် စွမ်းအားရှင်အထိ ဖြစ်တယ်။
နအဖ စည်းထဲ ရောက်လာသူတွေ အားလုံး နီးနီးဟာ ဘယ်သူ ကဘယ်လောက် ကဲ့ရဲ့ ကဲ့ရဲ့ နာရမှန်း၊ ရှက်ရမှန်း၊ ကြောက်ရမှန်း မသိကြ၊ သူတို့သိတာက ”အာဏာတည်မြဲဖို့၊ ချမ်းသာကြွယ်ဝဖို့” သာ ဖြစ်တယ်။ အာဏာတည်မြဲဖို့၊ ချမ်းသာဖို့ဆို လူသတ်ရ သတ်ရ၊ အကုန်လုပ်တယ်။ ဖြတ်စား လာဘ်စား၊ ခိုးစားတာ လောက် ကတော့ အသေးအဖွဲပဲ။ ဒါ့ကြောင့် နအဖကောင်စီဝင် ဗိုလ်ချုပ်ကြီးတွေဆို ရာထူးကြီးငယ်အလိုက် နိုင်ငံတော်ရဲ့ သယံဇာတနဲ့ ဘဏ္ဍာတော်တွေကို ပြည်သူတွေ မသိအောင် နည်းမျိုးစုံနဲ့ သိုဝှက် ကဲ့ထုတ်ပြီး နိုင်ငံခြားဘဏ်တွေမှာ လှို့ဝှက်အပ်နှံထားကြတယ်။ အဲလိုလုပ်ဖို့ ပြည်သူတွေ သိမှာမကြောက်၊ သိလဲမရှက်၊ နောင်ဘ၀မှာ ငရဲရောက်မှာလဲ မကြောက်ကြပါ။
နအဖ အာဏာရှင်ကြီးတွေဟာ တိုင်းပြည်ကို မင်းကျင့်တရာ ၁၀ ပါးနဲ့အညီ မအုပ်ချုပ်၊ ပြည်သူတွေအပေါ် ဥပဒေ မဲ့ အနိုင်ကျင့်၊ လူ့အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်တာကို ရပ်တန့်ဖို့ ဒီမိုကရေစီ လေးစားတဲ့ အနောက်အုပ်စုဝင် နိုင်ငံတွေက တောင်းဆိုလို့ မရတော့တဲ့အဆုံး သူတို့နိုင်ငံတွေရှိ ဘဏ်တွေမှာ လှိုဝှက် အပ်နှံထားတဲ့ နအဖစစ်အုပပ်စုနဲ့ အပေါင်းအပါတို့ရဲ့ ငွေနဲ့ အခြားပိုင်ဆိုင်မှုတွေကို ထုတ်သွင်း လွှဲပြောင်း မရအောင် ပိတ်ဆို့ကြောင်း ကြေညာခဲ့ကြတယ်။
အံသြစရာကောင်းတာက နအဖစည်းထဲ ရောက်လာတာနဲ့ အရှက်အကြောက်တွေပျောက်ပြီး အကျင့်စာရိတ္တ၊ ဂုဏ်သိက္ခာတွေပါ ခန်းခြောက်ကုန်တော့တာပဲ။ “အာဏာနဲ့ အသပြာဟာ လူတွေရဲ့ အကျင့်စာရိတ္တ၊ဂုဏ်သိက္ခတို့ကို ပျက်စီးစေတယ်” ဆိုတဲ့ နိယာမဟာ တကယ် မှန်နေတာ တွေ့ရပါတယ်။
နအဖအာဏာပိုင်ကြီးငယ်တွေဟာ အာဏာရပြီဆိုတာနဲ့ မိမိတို့ ရာထူး၊ ဂုဏ်ထူး၊ အကျင့်သိက္ခာတွေကို မစောင့်ထိန်းကြတော့ပဲ လောဘနောက် ကောက်ကောက်ပါကြတော့တာပဲ။
နိုင်ငံခြား ဘဏ်တွေမှာ လှို့ ဝှက်အပ်နှံကြသူတွေကို ကြည့်ရင် နှစ်မျိုး နှစ်စား တွေ့ရပါတယ်။ ပထမ အမျိုးအစားက ကုန်သည်ပွဲစားလုပ်ငန်းရှင်ကြီးများနဲ့ ၀န်ထမ်းအချင်းချင်း (ရာထူးတိုးရေး )ဆီက ဖြတ်စား၊ လာဘ်စားပြီး အပ်နှံကြတဲ့ ဌာနဆိုင်ရာ အရာရှိကြီးတွေပါတဲ့ လူတန်းစား၊ ဒုတိယအမျိုးအစားက ပထမလူတန်းစားတွေ ရပြီးသားထဲက ပူဇော် ပသတဲ့ငွေ၊ ဝေစုရတဲ့ငွေနဲ့ နိုင်ငံတော်ပိုင် သယံဇာတနဲ့ ဘဏ္ဍာတွေကို ကိုယ်ပိုင်ပစ္စည်းသဖွယ် ယူပြီး နိုင်ငံခြားဘဏ်တွေမှာ ခွဲပြီး အပ်နှံတဲ့ နအဖကောင်စီဝင် ဗိုလ်ချုပ်ကြီးတွေ၊ ၀န်ကြီးတွေ၊ တိုင်းမှူးတွေ၊ ဌာနမှူးကြီးတွေ ပါတဲ့ နိုင်ငံတော်အဆင့် သူခိုးကြီးတွေ ဖြစ်တယ်။ ရာထူးကြီးလေ များများ ခိုးလေပါပဲ။ အများအားဖြင့် မိသားစုလိုက် အပ်နှံကြတယ်။ အဲဒီအထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုဝင်ဦးရေဟာ အများဆုံး တွေ့ရတယ်။ အပ်နှံငွေ အရေအတွက်ဟာလည်း အများဆုံးဖြစ်နိုင်ပါတယ်။ ရာထူးအစဉ်လိုက်တွက်ရင် သူပြီးရင် ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦး…. တို့ဖြစ်တယ်။
ဒါပေမယ့် ထူးခြားမှုတခုက နိုင်ငံခြားဘဏ်တွေမှာ ငွေအပ်တဲ့အထဲမှာ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းဟာ တပ်ချုပ်ကြီးပြီးရင် သူအများဆုံး ဖြစ်နေတာကို တွေ့ရတယ်။ အထင်ပြောရရင် သူ့လက်အောက်ရှိ စက်မှု (၁) မှာ စက်ရုံ အလုပ်ရုံ စီမံကိန်းကြီးကြီးမားမားနဲ့ များများစားစား ရှိနေတာ။ လာဘ်စားတဲ့နေရာမှာလည်း ၀န်းကြီးတကာ့ဝန်းကြီးတွေထက် အစားကြမ်းတယ်လို့ နာမည်ရနေတာကြောင့် ဖြစ်နိုင်တယ်။ ဒါ့အပြင် သူဟာ “၀န်ကြီး ဦးအောင်သောင်း၊ ဦးအောင်တောင်း၊ ကုန်အောင်တောင်း” ဆိုတဲ့ သုံးမည်ရ ၀န်ကြီးအဖြစ် ကျော်ကြားသူလည်း ဖြစ်တယ်။
အထက်ပါ နအဖကောင်စီဝင်ကြီးတွေနဲ့ အပေါင်းအပါတို့ဟာ အောက်ပါနိုင်ငံတွေမှာ လှို့ဝှက်ပြီး အပ်နှံထားတာ တွေ့ရပါတယ်။
(၁) အင်္ဂလန်နိုင်ငံ
၂၀၀၀၊ ၅၊ ၂၄ နေ့စွဲနဲ့ အင်္ဂလန်နိုင်ငံရှိ Bank of England ရဲ့ အမိန့်နဲ့ နိုင်ငံအတွင်းရှိ ဘဏ်များ ငွေကြေးအဖွဲ့အစည်းများက စစ်အာဏာရှင်ကြီးများ၊ ၎င်းးတို့နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ ငွေစာရင်းမှန်သမျှကို ထိန်းချုပ်ခဲ့တယ်။ ထိန်းချုပ်ခံရတဲ့ နအဖစစ်အုပ်စုဝင်နဲ့ အပေါင်းအပါစုစုပေါင်းဟာ ၅၁၅ ယောက် ရှိနေပါတယ်။ အဲဒီအထဲမှာ ဗိုလ်သန်းရွှေနဲ့ မိသားစုဝင် ၁၃ ယောက်ပါရှိနေတဲ့အတွက် မိသားစုတွေ အထဲမှာ ဦးရေအများဆုံး ဖြစ်နေပါတယ်။ (ခေတ်ပြိုင်၊ ၂၀၀၉၊ ၃၊ ၂၃)
(၂) ဥရောပ သမဂ္ဂအဖွဲ့
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်စည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြစ်ဒဏ်ချမှတ်ပြီးနောက် ၂ ရက်အကြာ ၂၀၀၉- ၈- ၁၃ ရက်နေ့မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက နအဖစစ်အုပ်စုဝင်နဲ့ အပေါင်းအပါ ၅၃၈ ယောက်နဲ့ ၎င်းတို့နဲ့ ပတ်သက်တဲ့ လုပ်ငန်းပေါင်း ၁၀၉ ခုတို့ရဲ့ ငွေစာရင်းတွေကိုပိတ်ဆို့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ (မိုးမခ၊ ၂၀၀၉၊ ၈၊ ၁၅)
အဲဒီ ၅၃၈ ယောက်ထဲမှာ ဗိုလ်သန်းရွှေနဲ့ မိသားစုဝင် ဦးရေဟာ ၁၅ ယောက်ပါဝင်တဲ့အတွက် မိသားစုတွေထဲမှာ အများဆုံးဖြစ်နေတာ တွေ့ရပါတယ်။
(၃) သြစတြေးလျနိုင်ငံ
နအဖ စစ်အစိုးရက ပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ လူ့အခွင်းအရေး ချိုးဖောက်မှုကြောင့် သြစတြေးလျနိုင်ငံက ၎င်းးနိုင်ငံရှိ ဘဏ်များမှာ လှို့ ဝှက် အပ်နှံထားတဲ့ နအဖ စစ်အုပ်စုဝင်တွေရဲ့ ငွေတွေကို ပိတ်ဆို့ခဲ့ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ စစ်အုပ်စုဝင်နဲ့ အပေါင်းပါ မိသားစုပေါင်း ၄၆၄ ယောက် ရှိပါတယ်။ အဲဒီအထဲမှာ ဗိုလ်သန်းရွှေရဲ့ မိသားစုဝင် ဦးရေဟာ ၁၃ ယောက် ပါဝင်နေတဲ့အတွက် မိသားစုတွေထဲမှာ အများဆုံး ဖြစ်နေပြန်ပါတယ်။ (ခေတ်ပြိုင် အာအက်ဖ်အေ ၂၀၀၈-၁၀-၂၂)
အထက်ဖော်ပြပါ နိုင်ငံတွေက နအဖ စစ်အုပ်စုနဲ့ အပေါင်းအပါတို့ရဲ့ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ကြောင်း ကြေညာတိုင်း သူတို့ထဲက တစ်ယောက်မှ “မဟုတ်ပါဘူး၊ မမှန်ပါဘူး” လို့ ငြင်းဆို ကန့်ကွက်တာ တခါမှ မရှိပါ။ မရှိတာကို ထောက်တော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာတော်နဲ့ သယံဇာတ တွေကို စိတ်တူ သဘောတူ ခိုးဝှက် အပ်နှံတယ်ဆိုတာ ၀န်ခံရာရောက်နေပါပြီ။
(၄) စင်္ကာပူနိုင်ငံ
နအဖ အာဏာရှင်တွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အနောက်အုပ်စုဝင် နိုင်ငံများက ထိန်းချုပ်ပြီးနောက် ထပ်မံရရှိလာတဲ့ ဓာတ်ငွေ့ရောင်းရငွေတွေကို  အဲဒီနိုင်ငံတွေမှာ ထပ်မအပ်ရဲတော့ပဲ လုံခြုံစိတ်ချရမယ်ထင်တဲ့ စင်ကာပူနိုင်ငံမှာ သွားအပ်ကြတယ်။ ဒါပေမယ့် သူတို့ထင်တာနဲ့ တခြားစီ ဖြစ်သွားပါတယ်။
အနောက်နိုင်ငံ ဘဏ်တွေမှာ အပ်စဉ်က မြန်မာပြည်သူတွေ တစ်ယောက်မှ မသိလိုက်၊ ၎င်းနိုင်ငံတွေက ကြေညာတော့မှ သိရတယ်။ စင်ကာပူနိုင်ငံ မှာ အပ်တော့ အကုန်ပေါ်တော့တာပဲ။ “စစ်အစိုးရက ဓာတ်ငွေ့ ရောင်းရငွေကို စင်ကာပူနိုင်ငံရှိ Overseas Chinese Banking Corporation (OCBC) နဲ့ DBS Group မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၈၃၀ သန်းကို စစ်အစိုးရက နာမည်အမျိုးမျိုးနဲ့အပ်တယ်။ သန်းပေါင်း ၄၈၃၀ အနက် ၂၉ သန်းသာ နိုင်ငံတော်ဘတ်ဂျက်ငွေစာရင်းမှာ ဖော်ပြတယ်” လို့ ERI – (Earth Right International) မှ တာဝန်ရှိသူ Matthew F. Smith နဲ့ ကိုနိုင်ထွန်းတို့က သတင်းထောက်နဲ့ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၇၀ ခန့် တက်ခဲ့တဲ့ ဘန်ကောက်သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ (အာရ် အက်ဖ် အေ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ မစ္ဇျိမ၊ဧရာဝတီ၊ ၂၀၀၉-၉-၁၀)
အခုလို ERI က သူခိုးအုပ်စုကို ဖော်ထုတ်လိုက်တာကိုလည်း နအဖ စစ်အုပ်စုဝင်တွေထဲက တယောက်မှ “မဟုတ်ပါဘူး၊ မမှန်ပါဘူး”လို့ ငြင်းဆိုမှု မရှိတာကိုထောက်တော့ ဓာတ်ငွေ့ကရတဲ့ ဒေါ်လာသန်းပေါင်း ၄၈၁၀ သန်း ကို နအဖထိပ်ပိုင်း ကောင်စီဝင်တချို့ အိပ်ထဲကို ထည့်လိုက်ပြီဆိုတာ မြေကြီးလက်ခတ် မလွဲပါ။
သူတိုမို့ မရှက်တာ၊ အနည်းဆုံး သတင်းဌာန ၅ ခုက တပြိုင်တည်း ထုတ်ဖော်ကြေငြာလိုက်တာရယ်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဥရောပသမဂ္ဂအဖွဲ့ စတဲ့ နိုင်ငံတွေက ကြေညာလိုက်တာရယ်ကြောင့် တကမ္ဘာလုံးက သိသွားနိုင်ပါတယ်။
နိုင်ငံတော် အကြီးအကဲ အဖွဲ့နဲ့တကွ နအဖ စစ်အုပ်စုဝင်တွေဟာ ခုလို နှစ်ပေါင်းများစွာ အုပ်စုလိုက် စိတ်တူ သဘောတူ အလုံးအရင်းနဲ့ ခိုးဝှက်နေမှတော့ ဒီနိုင်ငံဟာ မဆင်းရဲ၊ မမွဲတွေပဲ နေပါတော့မလား၊ အကယ်၍ သူတို့သာ အရှက်အကြောက်ရှိရင် ဒီနိုင်ငံဟာ ဒီလောက်အထိ အခြေအနေ မဆိုးနိုင်ပါ။
နအဖ စစ်ခေါင်းဆောင်တွေသာ အရှက်အကြောက်မရှိတာ မဟုတ်၊ သူတို့လက်အောက်ခံ လူတွေလည်း သူတို့အတိုင်းပါပဲ။ ကြည့်ပါဦး။
ရဲချုပ်ခင်ရီလဲ ဒီပုတ်ထဲက ဒီပဲ
(၁) ဒရယ်လူးကျေးရွာက ဓားစာပြမှု
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်၊ ဒရယ်လူးကျေးရွာမှာ ၂၀၁၀-၅-၁၆ ရက်နေ့ ညက ရွာသား ၃ ဦး သေဆုံးရတဲ့ ဓားပြတိုက်မှု တခု ဖြစ်ပွားပါတယ်။ “ဓာပြတိုက်သူ ၅ ဦးအနက် စစ်တပ်ယူနီဖောင်းဝတ် ၂ ဦး ပါနေတယ်။ ဒီကျေးရွာမှာ ဒီလိုလက်နက်မျိုး ဘယ်သူမှ မကိုင်နိုင်ဘူး။ ဒီလက်နက်တွေဟာ စစ်တပ်ထဲမှာပဲ ရှိနိုင်တယ်။ ဒါ့ကြောင့် ဓားပြမှုမှာ နယ်မြေခံ စစ်တပ်စခန်းခွဲက စစ်သားတချို့ပါနိုင်တယ်။ ဒီရွာမှာ နယ်မြေခံ ကြည်းတပ်၊ ရေတပ်၊ စခန်းခွဲ  ငယ်များ၊ ရဲကင်းများ ရှိတယ်”လို့ ဒေသခံတွေ ပြောကြောင်း သိရတယ်။ (ခေတ်ပြိုင် ၂၀၁၀-၅-၁၈)
ဒီ ဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်းထောက်များ တက်ရောက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ခင်ရီက “ဓားပြတိုက်မှုတွင် ၄ ဦး ဖမ်းမိထားကြောင်း၊ ၎င်းတို့ထဲမှာ ခင်မောင်ဝင်းနဲ့ လွတ်မြောက်နေဆဲ အေးသန်းမှာ KNU တပ်မဟာ (၁) လက်အောက်ခံ ဗိုလ်မောင်နီ၏ တပ်ခွဲမှ တပ်ဖွဲ့ဝင်ဟောင်း ဖြစ်ကြောင်း” ပြောကြားသွားတယ်။
ရဲချုပ်စွပ်စွဲတာနဲ့ ပတ်သက်ပြီး KNU တပ်မဟာ(၁) မှ ဗဟိုအဆင့်ရှိ ပဒိုသောသီဘွဲ က “ကျနော်တို့တပ်မဟာ (၁) မှာ ဗိုလ်မောင်နီဆိုတာ ဘယ်တပ်ရင်းတပ်ဖွဲ့မှာမှ မရှိခဲ့ဘူး။ ရန်ကုန်တိုင်းထဲအထိ သေနတ်တွေ၊ လက်ပစ်ဗုံးတွေယူပြီး ဓားပြတိုက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ရဲချုပ်အနေနဲ့ စဉ်းစား တွေးခေါ်ဖို့လိုတယ်”လို့ တုံ့ပြန်ခဲ့တယ်။ ဒါဖြင့် DKBA တပ်မှူးတဦးက အရင်က KNU တပ်မဟာ (၁)မှာ မောင်နီ တဦးရှိပြီး လက်ရှိ DKBA အဖွဲ့ဝင်ဖြစ်ကာ ဘီးလင်းမြို့နယ်၊ ကော်ဟဲကွင် မှာ တာဝန်ထမ်းဆောင်နေတယ်”လို့ ပြောကြားခဲ့တယ်။ (ခေတ်ပြိုင် ၂၀၁၀-၆-၄)
KNU မှ ဗိုလ်မှူးစောလှငွေကလဲ “ KNU လူဟောင်းဆိုတာနဲ့ ပတ်သက်လို့ရှိရင် KNU တင်မကဘူး၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ဆီမှာ လက်နက်ချတာတွေ၊ ဖမ်းမိပြီးထောင်က ပြန်လွတ်လာတာတွေ အားလုံးက သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာပဲ။ သူတို့ရဲ့ ပြည်သူလူထုအဖြစ် နေထိုင်သူတွေ ဖြစ်တယ်။ အရေးယူရမယ့်အစား ဟိုလူ့လူဖြစ်ခဲ့ဖူးတယ်၊ ဒီလူ့လူဖြစ်ခဲ့ဖူးတယ် ဆိုပြီး နာမည်ဖျက်လိုမှုနဲ့ လျှောက်ပြောနေတာက အစိုးရတရပ်၊ နိုင်ငံတော်အဖွဲ့အစည်း ဂုဏ်သိက္ခာနဲ့ လဲ မညီလျှော်ပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီလောက်ဆို ရဲချုပ်ရဲ့ သဘောထားကို သိလောက်ပါပြီ။ သူ့ရဲ့ သတင်းစာ ရှင်းလင်းပွဲရဲ့ အဓိက ရည်ရွယ်ချက်က (၁) “စစ်တပ်ယူနီဖောင်းဝတ် ၂ ဦး ပါနေတယ်” ဆိုတဲ့ ရွာသားတွေရဲ့ ပြောဆိုချက်ကို ကာကွယ်ဖို့ နဲ့ (၂) KNU ကို နာမည်ဖျက်လိုဇောနဲ့ ဆင်လိုက်တဲ့ အကွက် ဟာ “သူများကို လက်ညှိုး တစ်ချောင်းထိုးရင် သူ့ကို သုံးချောင်းပြန်ထိုးတယ်” ဆိုတာကို မဆင်ခြင်ပဲ ပြောလိုက်တော့ အရှက်ကွဲတာပေါ့။ အကယ်၍ သူသာ အရှက်လေး နည်းနည်းရှိမယ်ဆိုရင် ဒီလို မဆင်မခြင် စွပ်စွဲမှာ မဟုတ်ဘူး။
(၂) လူကုန်ကူးမှု
လူကုန်ကူးမှုတိုက်ဖျက်ရာမှာ အနိမ့်ဆုံးစံ  သတ်မှတ်ချက် နဲ့ ကိုက်ညီအောင် မဆောင်ရွက်တဲ့ စစ်အစိုးရကို အမေရိကန်က အဆင့် ၃ သတ်မှတ်တာကို ရဲချုပ် က ဒေါသထွက်ပြီး “သတင်းစာရှင်းလင်းပွဲ လုပ်မယ်”လို့ ကြုံးဝါးတယ်။ ဒါပေမယ့်ခုချိန်ထိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ စာပို့၍ တုံ့ပြန်ခြင်း၊ သတင်းစာများတွင် တရားဝင်ဖြေရှင်းခြင်း မရှိသေးကြောင်း ဖော်ပြထားတယ်။ (ဧရာဝတီ၊ ၂၀၁၀-၆-၂၁)
အကယ်၍ သူသာ အရှက်နည်းနည်းရှိမယ်ဆိုရင် ပထမတခါ အရှက်ကွဲကတည်းက ငြိမ်နေလိုက်ရင် ပြီးပြီ။ ခုတော့ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ကြုံးဝါးပြီးမှ မလုပ်တော့ ဒုတိယအကြိမ် အရှက်ကွဲရတာပေါ့။
လှူပြီးပစ္စည်း ပြန်သိမ်း
ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှာ ရေကြီး မြေပြိုလို့ ဒုက္ခရောက်နေသူများကို ၂၀၁၀-၆-၁၉ ရက်နေ့က (၁) ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်းစီဥက္ကဋ္ဌ၊ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ (၂) ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဦးမောင်မောင်ဆွေ (၃) ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဆွေ (၄) ပြည်ထဲရေးဝန်ကြီး ဦးဘုန်းဆွေ၊ ဒုဝန်ကြီးများနဲ့ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ မောင်းတောမြို့ကိုရောက်ရှိလာကာ ကယ်ဆယ်ရေးပစ္စည်းတပုံတပင် ခင်းကျင်းပြသ၍ ဓာတ်ပုံနဲ့ တီဗွီရိုက်ပြီးမှ ပြန်သိမ်းယူသွားကြောင်း၊ ဘာ့ကြောင့် ပြန်သိမ်းသွားရသလဲလို့ မေးတဲ့အခါ “ဈေးဆိုင်တွေဆီက ငှါးရမ်းတာကြောင့်”လို့ အငှါးခံရတဲ့ ဈေးဆိုင်ပိုင်များက BBC ကိုပြောကြောင်း သိရပါတယ်။ (BBC မြန်မာ့အလင်း သတင်းစာ ၂၀၁၀-၆-၁၉)
နအဖ အာဏာပိုင်တွေ ခုလိုဟန်ပြပေးပြီး ပြန်ရုပ်သိမ်းတဲ့အဖြစ်မျိုး မြန်မာ့သမိုင်းမှာ တခါမှ မကြားဖူး၊ မမြင်ဖူးပါဘူး။ ဒီလိုဟန်ပြပေးအပ်ပွဲကို မြန်မာ့ရုပ်မြင်သံကြားမှာ ပြသလို မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးနဲ့ စာမျက်နှာ ၃ မှာ ၀န်ကြီးဦးသိန်းဆွေက ဒုက္ခသည်တဦးကို ပစ္စည်းပေးအပ်နေပုံများကို တွေ့ရပါတယ်။ (BBC ၊ မြန်မာ့အလင်းသတင်းစာ ၂၀၁၀ - ၆- ၁၉)
“ပေးကားပေး၏ မရ” ဖြစ်နေပါပြီ၊ အကယ်၍ သူတို့သာ အရှက်ရှိရင် ဒီလိုအလုပ်မျိုး လုပ်မှာမဟုတ်၊ ခုတော့ “ကမ္ဘာ့အရှက်မရှိတဲ့ အာဏာရှင်ကြီးတွေပါလား”ဆိုပြီး အော့နှလုံးနာကြတော့မှာ သေချာပါတယ်။
ဒါကြောင့် တိုင်းပြည်နဲ့ ပြည်သူများအပေါ် “စာနာထောက်ထား၊ သစ္စာထားသောအားဖြင့် “အရှက်အကြောက်လေး ရှိကြစမ်းပါ”လို့ နအဖအာဏာပိုင်ကြီးငယ်တို့ကို တောင်းဆိုလိုက်ရပါတယ်။

ရင်းမြစ်။ ။မိုးမခ

Wednesday, August 25, 2010

ပင်လုံကတိ ဖျက်သိမ်းခြင်း (သို့မဟုတ်) နိုင်ငံရေးပဋိပက္ခအသစ် ဖန်တီးမည့် ရွေးကောက်ပွဲ

စစ်တပ်က ၂၀၁၀ နိုဝင်ဘာ (၇) တွင် ရွေးကောက်ပွဲ ကျင်းပတော့မည်ဟု ကြေညာလိုက်ပြီ။ ရွေးကောက်ပွဲဝင်ရန် တန်းစီထားသော နိုင်ငံရေးပါတီ (၄၀) ခန့်မှာ မတရားဥပဒေဖြင့် သတ်မှတ်ထားသော အဖွဲ့ဝင် (၁,၀၀၀) ပြည့်မီရေးနှင့် နပန်းလုံးနေရဆဲ။ ခြိမ်းခြောက်နှောင့်ယှက်မှုများကြားတွင် ပါတီကိုယ်စားပြု အမတ်လောင်းများ ခက်ခက်ခဲခဲ ရှာနေရဆဲ။ အမတ်လောင်း မှတ်ပုံတင်ကြေး (တဦးလျှင် ကျပ် ၅ သိန်းနှုန်း) နှင့် မဲဆွယ်လှုပ်ရှားမှုရန်ပုံငွေ ရရှိရေးအတွက် စိုးရိမ်သောက ရောက်နေရဆဲ။ လွတ်လပ်စွာ စည်းရုံခွင့်၊ ဟောပြောခွင့် စာရွက်စာတမ်း ဖြန့်ဝေခွင့်များလည်း ဆုံးရှုံးနေရဆဲ။ သို့သော် စစ်တပ်က ဖွဲ့ထားသည့် ကြံ့ဖွံ့ပါတီကမူ အရှင်မွေးတော့ ညချင်းကြီး ဆိုသကဲ့သို့ ဥပဒေအထက်မှ အခွင့်ထူးရ၍ မတော်မတရား မဲဆွယ်စည်းရုံးနေသည်။ အခင်းအကျင်းက ရှင်းလင်းလွန်းသည်။ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအောက်တွင်  ကြံ့ဖွံ့ပါတီက အနည်းဆုံး (၉၀) ရာခိုင်နှုန်း နိုင်ရန် ပြင်ဆင်ထားသည်ကို မြင်နေရသည်။

ထို့ကြောင့် ကျန်ရွေးကောက်ပွဲဝင်မည့် ပါတီများမှာ ပါတီစုံရွေးကောက်ပွဲဟု ဆိုရရုံ အဖြည့်ခံမျှသာ ဖြစ်တော့မည်။ ဖွတ်မရ ဓားမပါ ဆုံးမည့်ကိန်းဆိုက်နေ၏။ ထိုအဖြည့်ခံပါတီများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို သစ္စာခံသင့် မခံသင့် ပြန်လည်စဉ်းစားကြမည်ဆိုလျှင် အချိန်မီသေးသည်။ စင်စစ် ယနေ့ မြန်မာ့နိုင်ငံရေးပြဿနာဇာစ်မြစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စဖြစ်သည်။ ပင်လုံသဘောတူညီချက်နှင့် ၁၉၄၇ အခြေခံဥပဒေတို့မှ စတင်ခဲ့သော သမိုင်းရေးပြဿနာဖြစ်သည်။ ပင်လုံသဘောတူညီချက်ကို အခြေခံလျက် တိုင်းပြည်ပြုလွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် လမ်းညွှန်အဆို (၇) ချက်ကို ပြန်ကြည့်လျှင်…

“အဆို (၁) နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စုဟု ခေါ်တွင်စေသော၊ လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမည်။ အဆို (၂) ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရှိစေရမည်။ အဆို (၅) ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်။” စသည်ဖြင့် တွေ့နိုင်သည်။ ယခု နာဂစ်စစ်ဖွဲ့စည်းပုံသည် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချက်နှင့် လုံးလုံးဆန့်ကျင်နေရုံမက တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရေးတို့ကို ငြင်းပယ်ထားသဖြင့် လာမည့် ရွေးကောက်ပွဲသည် ပြည်တွင်း နိုင်ငံရေးပဋိပက္ခအသစ်တခုဆီ ဦးတည်နေပေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ဗိုလ်ချုပ်၏ လမ်းညွှန် (၇) ချက်ကို ယုံကြည်လေးစားခြင်း၊ လွတ်လပ်ရေး အမြန်ရလိုခြင်းတို့ကြောင့် တိုင်းရင်းသားခေါင်းဆောင်များသည် အခြေခံဥပဒေကို အလေးအနက် ဆွေးနွေးခြင်း မပြုကြတော့ဘဲ ရိုးရိုးသားသား လွယ်လွယ်ကူကူ လက်ခံအတည်ပြုခဲ့ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ် (Federal) မူအရဖြင့် ပြင်ဆင်ရေးအတွက် ရေးဆွဲတင်ပြသော “ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ချုပ်မှ စာတမ်း” (ဒို့တာဝန် ပုံနှိပ်တိုက်၊ ရန်ကုန်၊ ပုံနှိပ်နှစ်မပါ) တွင် ဖော်ပြခဲ့သည်။

ထိုစာတမ်းတွင် ၁၉၄၇ အခြေခံဥပဒေ၏ အားနည်းချက်များကို ဝေဖန်ပြရာ၌ “ပြည်နယ်ခေါင်းဆောင်များသည် တည်ဆဲဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မိမိတို့ပြည်နယ်တွင်းရှိ လူမျိုးပေါင်းစုံတို့၏ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး စသောကိစ္စများကို စိတ်ဆန္ဒရှိသလောက် ဆောင်ရွက်ရာတွင် ပြည်ထောင်စုဗဟိုအာဏာကို သိမ်းပိုက်ထားသော ပြည်မ၏ ချုပ်ချယ်မှုကြောင့် မဆောင်ရွက်နိုင်ခဲ့ကြပေ။ ပြည်နယ်သူ ပြည်နယ်သားများသည် ပြည်မ၏ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးများ၏ ဖိနှိပ်မှုအောက်တွင် အလူးအလှိမ့်ခံနေရလေသည်” ဟု လည်းကောင်း၊ “ထိုသို့တွေ့ကြုံရသော အခက်အခဲများကို ပြန်လည်သုံးသပ်ကြည့်သောအခါ အဓိက ချို့ယွင်းချက်သည် တည်ရှိဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပါရှိသော ဗမာပြည်မအစိုးရနှင့် ပြည်ထောင်စုဗဟိုအစိုးရတို့အား ခွဲမထားဘဲ အတူပူးပေါင်းထားခြင်းကြောင့် အစိုးရတဖွဲ့တည်း အုပ်ချုပ်သော စနစ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်” ဟု လည်းကောင်း၊ “ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုစစ်စစ် တည်ထောင်လိုချက်များ၊ လမ်းညွှန်ချက်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ၀ိညာဉ်ချုပ်သွားသည်မှာ ၀မ်းနည်းကြေကွဲစရာပင် ဖြစ်တော့သည်” ဟုလည်းကောင်း၊ “တည်ရှိဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ငြင်းပယ်သည်။ တန်းတူရေးမူကိုလည်း မပေးစွမ်းနိုင်။ ပြည်ထောင်စုအာဏာဟူသရွေ့ကို ပြည်ထောင်စု ဗဟိုအစိုးရအမည်နှင့် ဗမာပြည်မက လက်ဝါးကြီးအုပ် သိမ်းကျုံးယူပြီး ပြည်နယ်များကို မိမိလက်အောက်ခံပြည်နယ်များ (Vassal States) အဖြစ် သွတ်သွင်းခဲ့သည်” ဟု လည်းကောင်း စာတမ်းတွင် သုံးသပ်ဖော်ပြထားသည်။

ယင်း တိုင်းရင်းသားတို့၏ မကျေနပ်ချက်၊ ခံစားချက်များသည် ယခုတိုင် အရိုးစွဲနေသည်ကို စစ်အစိုးရက မသိကျိုးကျွံ လုပ်နေသည်။ နာဂစ်ဖွဲ့စည်းပုံတွင် တိုင်းရင်းသားတို့ ရပိုင်ခွင့်များကို လုံးဝလျစ်လျူပြုထားသည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို သစ္စာခံခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်သွေးစည်းရေးအား ဥပေက္ခာပြုရာကျပေသည်။

မျက်မှောက်အခြေအနေအထိ မြန်မာ့နိုင်ငံရေးပဋိက္ခ၏ အဓိကအချက်မှာ တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေးကိစ္စဖြစ်သည်။ ထိုအချက်အပေါ် နိုင်ငံရေးသမားများက မျှမျှတတ စဉ်းစားသုံးသပ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ထောင်စု (Federal) မူအရ ပြင်ဆင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ စစ်တပ်ကမူ တမိန့်တအာဏာ တပြည်ထောင်စနစ်ဆီသို့သာ ဇွတ်တိုးသွားမြဲသွားနေသည်။

၁၉၆၀ ခုနှစ်အခြေအနေကို ပြန်ကြည့်လျှင် ဦးနု၏ ပြည်ထောင်စု (ပထစ) အစိုးရလက်ထက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရသည်။ ပြည်သူ့လွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရေး အဆိုကို အတည်ပြုပြဋ္ဌာန်းပြီးနောက် ၁၉၆၀ နိုဝင်ဘာ (၇) ရက်တွင် တောင်ကြီးမြို့၌ ရှမ်းပြည်နယ်အစိုးရက အစည်းအဝေးတရပ် ကျင်းပသည်။ ထိုအစည်းအဝေးသို့ ပါလီမန်အမတ်များ၊ ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်တခုစီမှ ကိုယ်စားလှယ် (၂) ဦးစီ၊ ရှမ်းပြည်နယ်ရှိ နိုင်ငံရေးပါတီတခုစီမှ ကိုယ်စားလှယ် (၃) ဦးစီ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်မှ တိုင်းပြည်ပြုလွှတ်တော် ကိုယ်စားလှယ်ဟောင်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးမှ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီကို အဖွဲ့ဝင် (၃၂) ဦးဖြင့် ဖွဲ့ခဲ့သည်။ ထိုကော်မတီက ၁၉၆၁ ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မူတရပ်ချမှတ်ခဲ့သည်။

ထိုမူတွင် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြည်နယ်နှင့် လူမျိုးစုတိုင်းအတွက် လုံလောက်သည့် တန်းတူညီမျှမှုအခွင့်အရေး ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် တန်းတူညီမျှမှု လုံလောက်စွာရရှိရေးအတွက် အခြေခံဥပဒေအား ပြည်ထောင်စုစစ်စစ်မူဖြင့် ပြုပြင်ရေးဆွဲရန် ဖော်ပြထားသည်။ ထိုမူချပြီးနောက် ဦးထွန်းမြင့် (တောင်ကြီး)၊ မိုင်းပွန်စော်ဘွား စ၀်ဆေးဟုမ်၊ စည်သူဦးတင်၊ ဦးကျော်စိန်၊ ဦးကြာပုနှင့် ဦးလှရှိန်တို့ပါဝင်သည် ဆပ်ကော်မတီကို ဖွဲ့ခဲ့သည်။ ဆပ်ကော်မတီက အခြေခံဥပဒေဆိုင်ရာ အထောက်အထားများ ရှာဖွေစုဆောင်းလေ့လာကာ အစီရင်ခံစာကို (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီသို့ တင်သွင်းသည်။ ယင်းအစီရင်ခံစာကို ကော်မတီက ပြင်ဆင်ဖြည့်စွက်၍ “ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးစာတမ်း” ကို ပြုစုသည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့ တောင်ကြီးမြို့တွင် ကျင်းပသော ပြည်လုံးကျွတ်ညီလာခံက ရှမ်းမူဟု လူသိများသော ထိုစာတမ်းကို အတည်ပြုခဲ့သည်။

အထက်ပါစာတမ်းတွင် အာဏာနှင့် အခွင့်အရေးခွဲဝေပုံမှာ မျှတမှုမရှိဘဲ ဗဟိုပြည်ထောင်စုအစိုးရက အာဏာအရပ်ရပ် ချုပ်ကိုင်ထားသဖြင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် မကျေနပ်ကြကြောင်း၊ ဗမာများက လက်ဝါးကြီးအုပ်ထားသည်ဟု မယုံသင်္ကာဖြစ်ကြောင်း တင်ပြထားသည်။ ပါလီမန်ဖွဲ့စည်းပုံနှင့် စပ်လျဉ်း၍လည်း လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) တို့ အခွင့်အာဏာမတူကြောင်း၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့်မရကြောင်း၊ ပြည်ထောင်စုအစိုးရသည် လူမျိုးစုလွှတ်တော်အား တာဝန်မခံဘဲ ပြည်သူ့လွှတ်တော်ကိုသာ တာဝန်ခံသဖြင့် လူမျိုးစုလွှတ်တော်မှာ ဂုဏ်သိက္ခာမရှိသည့်ပြင် ပြည်နယ်များ၏ အခွင့်အရေးကိုလည်း အကာအကွယ်မပေးနိုင်ကြောင်း၊ ထို့ကြောင့် လွှတ်တော် (၂) ရပ် တန်းတူအာဏာရှိရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့်ရရှိရေး တင်ပြထားသည်။

အထက်ပါစာတမ်းကို ဆွေးနွေးရန်နှင့် တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့ကို ပြန်လည်အသက်ဝင်စေရန် ရည်ရွယ်လျက် ၁၉၆၁ ဇွန်လ (၈) ရက်တွင် “ပြည်နယ်ပေါင်းစုံညီလာခံ” ကို တောင်ကြီးမြို့တွင် ကျင်းခဲ့သည်။ ထိုညီလာခံတွင် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းရန် အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ဇွန်လ (၁၃) ရက်၌ ဥက္ကဋ္ဌစ၀်ခွန်ချို၊ ဒု-ဥက္ကဋ္ဌ စ၀်ဝဏ္ဏ၊ အတွင်းရေးမှူး စ၀်ထွန်းအေး၊ တွဲဖက်အတွင်းရေးမှူး ဦးလှဖေ (ပအို့ဝ်) တို့ အပါအ၀င် (၂၂) ဦးပါ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ခဲ့သည်။

အဖွဲ့၏ ရည်ရွယ်ချက်မှာ “(၁) ပြည်ထောင်စုခိုင်မြဲရေးအတွက် အစွမ်းကုန် ဆောင်ရွက်ရန်။ (၂) ပြည်ထောင်စုအတွင်း ပါဝင်သော ပြည်နယ်များသည် မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ခွင့်ရှိသည့်အားလျော်စွာ ထိုအခွင့်အရေးကို လွတ်လပ်စွာ ဖန်တီးနိုင်ရန်။ (၃) ပြည်ထောင်စုအတွင်း တဦးနှင့်တဦး ခွဲခြားခြင်းမပြုဘဲ လူမျိုးမရွေး၊ ဘာသာမရွေး ပြည်ထောင်စုတိုင်းရင်းသားမှန်သမျှ ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံခြင်းကို အားပေးကူညီရန်။ (၄) ကမ္ဘာ့ဒီမိုကရေစီဝါဒအရ ရသင့်ရထိုက်သော လူ့အခွင့်အရေးမှန်သမျှကို ပြည်ထောင်စုတိုင်းရင်းသားတိုင်း တန်းတူညီမျှမှု မဆုံးရှုံးရေးအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ရန်။ (၅)  ပြည်နယ်အသီးသီးရှိ လူမျိုးစုတိုင်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်ရန်။ (၆) ဤအဖွဲ့တွင် ပါဝင်သော ပြည်နယ်များသည် ပြည်နယ်များနှင့် သက်ဆိုင်လာမည့် ကိစ္စအ၀၀တို့တွင် တညီတညွတ်တည်း စုပေါင်း၍ ပြဿနာရပ်များကို တစည်းတလုံးတည်း ဆောင်ရွက်ရန်” စသဖြင့်ဖြစ်သည်။

ထိုရှမ်းမူစာတမ်းနှင့်ပတ်သက်၍ ဇူလိုင်လ (၁၁) ရက်နေ့တွင် ၀န်ကြီးချုပ် ဦးနုသည် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် ဦးနုက “ရှမ်းမူနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ လေ့လာပြီးတဲ့အတွက် ဒီနေ့ သတင်းစာကွန်ဖရင့်ခေါ်ကာ ပြောပြခြင်းဖြစ်ပါတယ်။ ကျနော် လေ့လာကြည့်တဲ့အခါမှာ သူတို့လုပ်နေတာ မမှားဘူး။ ပြည်ထောင်စုအစိုးရက ယခုအပတ် ပါလီမန်တွင် ဖြစ်နိုင်ရင် အခြေခံဥပဒေထဲမှာ လုပ်ငန်းလုပ်ရာမှာ အခက်အခဲတွေ့နေတဲ့ ပုဒ်မတွေကို ပြင်ဖို့ စိတ်ကူးခဲ့ပြီး ပြင်ဆင်ချက်ရှိတာတွေကို ပြင်ချင်ရင် တင်ပြရန် ခွင့်ပေးချက်အရ လုပ်ကိုင်ကြခြင်းသာဖြစ်ပါတယ်။ အစိုးရခွင့်ပြုချက်အရ ဒါတွေ လိုချင်တယ်ဆိုတာ ဆုံးဖြတ်ချက်ချပြီး တောင်းတာဟာ ဒီမိုကရေစီအခွင့်အရေးကို သူတို့အသုံးပြုခြင်းသာ ဖြစ်ပါတယ်။ သူတို့ဟာ ဒီမိုကရေစီအခွင့်အရေး သုံးတာကို အစိုးရအဖွဲ့က စိတ်ဆိုးစရာမရှိဘူး။ … ရှမ်းမူရေးဆွဲခြင်းကို စိတ်မဆိုးဘူး။ … ဒါပေမယ့် တိုင်းပြည်မှာ သို့လောသို့လော အထင်မှားဖြစ်တယ်။ ကျနော့်အနေနဲ့လည်း အထင်မှားချက် တချက်နှစ်ချက် ရှိခဲ့တယ်။ ဒီအထင်မှားချက်တွေကို စ၀်ခွန်ချိုနဲ့ နှစ်ကြိမ်တွေ့ဆုံပြီး ရှင်းလင်းပြောပြတဲ့အခါမှာ အထင်မှားချက်တွေ ပျောက်ကုန်တယ်။ … … … အခု သူတို့လုပ်နေတဲ့ လမ်းစဉ်ဟာ ပေးရင်ပေး မပေးရင် ချမယ်ဆိုတဲ့ လမ်းစဉ်မဟုတ်၊ ကျနော်တို့ကလည်း မင်းတို့ချရင် ဒို့ကလည်း ချမယ်ဆိုတဲ့ လမ်းစဉ်မဟုတ်”

“ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲစေချင်ရင် ငါတကော ကော၍မရဘဲ တိုင်တိုင်ပင်ပင်နဲ့ လုပ်ကိုင်သွားပြီး အဖြေရှာရပါမယ်။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲချင်ရင် မလိမ့်တပတ်မလုပ်နဲ့။ မိသားစုအနေနဲ့ ဖြေရှင်းသွားကြရန်၊ လူနည်းစုတွေရော မြန်မာတွေကိုပါ ဒီနေရာက သတိပေးလိုက်ပါတယ်။ ရှမ်းမူခေါ်တဲ့ ဖက်ဒရယ်မူကို မျက်လုံးမပြူးကြပါနဲ့။ မိသားစုအနေနဲ့ ရှင်းသွားပါမယ်” ဟု ဦးနုက ရှင်းလင်းပြောဆိုခဲ့သည်။

ထိုအခြေအနေများကိုကြည့်လျှင် ရှမ်းမူစာတမ်းမှာ ပြည်ထောင်စုစစ်စစ်ဖြစ်ရေးကို တောင်းဆိုသော်လည်း ခွဲထွက်ရန်သဘော လုံးဝမတွေ့ရချေ။

ဝန်ကြီးချုပ် ဦးနု ရှမ်းမူသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့်နေ့မှာပင် (ဖက်ဒရယ်မူနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ သဘောထားကြေညာချက်) ကို ဖြန့်ဝေခဲ့သည်။ ကြေညာချက်တွင် ဖက်ဒရယ်မူနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ ၀န်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပထစ၊ ဖဆပလ၊ ပမညတခေါင်းဆောင်များ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အမှူးပြုသော ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်များ၊ သတင်းစာဆရာမျာနှင့် စာရေးဆရာများအား ရှင်းလင်းတင်ပြခဲ့ကြောင်း၊ လူမျိုးပေါင်းစုံချစ်ကြည်ရေး လူမျိုးစုတိုင်း တန်းတူညီမျှရေးနှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ဖက်ဒရယ်မူရေးဆွဲထားကြောင်း၊ ပါတီအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက လက်ခံတွေ့ဆုံကာ ညီရင်းအစ်ကိုသဖွယ် အကြံပေးဆွေးနွေးကြသည်ကို အားရကျေနပ်ကြောင်း၊ ပြည်နယ်ပေါင်းစုံညီလာခံနှင့် ထိုညီလာခံတွင် ဖွဲ့စည်းလိုက်သော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းပြခွင့်ရသဖြင့် ဖက်ဒရယ်မူနှင့်ပတ်သက်၍ သံသယနှင့် အထင်အမြင်လွဲမှားမှုများ ပပျောက်ကာ ပြည်မနှင့် ရှမ်းပြည်နယ်အကြား နားလည်မှုပိုမိုရရှိမည်ဟု ယုံကြည်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

၁၉၄၇ အခြေခံဥပဒေတွင် ချို့ယွင်းချက်များ ဖြစ်ခဲ့ရခြင်းနှင့်စပ်လျဉ်း၍ ဦးထွန်းမြင့် (တောင်ကြီး) က ၁၉၆၂ ဖေဖော်ဝါရီ (၂၄) ရက်နေ့က ရန်ကုန်၊ ပြည်လမ်း၊ အသံလွှင့်ရုံခန်းမ ပြည်ထောင်စုမူဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောခဲ့ဖူးသည်။ …
(တိုင်းပြည်ပြုလွှတ်တော်တွင် အခြေခံဥပဒေရေးဆွဲကြစဉ် ကော်မတီအစည်းအဝေးတခု၌ အခြေခံဥပဒေအကြံပေးအရာရှိ ဦးချန်ထွန်းက အခြေခံဥပဒေပြဋ္ဌာန်းချက်များ တပုံတခေါင်းကြီး ရေးဆွဲတင်ပြလာသည်ဟုဆိုသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက “ဦးချန်ထွန်း၊ ခင်ဗျား လန်ဘားကျောက်ဒရား* တွေ ရေးနေလို့ ဘယ်ဖြစ်မလဲ။ Broad Principle ကျယ်ပြန့်တဲ့ သဘောတရားလောက်ပါရင် တော်ရောပေါ့။ လွတ်လပ်ရေးရပြီးတဲ့နောက် လိုတာတွေကို By Act ပါလီမန်မှာ အက်ဥပဒေလုပ်ရင် ပြီးတာပဲ။ ဒီလောက် ရှည်ရှည်လျားလျားနဲ့ လုပ်နေရင် နှစ်လ၊ သုံးလနဲ့ ဘယ်မှာပြီးနိုင်ပါ့မလဲ” စသဖြင့် ပြောခဲ့သည်ဟု ဦးထွန်းမြင့်က ဆိုသည်။ ထို့ပြင် ဗိုလ်ချုပ်က “ဥပဒေဆိုတာ Gospal Truth ဘုရားဟောတွေ မဟုတ်ပါဘူး။ လူလုပ်ထားတဲ့ ဥပဒေကို လူက ပြင်လို့မရဆိုတာ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့အနေနဲ့ ဘာမှမပြောလိုပါဘူး။ ပြင်ဆင်ချင်တဲ့ စေတနာရှိ မရှိက အရေးကြီးပါတယ်”  ပြောခဲ့ကြောင်း ဦးထွန်းမြင့်က သူ့အသံလွှင့်ရုံ မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။ *လန်ဘားကျောက်ဒရား = ကုလားစကား = ရှည်လျားသောဟု အနက်ဆိုလိုသည်။)  ယခု နာဂစ်ဖွဲ့စည်းပုံကို ပြန်ပြင်ဆင်မှု မပြုနိုင်ရန် လုပ်ထားပုံအရ စစ်ဗိုလ်များ၏ စေတနာကို မြင်နိုင်သည်။
  
ဤသမိုင်းအဖြစ်အပျက် ပုံကြမ်းကို အကျဉ်းမျှ တင်ပြရသည့် ရည်ရွယ်ချက်မှာ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက် ဗိုလ်နေ၀င်း၏ ကလိန်ကျမှုကို သိသာစေရန် ဖြစ်သည်။ ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်ကြောင့် မလွှဲမရှောင်သာ နိုင်ငံတော်အာဏာကို ၀င်ရောက်ထိန်းသိမ်းခဲ့ရကြောင်း တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေ၀င်းက ပြည်သူလူထုအား လိမ်လည်လှည့်ဖြားကာ အာဏာသိမ်းခဲ့သည်။ ဒီမိုကရေစီနည်းအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ငြင်းကြခုန်ကြဆွေးနွေးကြရသည်မှာ ကမ္ဘာနှင့်အ၀ှမ်းတွင် ဖြစ်ရိုးဖြစ်စဉ်ကိစ္စမျှသာဖြစ်သည်။ ဤသို့ဆွေးနွေးငြင်းခုန်မှုကြောင့် တိုင်းပြည်ပြိုကွဲမည့်အန္တရာယ် မရှိပေ။

တကယ့်စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်ခဲ့ချိန်မှာ တော်လှန်ရေးကောင်စီက လမ်းစဉ်ပါတီထောင်သည့်အချိန် ဖြစ်သည်။ လမ်းစဉ်ပါတီမထောင်မီ ဗိုလ်နေ၀င်းက ပထစ၊ ဖဆပလနှင့် ပမညတခေါင်းဆောင်များအား မတ်လ (၄) ရက်တွင် တကြိမ်၊ မေလ (၇) ရက်တွင် တကြိမ်နှင့် မေလ (၁၇) ရက်တွင် တကြိမ် (၃) ကြိမ် သီးခြားစီတွေ့ခဲ့သည်။ ပထမအကြိမ်တွင် မလွှဲသာ၍ အာဏာသိမ်းရကြောင်း ရှင်းပြသည်။ ဒုတိယအကြိမ်တွင် တော်လှန်ရေးကောင်စီ၏ ဧပြီ (၃၀) ရက်နေ့ ထုတ်ပြန်သည့် ၀ါဒသဘောထားကြေညာချက်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရှင်းပြသည်။ တတိယအကြိမ်တွင် နိုင်ငံရေးပါတီများက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အပေါ် မည်သို့သဘောထားကြောင်း မေးမြန်းသည်။ ထိုအချိန်မှစ၍ နိုင်ငံရေးပါတီများအတွင်း သဘောထားကွဲမှုများ ဖြစ်ပွားခဲ့သည်။

၁၉၆၂ ခု ဇူလိုင်လ (၄) ရက်တွင် လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ် ထူထောင်လိုက်သောအခါ ဖဆပလ၊ ပထစ၊ ပမညတ ခေါင်းဆောင်များသည် တော်လှန်ရေးကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့တွေ့ဆုံမှု၊ ၎င်းတို့ပါတီအသီးသီး၏ လမ်းစဉ်ပါတီအပေါ် သဘောထားထုတ်ပြန်ကြေညာချက်များ၊ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ၊ ဆွေးနွေးပွဲများ လုပ်ခဲ့ကြသည်။ လက်အောက်ခံပါတီများ၊ အလုပ်သမား လယ်သမားသမဂ္ဂများအထိ လမ်းစဉ်ပါတီဝင်ရေး-မ၀င်ရေး အကြီးအကျယ် သဘောထားကွဲခဲ့ကြသည်။ ဤသို့ဖြင့် ပါတီပေါင်းစုံမှ နိုင်ငံရေးသမားအများအပြား လမ်းစဉ်ပါတီဝင်ရေး ဆုံးဖြတ်၍ စစ်တပ်ပါတီကို အလုပ်အကျွေးပြုခဲ့ကြသည်။ လမ်းစဉ်ပါတီဆန့်ကျင်သူများ ထောင်ကျတန်းကျ ဖြစ်ကြရသည်။ ပါတီစုံပါလီမန်ဒီမိုကရေစီစနစ်လည်း နင်းခြေခံလိုက်ရသည်။

ထိုစဉ်က စစ်အာဏာသိမ်းမှုကို နိုင်ငံရေးသတိရှိရှိ ကန့်ကွက်ရှုတ်ချခဲ့ကြသော အဖွဲ့အစည်းများတွင် ကျောင်းသားသမဂ္ဂများမှာ ထိပ်ဆုံးကဖြစ်သည်။ လူငယ့်တပ်ဦး (ဗမာနိုင်ငံ) နှင့် မဟာမိတ် (၁၀) ဖွဲ့တို့က “စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်ရှုတ်ချကြ” ကြေညာချက်များ ဖြန့်ဝေခဲ့သည်။ မန္တလေးခရိုင် လူငယ့်တပ်ဦး၊ တက္ကသိုလ်တပ်ဦးသစ်၊ ရခိုင်သံဃာ့တပ်ဦး (ဗဟိုဌာနချုပ်)၊ ရခိုင်သောတုဇန(သစ်)ဌာနချုပ်၊ စစ်ဆန့်ကျင်ရေး သံဃာ့အဖွဲ့ဌာနချုပ်၊ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားများအဖွဲ့ချုပ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများအဖွဲ့ချုပ်၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်နှင့် ပုသိမ်ကောလိပ် ကျောင်းသားသမဂ္ဂများ အစရှိသော အဖွဲ့များကလည်း စာရွက်စာတမ်းများ ထုတ်ပြန်ရှုတ်ချခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်ကျောင်သားညီညွတ်ရေးတပ်ဦး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ဗကသတို့၏ ၁၉၆၂၊ (၇) ဇူလိုင် အရေးတော်ပုံသည် ထင်ရှားသော သမိုင်းသာဓကဖြစ်သည်။ ယနေ့လည်း ရွေးကောက်ပွဲသပိတ်မှောက်ရေးကို ကျောင်းသားများပင် ဦးဆောင်နေသည်။

ယခု လက်ငင်းဖြစ်ပေါ်နေသည့် စစ်အာဏာသိဒ္ဓိတင်မည့် ရွေးကောက်ပွဲ ၀င်ရေး-မ၀င်ရေးပြဿနာမှာ ဗိုလ်နေ၀င်းခေတ် လမ်းစဉ်ပါတီဝင်ရေး-မ၀င်ရေးနှင့် သံတူကြောင်းကွဲဖြစ်ပေသည်။ စစ်အာဏာရှင်၏ ခွေးကတက်တွင် နိုင်ငံရေးလုပ်ပိုင်ခွင့် (Political Space) ရနိုးနိုးဖြင့် မိမိတို့ယုံကြည်ချက်ကို စွန့်၊ မိမိတို့ပါတီကို ဖျက်သိမ်းကာ၊ ကျွန်ခံခဲ့ကြရဖူးသည့် သမိုင်းအတွေ့အကြုံကို ပြန်လည်စောင်းငဲ့ကြည့်သင့်၏။ ယခုရွေးကောက်ပွဲအခင်းအကျင်းက သာမန်နိုင်ငံရေးပါတီများအတွက် ခွေးကတက်မှာပင် နေရာမရှိကြောင်း မြင်နေရသည်။ ရွေးကောက်ပွဲဥပဒေစည်းမျဉ်း အကန့်အသတ်များ၊ မလျှော်အာဏာသုံး ဟန့်တားမှုများ၊ ငွေကြေးအခက်အခဲ အတားအဆီးများနှင့် အာဏာပါးကွက်သား အင်အားသုံးခြိမ်းခြောက်မှုများအပြင် နောက်ထပ် မမြင်သာသော အနှောင့်အယှက်များလည်း ရှိလိမ့်ဦးမည်။

တိုင်းရင်းသားပါတီများ အခြေအနေကောင်းမည်လားဟု မျှော်လင့်နေကြသည်။ ၁၉၄၇ ကတည်းကစခဲ့သော ဖက်ဒရယ်ပြည်ထောင်စုမူကို စစ်တပ်က လုံးဝပယ်ချ တိုက်ဖျက်နေဆဲရှိသည်ကို မမေ့သင့်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ယခုစစ်အာဏာရှင်တို့၏ အဓိက နိုင်ငံရေးပဋိပက္ခမှာလည်း ဖက်ဒရယ်ပြည်ထောင်စုကိစ္စပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေး လမ်းစဉ်အတိုင်း သွားနေသည်။ စစ်တပ်က ဟန်ပြ ပြည်ထောင်စုဖြင့် ဗဟိုအစိုးရက အာဏာအလုံးစုံ ချုပ်ကိုင်ရေး လမ်းစဉ်အတိုင်းသွားရန် ယခုရွေးကောက်ပွဲကို ပြင်နေခြင်းဖြစ်သည်။ ထို့ကြောင့် စစ်အာဏာသိဒ္ဓိတင်ရေး ရွေးကောက်ပွဲသည် အဖြည့်ခံ နိုင်ငံရေးပါတီများအတွက် ထောင့်စေ့အောင် ဆင်ထားသော သတ်ကွင်းထောင်ချောက်ဖြစ်သည်။ လေးလေးနက်နက် စဉ်းစားသင့်လှ၏။


စစ်တပ်၏ လက်သုံးဝါဒဖြန့်ချက်ဖြစ်သည့် “ပြည်ထောင်စုကြီး ပြိုကွဲမည့်အန္တရာယ်” ဆိုသည်မှာ တိုင်းရင်းသားအချင်းချင်း သွေးကွဲစေရန်၊ စစ်အာဏာခိုင်မြဲစေရန်၊ ကောလာဟလ ထုတ်လွှင့်ချက်ဖြစ်သည်ကို မမေ့သင့်။ တိုင်းရင်းသားလူမျိုးအားလုံး သွေးစည်းညီညွတ်လျှင် စစ်အာဏာသက်ဆိုးမရှည်နိုင်။ ဤသတ်ကွင်းထောင်ချောက်မှ လွတ်မြောက်ရေးအတွက် ဗမာလူမျိုး အပါအ၀င် တိုင်းရင်းသားလူမျိုးအားလုံး ညီညီညွတ်ညွတ် ပိုင်းဖြတ်မှုရှိရှိ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြင်ဆင်ကြရပေလိမ့်မည်။

ကိုးကား ။     ။

(၁) ၁၉၅၈-၁၉၆၈ မြန်မာ့နိုင်ငံရေး (စတုတ္ထတွဲ) - ဦးမြဟန်နှင့် ဦးသိန်းလှိုင် ပြုစု၍ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က စိစစ်သည်။ တက္ကသိုလ်များပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ။ ဒုတိယနှိပ်ခြင်း။
(၂) မြန်မာ့နိုင်ငံရေးစနစ်ပြောင်းကာလ၊ ၁၉၆၂-၁၉၇၄၊ (ပထမတွဲ) - ဦးမြဟန်၊ ဒေါက်တာ ဒေါ်ခင်လှဟန်၊ ဦးကျော်ငြိမ်း၊ ဦးသန်းလွင်၊ ဦးစိန်မြင့်တို့ ပြုစု၍ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က စိစစ်သည်။ တက္ကသိုလ်များပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၉၃ ခုနှစ် မေလ။ ပထမနှိပ်ခြင်း။

ရင်းမြစ်။ ။ခေတ်ပြိုင်

ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တရပ် ဖြစ်ပေါ်လာ စေရေးအတွက် လူတိုင်းက အနီးကပ် စောင့်ကြည့်ရန် တာဝန်ရှိသည်ဟု နေအိမ် အကျယ်ချုပ် ကျခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

Free_Aung_Sunဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တွေ့ဆုံစဉ် ထိုသို့ မှာကြား လိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဝင်တော့ဘူး၊ သပိတ် မှောက်တယ် ဆိုပေမယ့်လို့ ပါတီဝင်တွေ အနေနဲ့ ရွေးကောက်ပွဲကို လျစ်လျူရှုလို့ မရဘူး။ မျက်ခြေမပြတ် ကြည့်ရှု လေ့လာဖို့ လိုတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ တခု ဖြစ်ဖို့ဆိုတာ လူတိုင်းမှာ တာဝန်ရှိတယ်။ လူတိုင်း၊ အဖွဲ့အစည်း တိုင်းမှာ တာဝန်ရှိတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ လျှောက်လဲချက်နှင့် နေအိမ်ပြင်ဆင်မှုများကို ထပ်မံဆွေးနွေး ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောဆိုသည်။

၁၉၈၉ ခုနှစ်မှ စတင်ကာ နေအိမ်အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ် မေလက နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ကြောင့် ထပ်မံ ရုံးတင် တရားစွဲ ခံခဲ့ရသည်။

နအဖ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဥပဒေ ဖောက်ဖျက်သည်ဟု ဆိုကာ ယမန်နှစ် သြဂုတ်လ အတွင်းက ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက  အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး တော်စပ်နေခြင်းကြောင့်လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း လျှော့ပေါ့ပေးရခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိကျခံထားရသည့် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်အရ ရွေးကောက်ပွဲ ပြီး၍ တပတ် အကြာမှ နအဖ အစိုးရက လွှတ်ပေးမည့်အချက်ကိုလည်း NLD မှ လူကြီးများ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းထံမှ သိရှိရသည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

ရင်းမြစ်။ ။ဧရာဝတီ

NDF ရဲ့ ခမောက် စာပေကင်ပေတိုင် ပိတ်ပင်

နယူးဒေလီ (မဇ္ဈိမ) ။    ။ ပါတီအမှတ်တံဆိပ် ခမောက်ပုံကို  စာပေစိစစ်ရေးက သတင်းဂျာနယ်များတွင် ဖော်ပြခွင့် မပြုကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောဆိုသည်။

ယခုလ ပထမပတ်မှစ၍ ရန်ကုန်ရှိ အပတ်စဉ်ထုတ် သတင်းဂျာနယ်များဖြစ်သည့် Monitor ၊ The Hot News နှင့် The Voice Weekly တို့တွင် NDF ခေါင်းဆောင်များ၏ အင်တာဗျူးနှင့် ပါတီတံဆိပ် ခမောက်ပုံကို စာပေစိစစ်ရေးသို့ တင်ပြရာတွင် ခမောက်ပုံကို ဖော်ပြခွင့် မရရှိခဲ့ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“တချို့ဂျာနယ်တွေမှာဆိုရင် အင်တာဗျူးရော ခမောက်ရော၊ တချို့ဂျာနယ်တွေမှာဆိုရင် အင်တာဗျူးပါတယ်၊ ခမောက်ပုံ မပါဘူး။ ဂျာနယ်တွေကို သွားမေးတဲ့အခါမှ စိစစ်ရေးက ဖြုတ်လိုက်တာကို သိရတာ” ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ခမောက်တံဆိပ်ကို စာပေစိစစ်ရေးက ဖော်ပြခွင့် မပြုကြောင်း ပိတ်ပင်ခံရသည့် ဂျာနယ်များနှင့် နီးစပ်သူများကလည်း ပြောဆိုကြသည်။

“ကျနော်တို့က NDF နဲ့ အင်တာဗျူးရော ခမောက်ပုံရော တွဲတင်ပါတယ်။ ဒါပေမဲ့ စာသားရော၊ ခမောက်ရော ဖြုတ်လိုက်ပါတယ်” ဟု ပိတ်ပင်ခံရသည့် ဂျာနယ်များနှင့် နီးစပ်သည့် အယ်ဒီတာတဦးက ပြောသည်။

“တခြားပါတီတံဆိပ်တွေ ဖော်ပြခွင့် ရပါတယ်။ ခမောက်ကိုကျမှ မရတာပါ။ သိရသလောက်ဆိုရင် ခမောက်ပုံပါတဲ့ နိုင်ငံပိုင် သတင်းစာ ဖြတ်ပိုင်းနဲ့ တွဲတင်တာတောင် မရဘူး” ဟု The Hot News နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

တရားဝင် မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးသည့် ပါတီတခုအနေဖြင့် ပါတီတံဆိပ်ကို လွတ်လပ်စွာ အသုံးပြုနိုင်ကြောင်းနှင့် အခြားပါတီများ၏ အမှတ်တံဆိပ်များကို ဖော်ပြခွင့်ရနေသော်လည်း ၎င်းတို့ပါတီကိုမှ ဖော်ပြခွင့် ကန့်သတ်ကြောင်း NDF အဆိုအရ သိရသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် NDF အကြား ခမောက်တံဆိပ် အသုံးပြုခြင်းနှင့် ပတ်သက်၍ အငြင်းပွားစဉ်ကသာ သတင်းစာထဲတွင် ဖော်ပြခွင့် ရရှိခဲ့ပြီး၊ နောက်ပိုင်းတွင် မရရှိတော့ကြောင်း NDF က ပြောဆိုသော်လည်း Monitor ဂျာနယ်ကမူ ဖော်ပြခွင့် ရရှိသည်ဟု ဆိုသည်။

“ကော်မရှင်က ခွင့်ပြုထားတဲ့ တံဆိပ်ကို ဘာလို့ ဖော်ပြခွင့်မရမှာလဲ။ တခြားဂျာနယ်တွေရော၊ ကျနော်တို့ဂျာနယ်ရော ဖော်ပြခွင့် ရပါတယ်” ဟု Monitor သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သည့်လထုတ် Monitor တွင် NDF ပါတီအကြောင်း သတင်းတရပ်တွင် ခမောက်ပုံကို ပူးတွဲဖော်ပြခွင့် ရရှိခဲ့သေးသည်။

စာပေစိစစ်ရေးဌာနမှ ဌာနစုမှူး ဒေါ်ယုယုဝင်းကလည်း “ကျမ အထင်တော့ ဂျာနယ်တွေထဲမှာ ပါနေပါလိမ့်မယ်။ ကော်မရှင်က တရားဝင် ခွင့်ပြုထားရင်တော့ အသုံးပြုခွင့် ပေးပါတယ်။ ကျမ ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

NDF အနေဖြင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားစဉ်က ခမောက်တံဆိပ် အသုံးပြုမှုနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ရာ၊ ရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်အသုံးပြုခွင့် ပေးခဲ့သည်ကို စာပေစိစစ်ရေးသို့ အကြောင်းမကြားသဖြင့် သတင်းဂျာနယ်များတွင်  ခမောက်တံဆိပ် ဖော်ပြခွင့် ပိတ်ပင်ထားခြင်း ဖြစ်နိုင်ကြောင်း စာပေစိစစ်ရေးနှင့် နီးစပ်သူတဦးက ပြောဆိုသည်။

ယင်းအပြင် လွန်ခဲ့သည့် ၂ လ ခန့်က NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းနှင့် အင်တာဗျူးကို အလင်းတန်း ဂျာနယ်တွင် ဖော်ပြခွင့် မရခဲ့ကြောင်း သိရသည်။

“ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ဒီလို ကန့်သတ်ပိတ်ပင်တာဟာ မဲဆွယ်စည်းရုံးရေးကို မပြုလုပ်နိုင်အောင် လုပ်နေတဲ့ သဘော သက်ရောက်နေတယ်” ဟု ဦးခင်မောင်ဆွေက ပြောဆိုလိုက်သည်။

ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် NDF သည် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁ဝဝ ဝန်းကျင်ဖြင့် ယှဉ်ပြိုင်သွားမည့် ပါတီဖြစ်သည်။

Tuesday, August 24, 2010

လူ့အခွင့်အရေး ကိုယ်စားလှယ် ကုလညီလာခံမှာ အစီရင်ခံစာ တင်သွင်းဖို့ ပြင်ဆင်

ရှေ့လထဲ ကျင်းပတော့မယ့် ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံ အရေးကို သေသေချာချာ ဆွေးနွေးလာနိုင်ချေရှိပြီး နှစ်ပေါင်းများစွာ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချ အတည်ပြုပေးနေတဲ့ အဆင့်ထက် ဒီတခါမှာ ပိုလာနိုင်တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနားဟာ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ တွေ့ရှိချက်တွေကို တင်သွင်းနိုင်ဖို့အတွက် သြဂုတ်လထဲမှာ မြန်မာနိုင်ငံကို စတုတ္ထအကြိမ်မြောက် သွားရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲကြောင့် တာဝန်ရှိသူတွေ အလုပ်ရှုပ်နေတယ်လို့ အကြောင်းပြပြီး ၀င်ရောက်ခွင့် မပေးခဲ့ပါဘူး။ ဒါကြောင့် သြဂုတ်လ ဒုတိယပတ်ထဲမှာ ထိုင်း၊ မြန်မာ နယ်စပ်ဒေသတွေနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်သစ်တွေ စုဆောင်းဖို့အတွက် သွားရောက်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို အရင်သီတင်းပတ်တွေက ကျနော် သွားခဲ့ပါတယ်။ သွားရတဲ့ အကြောင်းတွေထဲမှာ တခုက အောက်တိုဘာလထဲမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင် တင်သွင်းရမှာမို့ပါ။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကျနော် အတိအကျ အခု ထုတ်ပြီး မပြောနိုင်ပေမဲ့ အောက်တိုဘာလ ၂၀ မှာ တင်သွင်းတဲ့ အခါမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဘာပြဿနာတွေကို တင်ထားတယ် ဆိုတာကို သိလာကြမှာပါ။”

မစ္စတာ ကင်တားနားဟာ မတ်လတုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး မြန်မာစစ်အစိုးရဟာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နိုင်ချေ ရှိတာမို့ ကုလသမဂ္ဂကနေ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးဖို့ အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်နဲ့ ပတ်သက်ပြီး စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ လိုအပ်တဲ့ အခြေအနေတွေကို မေးကြည့်ပါတယ်။

“စုံစမ်းရေး ကော်မရှင်ဖွဲ့ ထူထောင်နိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ဆွေးနွေး ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကလည်း စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့နိုင်ဖို့ ကိုးကားနိုင်တဲ့ အချက်အလက်တွေ ရဖို့လိုပါတယ်။ ဒီအချက်တွေ ရပြီဆိုရင် အခြေအနေကို သုံးသပ်ပြီး သီးခြား လုပ်ပိုင်ခွင့်အာဏာ သတ်မှတ်ရပါတယ်။ ဒါတွေ အဆင့်ဆင့် လုပ်ဆောင်နိုင်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေ ကြားမှာ ဆွေးနွေးမှုတွေ လုပ်ဖို့လိုပါတယ်။”

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး တင်သွင်းတိုင်း တရုတ်နဲ့ ရုရှားလို နိုင်ငံတွေက ပယ်ပယ်ချခဲ့တာမို့ အခု ၆၅ ကြိမ်မြောက် ညီလာခံကြီးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အလားအလာ ဘယ်လိုရှိမယ် ထင်ပါသလဲလို့ မေးတဲ့အခါမှာတော့…

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကာလကြာရှည်စွာ ဖြစ်ပွားနေတဲ့အပြင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ အချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြဖို့ အဖွဲ့ဝင်နိုင်ငံ တချို့က သေသေချာချာ စဉ်းစားနေတယ်လို့ ကျနော် သိရပါတယ်။ ဒါကြောင့် ဒီတခါမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးဖို့ တောင်းဆိုလာနိုင်တဲ့ အခွင့်ကောင်းတွေ ရှိနေတယ်လို့ ကျနော်ထင်တဲ့အပြင် နှစ်ပေါင်းများစွာ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချ အတည်ပြုပေးနေတဲ့ အဆင့်ထက် ဒီတခါမှာတော့ ပိုမယ်လို့ ယုံကြည်ပါတယ်။”

လူ့အခွင့်အရေး ကိုယ်စားလှယ် တင်သွင်းခဲ့တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အဆိုကို ဗြိတိန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျ၊ စလိုဗက်ကီးယား နိုင်ငံတွေအပြင် အခုနောက်ဆုံး အမေရိကန် နိုင်ငံကပါ ထောက်ခံလာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရ နိုင်ငံတနိုင်ငံရဲ့ အစိုးရတရပ်ဟာ နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့၊ ကျူးလွန်နေသူတွေကို အပြစ်ပေးဖို့နဲ့ နောင် ဒါမျိုးမဖြစ်အောင် လုပ်ဆောင်ဖို့ တာဝန်ရှိသလို နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ အစိုးရတရပ်ကို ဒီအချက်တွေ လိုက်နာလာအောင် ၀ိုင်းပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

နိုင်ငံတနိုင်ငံကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတင် မကဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ဒါမှမဟုတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံလို ကုလသမဂ္ဂ အဖွဲ့အစည်း တခုခုက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို ထူထောင်နိုင်ခွင့်ရှိပြီး ဒီလို ထူထောင်နိုင်ဖို့အတွက် အဖွဲ့ဝင် နိုင်ငံတွေက အဆိုပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအဆိုပြုချက်ကို တရားဥပဒေအရ အရေးယူနိုင်၊ မယူနိုင် မဲခွဲ ဆုံးဖြတ်ဖို့လည်း လိုအပ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကတော့ ကုလသမဂ္ဂက မြန်မာအာဏာပိုင်တွေနဲ့ ထိတွေ့ ဆက်ဆံပြီး မြန်မာ့အရေးကို ကြိုးစားပြီး ဆောင်ရွက်ခဲ့ပေမဲ့ အခုထိ အရာမထင်တဲ့အတွက် စိတ်ပျက်မိကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လာမယ့် အထွေထွေ ညီလာခံကြီးမှာ တင်သွင်းဖို့အတွက် အစီရင်ခံစာ ရေးနေတယ်လို့ သြဂုတ်လ ၉ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောဆိုခဲ့ပါတယ်။

ဧပြီလ ၇ ရက်နေ့ကတော့ ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး ဦးဆောင်တဲ့ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ကော်မတီက ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတစောင် တင်သွင်းဖို့ရှိတယ်လို့ မြန်မာအစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ရင်းမြစ်။ ။voanews.com