Wednesday, August 25, 2010

ပင်လုံကတိ ဖျက်သိမ်းခြင်း (သို့မဟုတ်) နိုင်ငံရေးပဋိပက္ခအသစ် ဖန်တီးမည့် ရွေးကောက်ပွဲ

စစ်တပ်က ၂၀၁၀ နိုဝင်ဘာ (၇) တွင် ရွေးကောက်ပွဲ ကျင်းပတော့မည်ဟု ကြေညာလိုက်ပြီ။ ရွေးကောက်ပွဲဝင်ရန် တန်းစီထားသော နိုင်ငံရေးပါတီ (၄၀) ခန့်မှာ မတရားဥပဒေဖြင့် သတ်မှတ်ထားသော အဖွဲ့ဝင် (၁,၀၀၀) ပြည့်မီရေးနှင့် နပန်းလုံးနေရဆဲ။ ခြိမ်းခြောက်နှောင့်ယှက်မှုများကြားတွင် ပါတီကိုယ်စားပြု အမတ်လောင်းများ ခက်ခက်ခဲခဲ ရှာနေရဆဲ။ အမတ်လောင်း မှတ်ပုံတင်ကြေး (တဦးလျှင် ကျပ် ၅ သိန်းနှုန်း) နှင့် မဲဆွယ်လှုပ်ရှားမှုရန်ပုံငွေ ရရှိရေးအတွက် စိုးရိမ်သောက ရောက်နေရဆဲ။ လွတ်လပ်စွာ စည်းရုံခွင့်၊ ဟောပြောခွင့် စာရွက်စာတမ်း ဖြန့်ဝေခွင့်များလည်း ဆုံးရှုံးနေရဆဲ။ သို့သော် စစ်တပ်က ဖွဲ့ထားသည့် ကြံ့ဖွံ့ပါတီကမူ အရှင်မွေးတော့ ညချင်းကြီး ဆိုသကဲ့သို့ ဥပဒေအထက်မှ အခွင့်ထူးရ၍ မတော်မတရား မဲဆွယ်စည်းရုံးနေသည်။ အခင်းအကျင်းက ရှင်းလင်းလွန်းသည်။ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအောက်တွင်  ကြံ့ဖွံ့ပါတီက အနည်းဆုံး (၉၀) ရာခိုင်နှုန်း နိုင်ရန် ပြင်ဆင်ထားသည်ကို မြင်နေရသည်။

ထို့ကြောင့် ကျန်ရွေးကောက်ပွဲဝင်မည့် ပါတီများမှာ ပါတီစုံရွေးကောက်ပွဲဟု ဆိုရရုံ အဖြည့်ခံမျှသာ ဖြစ်တော့မည်။ ဖွတ်မရ ဓားမပါ ဆုံးမည့်ကိန်းဆိုက်နေ၏။ ထိုအဖြည့်ခံပါတီများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို သစ္စာခံသင့် မခံသင့် ပြန်လည်စဉ်းစားကြမည်ဆိုလျှင် အချိန်မီသေးသည်။ စင်စစ် ယနေ့ မြန်မာ့နိုင်ငံရေးပြဿနာဇာစ်မြစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စဖြစ်သည်။ ပင်လုံသဘောတူညီချက်နှင့် ၁၉၄၇ အခြေခံဥပဒေတို့မှ စတင်ခဲ့သော သမိုင်းရေးပြဿနာဖြစ်သည်။ ပင်လုံသဘောတူညီချက်ကို အခြေခံလျက် တိုင်းပြည်ပြုလွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် လမ်းညွှန်အဆို (၇) ချက်ကို ပြန်ကြည့်လျှင်…

“အဆို (၁) နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စုဟု ခေါ်တွင်စေသော၊ လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမည်။ အဆို (၂) ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရှိစေရမည်။ အဆို (၅) ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်။” စသည်ဖြင့် တွေ့နိုင်သည်။ ယခု နာဂစ်စစ်ဖွဲ့စည်းပုံသည် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချက်နှင့် လုံးလုံးဆန့်ကျင်နေရုံမက တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရေးတို့ကို ငြင်းပယ်ထားသဖြင့် လာမည့် ရွေးကောက်ပွဲသည် ပြည်တွင်း နိုင်ငံရေးပဋိပက္ခအသစ်တခုဆီ ဦးတည်နေပေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ဗိုလ်ချုပ်၏ လမ်းညွှန် (၇) ချက်ကို ယုံကြည်လေးစားခြင်း၊ လွတ်လပ်ရေး အမြန်ရလိုခြင်းတို့ကြောင့် တိုင်းရင်းသားခေါင်းဆောင်များသည် အခြေခံဥပဒေကို အလေးအနက် ဆွေးနွေးခြင်း မပြုကြတော့ဘဲ ရိုးရိုးသားသား လွယ်လွယ်ကူကူ လက်ခံအတည်ပြုခဲ့ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ် (Federal) မူအရဖြင့် ပြင်ဆင်ရေးအတွက် ရေးဆွဲတင်ပြသော “ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ချုပ်မှ စာတမ်း” (ဒို့တာဝန် ပုံနှိပ်တိုက်၊ ရန်ကုန်၊ ပုံနှိပ်နှစ်မပါ) တွင် ဖော်ပြခဲ့သည်။

ထိုစာတမ်းတွင် ၁၉၄၇ အခြေခံဥပဒေ၏ အားနည်းချက်များကို ဝေဖန်ပြရာ၌ “ပြည်နယ်ခေါင်းဆောင်များသည် တည်ဆဲဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မိမိတို့ပြည်နယ်တွင်းရှိ လူမျိုးပေါင်းစုံတို့၏ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး စသောကိစ္စများကို စိတ်ဆန္ဒရှိသလောက် ဆောင်ရွက်ရာတွင် ပြည်ထောင်စုဗဟိုအာဏာကို သိမ်းပိုက်ထားသော ပြည်မ၏ ချုပ်ချယ်မှုကြောင့် မဆောင်ရွက်နိုင်ခဲ့ကြပေ။ ပြည်နယ်သူ ပြည်နယ်သားများသည် ပြည်မ၏ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးများ၏ ဖိနှိပ်မှုအောက်တွင် အလူးအလှိမ့်ခံနေရလေသည်” ဟု လည်းကောင်း၊ “ထိုသို့တွေ့ကြုံရသော အခက်အခဲများကို ပြန်လည်သုံးသပ်ကြည့်သောအခါ အဓိက ချို့ယွင်းချက်သည် တည်ရှိဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပါရှိသော ဗမာပြည်မအစိုးရနှင့် ပြည်ထောင်စုဗဟိုအစိုးရတို့အား ခွဲမထားဘဲ အတူပူးပေါင်းထားခြင်းကြောင့် အစိုးရတဖွဲ့တည်း အုပ်ချုပ်သော စနစ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်” ဟု လည်းကောင်း၊ “ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုစစ်စစ် တည်ထောင်လိုချက်များ၊ လမ်းညွှန်ချက်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ၀ိညာဉ်ချုပ်သွားသည်မှာ ၀မ်းနည်းကြေကွဲစရာပင် ဖြစ်တော့သည်” ဟုလည်းကောင်း၊ “တည်ရှိဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ငြင်းပယ်သည်။ တန်းတူရေးမူကိုလည်း မပေးစွမ်းနိုင်။ ပြည်ထောင်စုအာဏာဟူသရွေ့ကို ပြည်ထောင်စု ဗဟိုအစိုးရအမည်နှင့် ဗမာပြည်မက လက်ဝါးကြီးအုပ် သိမ်းကျုံးယူပြီး ပြည်နယ်များကို မိမိလက်အောက်ခံပြည်နယ်များ (Vassal States) အဖြစ် သွတ်သွင်းခဲ့သည်” ဟု လည်းကောင်း စာတမ်းတွင် သုံးသပ်ဖော်ပြထားသည်။

ယင်း တိုင်းရင်းသားတို့၏ မကျေနပ်ချက်၊ ခံစားချက်များသည် ယခုတိုင် အရိုးစွဲနေသည်ကို စစ်အစိုးရက မသိကျိုးကျွံ လုပ်နေသည်။ နာဂစ်ဖွဲ့စည်းပုံတွင် တိုင်းရင်းသားတို့ ရပိုင်ခွင့်များကို လုံးဝလျစ်လျူပြုထားသည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို သစ္စာခံခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်သွေးစည်းရေးအား ဥပေက္ခာပြုရာကျပေသည်။

မျက်မှောက်အခြေအနေအထိ မြန်မာ့နိုင်ငံရေးပဋိက္ခ၏ အဓိကအချက်မှာ တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေးကိစ္စဖြစ်သည်။ ထိုအချက်အပေါ် နိုင်ငံရေးသမားများက မျှမျှတတ စဉ်းစားသုံးသပ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ထောင်စု (Federal) မူအရ ပြင်ဆင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ စစ်တပ်ကမူ တမိန့်တအာဏာ တပြည်ထောင်စနစ်ဆီသို့သာ ဇွတ်တိုးသွားမြဲသွားနေသည်။

၁၉၆၀ ခုနှစ်အခြေအနေကို ပြန်ကြည့်လျှင် ဦးနု၏ ပြည်ထောင်စု (ပထစ) အစိုးရလက်ထက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရသည်။ ပြည်သူ့လွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရေး အဆိုကို အတည်ပြုပြဋ္ဌာန်းပြီးနောက် ၁၉၆၀ နိုဝင်ဘာ (၇) ရက်တွင် တောင်ကြီးမြို့၌ ရှမ်းပြည်နယ်အစိုးရက အစည်းအဝေးတရပ် ကျင်းပသည်။ ထိုအစည်းအဝေးသို့ ပါလီမန်အမတ်များ၊ ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်တခုစီမှ ကိုယ်စားလှယ် (၂) ဦးစီ၊ ရှမ်းပြည်နယ်ရှိ နိုင်ငံရေးပါတီတခုစီမှ ကိုယ်စားလှယ် (၃) ဦးစီ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်မှ တိုင်းပြည်ပြုလွှတ်တော် ကိုယ်စားလှယ်ဟောင်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးမှ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီကို အဖွဲ့ဝင် (၃၂) ဦးဖြင့် ဖွဲ့ခဲ့သည်။ ထိုကော်မတီက ၁၉၆၁ ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မူတရပ်ချမှတ်ခဲ့သည်။

ထိုမူတွင် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြည်နယ်နှင့် လူမျိုးစုတိုင်းအတွက် လုံလောက်သည့် တန်းတူညီမျှမှုအခွင့်အရေး ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် တန်းတူညီမျှမှု လုံလောက်စွာရရှိရေးအတွက် အခြေခံဥပဒေအား ပြည်ထောင်စုစစ်စစ်မူဖြင့် ပြုပြင်ရေးဆွဲရန် ဖော်ပြထားသည်။ ထိုမူချပြီးနောက် ဦးထွန်းမြင့် (တောင်ကြီး)၊ မိုင်းပွန်စော်ဘွား စ၀်ဆေးဟုမ်၊ စည်သူဦးတင်၊ ဦးကျော်စိန်၊ ဦးကြာပုနှင့် ဦးလှရှိန်တို့ပါဝင်သည် ဆပ်ကော်မတီကို ဖွဲ့ခဲ့သည်။ ဆပ်ကော်မတီက အခြေခံဥပဒေဆိုင်ရာ အထောက်အထားများ ရှာဖွေစုဆောင်းလေ့လာကာ အစီရင်ခံစာကို (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီသို့ တင်သွင်းသည်။ ယင်းအစီရင်ခံစာကို ကော်မတီက ပြင်ဆင်ဖြည့်စွက်၍ “ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးစာတမ်း” ကို ပြုစုသည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့ တောင်ကြီးမြို့တွင် ကျင်းပသော ပြည်လုံးကျွတ်ညီလာခံက ရှမ်းမူဟု လူသိများသော ထိုစာတမ်းကို အတည်ပြုခဲ့သည်။

အထက်ပါစာတမ်းတွင် အာဏာနှင့် အခွင့်အရေးခွဲဝေပုံမှာ မျှတမှုမရှိဘဲ ဗဟိုပြည်ထောင်စုအစိုးရက အာဏာအရပ်ရပ် ချုပ်ကိုင်ထားသဖြင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် မကျေနပ်ကြကြောင်း၊ ဗမာများက လက်ဝါးကြီးအုပ်ထားသည်ဟု မယုံသင်္ကာဖြစ်ကြောင်း တင်ပြထားသည်။ ပါလီမန်ဖွဲ့စည်းပုံနှင့် စပ်လျဉ်း၍လည်း လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) တို့ အခွင့်အာဏာမတူကြောင်း၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့်မရကြောင်း၊ ပြည်ထောင်စုအစိုးရသည် လူမျိုးစုလွှတ်တော်အား တာဝန်မခံဘဲ ပြည်သူ့လွှတ်တော်ကိုသာ တာဝန်ခံသဖြင့် လူမျိုးစုလွှတ်တော်မှာ ဂုဏ်သိက္ခာမရှိသည့်ပြင် ပြည်နယ်များ၏ အခွင့်အရေးကိုလည်း အကာအကွယ်မပေးနိုင်ကြောင်း၊ ထို့ကြောင့် လွှတ်တော် (၂) ရပ် တန်းတူအာဏာရှိရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့်ရရှိရေး တင်ပြထားသည်။

အထက်ပါစာတမ်းကို ဆွေးနွေးရန်နှင့် တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့ကို ပြန်လည်အသက်ဝင်စေရန် ရည်ရွယ်လျက် ၁၉၆၁ ဇွန်လ (၈) ရက်တွင် “ပြည်နယ်ပေါင်းစုံညီလာခံ” ကို တောင်ကြီးမြို့တွင် ကျင်းခဲ့သည်။ ထိုညီလာခံတွင် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းရန် အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ဇွန်လ (၁၃) ရက်၌ ဥက္ကဋ္ဌစ၀်ခွန်ချို၊ ဒု-ဥက္ကဋ္ဌ စ၀်ဝဏ္ဏ၊ အတွင်းရေးမှူး စ၀်ထွန်းအေး၊ တွဲဖက်အတွင်းရေးမှူး ဦးလှဖေ (ပအို့ဝ်) တို့ အပါအ၀င် (၂၂) ဦးပါ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ခဲ့သည်။

အဖွဲ့၏ ရည်ရွယ်ချက်မှာ “(၁) ပြည်ထောင်စုခိုင်မြဲရေးအတွက် အစွမ်းကုန် ဆောင်ရွက်ရန်။ (၂) ပြည်ထောင်စုအတွင်း ပါဝင်သော ပြည်နယ်များသည် မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ခွင့်ရှိသည့်အားလျော်စွာ ထိုအခွင့်အရေးကို လွတ်လပ်စွာ ဖန်တီးနိုင်ရန်။ (၃) ပြည်ထောင်စုအတွင်း တဦးနှင့်တဦး ခွဲခြားခြင်းမပြုဘဲ လူမျိုးမရွေး၊ ဘာသာမရွေး ပြည်ထောင်စုတိုင်းရင်းသားမှန်သမျှ ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံခြင်းကို အားပေးကူညီရန်။ (၄) ကမ္ဘာ့ဒီမိုကရေစီဝါဒအရ ရသင့်ရထိုက်သော လူ့အခွင့်အရေးမှန်သမျှကို ပြည်ထောင်စုတိုင်းရင်းသားတိုင်း တန်းတူညီမျှမှု မဆုံးရှုံးရေးအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ရန်။ (၅)  ပြည်နယ်အသီးသီးရှိ လူမျိုးစုတိုင်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်ရန်။ (၆) ဤအဖွဲ့တွင် ပါဝင်သော ပြည်နယ်များသည် ပြည်နယ်များနှင့် သက်ဆိုင်လာမည့် ကိစ္စအ၀၀တို့တွင် တညီတညွတ်တည်း စုပေါင်း၍ ပြဿနာရပ်များကို တစည်းတလုံးတည်း ဆောင်ရွက်ရန်” စသဖြင့်ဖြစ်သည်။

ထိုရှမ်းမူစာတမ်းနှင့်ပတ်သက်၍ ဇူလိုင်လ (၁၁) ရက်နေ့တွင် ၀န်ကြီးချုပ် ဦးနုသည် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် ဦးနုက “ရှမ်းမူနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ လေ့လာပြီးတဲ့အတွက် ဒီနေ့ သတင်းစာကွန်ဖရင့်ခေါ်ကာ ပြောပြခြင်းဖြစ်ပါတယ်။ ကျနော် လေ့လာကြည့်တဲ့အခါမှာ သူတို့လုပ်နေတာ မမှားဘူး။ ပြည်ထောင်စုအစိုးရက ယခုအပတ် ပါလီမန်တွင် ဖြစ်နိုင်ရင် အခြေခံဥပဒေထဲမှာ လုပ်ငန်းလုပ်ရာမှာ အခက်အခဲတွေ့နေတဲ့ ပုဒ်မတွေကို ပြင်ဖို့ စိတ်ကူးခဲ့ပြီး ပြင်ဆင်ချက်ရှိတာတွေကို ပြင်ချင်ရင် တင်ပြရန် ခွင့်ပေးချက်အရ လုပ်ကိုင်ကြခြင်းသာဖြစ်ပါတယ်။ အစိုးရခွင့်ပြုချက်အရ ဒါတွေ လိုချင်တယ်ဆိုတာ ဆုံးဖြတ်ချက်ချပြီး တောင်းတာဟာ ဒီမိုကရေစီအခွင့်အရေးကို သူတို့အသုံးပြုခြင်းသာ ဖြစ်ပါတယ်။ သူတို့ဟာ ဒီမိုကရေစီအခွင့်အရေး သုံးတာကို အစိုးရအဖွဲ့က စိတ်ဆိုးစရာမရှိဘူး။ … ရှမ်းမူရေးဆွဲခြင်းကို စိတ်မဆိုးဘူး။ … ဒါပေမယ့် တိုင်းပြည်မှာ သို့လောသို့လော အထင်မှားဖြစ်တယ်။ ကျနော့်အနေနဲ့လည်း အထင်မှားချက် တချက်နှစ်ချက် ရှိခဲ့တယ်။ ဒီအထင်မှားချက်တွေကို စ၀်ခွန်ချိုနဲ့ နှစ်ကြိမ်တွေ့ဆုံပြီး ရှင်းလင်းပြောပြတဲ့အခါမှာ အထင်မှားချက်တွေ ပျောက်ကုန်တယ်။ … … … အခု သူတို့လုပ်နေတဲ့ လမ်းစဉ်ဟာ ပေးရင်ပေး မပေးရင် ချမယ်ဆိုတဲ့ လမ်းစဉ်မဟုတ်၊ ကျနော်တို့ကလည်း မင်းတို့ချရင် ဒို့ကလည်း ချမယ်ဆိုတဲ့ လမ်းစဉ်မဟုတ်”

“ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲစေချင်ရင် ငါတကော ကော၍မရဘဲ တိုင်တိုင်ပင်ပင်နဲ့ လုပ်ကိုင်သွားပြီး အဖြေရှာရပါမယ်။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲချင်ရင် မလိမ့်တပတ်မလုပ်နဲ့။ မိသားစုအနေနဲ့ ဖြေရှင်းသွားကြရန်၊ လူနည်းစုတွေရော မြန်မာတွေကိုပါ ဒီနေရာက သတိပေးလိုက်ပါတယ်။ ရှမ်းမူခေါ်တဲ့ ဖက်ဒရယ်မူကို မျက်လုံးမပြူးကြပါနဲ့။ မိသားစုအနေနဲ့ ရှင်းသွားပါမယ်” ဟု ဦးနုက ရှင်းလင်းပြောဆိုခဲ့သည်။

ထိုအခြေအနေများကိုကြည့်လျှင် ရှမ်းမူစာတမ်းမှာ ပြည်ထောင်စုစစ်စစ်ဖြစ်ရေးကို တောင်းဆိုသော်လည်း ခွဲထွက်ရန်သဘော လုံးဝမတွေ့ရချေ။

ဝန်ကြီးချုပ် ဦးနု ရှမ်းမူသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့်နေ့မှာပင် (ဖက်ဒရယ်မူနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ သဘောထားကြေညာချက်) ကို ဖြန့်ဝေခဲ့သည်။ ကြေညာချက်တွင် ဖက်ဒရယ်မူနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ ၀န်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပထစ၊ ဖဆပလ၊ ပမညတခေါင်းဆောင်များ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အမှူးပြုသော ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်များ၊ သတင်းစာဆရာမျာနှင့် စာရေးဆရာများအား ရှင်းလင်းတင်ပြခဲ့ကြောင်း၊ လူမျိုးပေါင်းစုံချစ်ကြည်ရေး လူမျိုးစုတိုင်း တန်းတူညီမျှရေးနှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ဖက်ဒရယ်မူရေးဆွဲထားကြောင်း၊ ပါတီအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက လက်ခံတွေ့ဆုံကာ ညီရင်းအစ်ကိုသဖွယ် အကြံပေးဆွေးနွေးကြသည်ကို အားရကျေနပ်ကြောင်း၊ ပြည်နယ်ပေါင်းစုံညီလာခံနှင့် ထိုညီလာခံတွင် ဖွဲ့စည်းလိုက်သော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းပြခွင့်ရသဖြင့် ဖက်ဒရယ်မူနှင့်ပတ်သက်၍ သံသယနှင့် အထင်အမြင်လွဲမှားမှုများ ပပျောက်ကာ ပြည်မနှင့် ရှမ်းပြည်နယ်အကြား နားလည်မှုပိုမိုရရှိမည်ဟု ယုံကြည်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

၁၉၄၇ အခြေခံဥပဒေတွင် ချို့ယွင်းချက်များ ဖြစ်ခဲ့ရခြင်းနှင့်စပ်လျဉ်း၍ ဦးထွန်းမြင့် (တောင်ကြီး) က ၁၉၆၂ ဖေဖော်ဝါရီ (၂၄) ရက်နေ့က ရန်ကုန်၊ ပြည်လမ်း၊ အသံလွှင့်ရုံခန်းမ ပြည်ထောင်စုမူဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောခဲ့ဖူးသည်။ …
(တိုင်းပြည်ပြုလွှတ်တော်တွင် အခြေခံဥပဒေရေးဆွဲကြစဉ် ကော်မတီအစည်းအဝေးတခု၌ အခြေခံဥပဒေအကြံပေးအရာရှိ ဦးချန်ထွန်းက အခြေခံဥပဒေပြဋ္ဌာန်းချက်များ တပုံတခေါင်းကြီး ရေးဆွဲတင်ပြလာသည်ဟုဆိုသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက “ဦးချန်ထွန်း၊ ခင်ဗျား လန်ဘားကျောက်ဒရား* တွေ ရေးနေလို့ ဘယ်ဖြစ်မလဲ။ Broad Principle ကျယ်ပြန့်တဲ့ သဘောတရားလောက်ပါရင် တော်ရောပေါ့။ လွတ်လပ်ရေးရပြီးတဲ့နောက် လိုတာတွေကို By Act ပါလီမန်မှာ အက်ဥပဒေလုပ်ရင် ပြီးတာပဲ။ ဒီလောက် ရှည်ရှည်လျားလျားနဲ့ လုပ်နေရင် နှစ်လ၊ သုံးလနဲ့ ဘယ်မှာပြီးနိုင်ပါ့မလဲ” စသဖြင့် ပြောခဲ့သည်ဟု ဦးထွန်းမြင့်က ဆိုသည်။ ထို့ပြင် ဗိုလ်ချုပ်က “ဥပဒေဆိုတာ Gospal Truth ဘုရားဟောတွေ မဟုတ်ပါဘူး။ လူလုပ်ထားတဲ့ ဥပဒေကို လူက ပြင်လို့မရဆိုတာ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့အနေနဲ့ ဘာမှမပြောလိုပါဘူး။ ပြင်ဆင်ချင်တဲ့ စေတနာရှိ မရှိက အရေးကြီးပါတယ်”  ပြောခဲ့ကြောင်း ဦးထွန်းမြင့်က သူ့အသံလွှင့်ရုံ မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။ *လန်ဘားကျောက်ဒရား = ကုလားစကား = ရှည်လျားသောဟု အနက်ဆိုလိုသည်။)  ယခု နာဂစ်ဖွဲ့စည်းပုံကို ပြန်ပြင်ဆင်မှု မပြုနိုင်ရန် လုပ်ထားပုံအရ စစ်ဗိုလ်များ၏ စေတနာကို မြင်နိုင်သည်။
  
ဤသမိုင်းအဖြစ်အပျက် ပုံကြမ်းကို အကျဉ်းမျှ တင်ပြရသည့် ရည်ရွယ်ချက်မှာ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက် ဗိုလ်နေ၀င်း၏ ကလိန်ကျမှုကို သိသာစေရန် ဖြစ်သည်။ ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်ကြောင့် မလွှဲမရှောင်သာ နိုင်ငံတော်အာဏာကို ၀င်ရောက်ထိန်းသိမ်းခဲ့ရကြောင်း တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေ၀င်းက ပြည်သူလူထုအား လိမ်လည်လှည့်ဖြားကာ အာဏာသိမ်းခဲ့သည်။ ဒီမိုကရေစီနည်းအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ငြင်းကြခုန်ကြဆွေးနွေးကြရသည်မှာ ကမ္ဘာနှင့်အ၀ှမ်းတွင် ဖြစ်ရိုးဖြစ်စဉ်ကိစ္စမျှသာဖြစ်သည်။ ဤသို့ဆွေးနွေးငြင်းခုန်မှုကြောင့် တိုင်းပြည်ပြိုကွဲမည့်အန္တရာယ် မရှိပေ။

တကယ့်စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်ခဲ့ချိန်မှာ တော်လှန်ရေးကောင်စီက လမ်းစဉ်ပါတီထောင်သည့်အချိန် ဖြစ်သည်။ လမ်းစဉ်ပါတီမထောင်မီ ဗိုလ်နေ၀င်းက ပထစ၊ ဖဆပလနှင့် ပမညတခေါင်းဆောင်များအား မတ်လ (၄) ရက်တွင် တကြိမ်၊ မေလ (၇) ရက်တွင် တကြိမ်နှင့် မေလ (၁၇) ရက်တွင် တကြိမ် (၃) ကြိမ် သီးခြားစီတွေ့ခဲ့သည်။ ပထမအကြိမ်တွင် မလွှဲသာ၍ အာဏာသိမ်းရကြောင်း ရှင်းပြသည်။ ဒုတိယအကြိမ်တွင် တော်လှန်ရေးကောင်စီ၏ ဧပြီ (၃၀) ရက်နေ့ ထုတ်ပြန်သည့် ၀ါဒသဘောထားကြေညာချက်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရှင်းပြသည်။ တတိယအကြိမ်တွင် နိုင်ငံရေးပါတီများက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အပေါ် မည်သို့သဘောထားကြောင်း မေးမြန်းသည်။ ထိုအချိန်မှစ၍ နိုင်ငံရေးပါတီများအတွင်း သဘောထားကွဲမှုများ ဖြစ်ပွားခဲ့သည်။

၁၉၆၂ ခု ဇူလိုင်လ (၄) ရက်တွင် လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ် ထူထောင်လိုက်သောအခါ ဖဆပလ၊ ပထစ၊ ပမညတ ခေါင်းဆောင်များသည် တော်လှန်ရေးကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့တွေ့ဆုံမှု၊ ၎င်းတို့ပါတီအသီးသီး၏ လမ်းစဉ်ပါတီအပေါ် သဘောထားထုတ်ပြန်ကြေညာချက်များ၊ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ၊ ဆွေးနွေးပွဲများ လုပ်ခဲ့ကြသည်။ လက်အောက်ခံပါတီများ၊ အလုပ်သမား လယ်သမားသမဂ္ဂများအထိ လမ်းစဉ်ပါတီဝင်ရေး-မ၀င်ရေး အကြီးအကျယ် သဘောထားကွဲခဲ့ကြသည်။ ဤသို့ဖြင့် ပါတီပေါင်းစုံမှ နိုင်ငံရေးသမားအများအပြား လမ်းစဉ်ပါတီဝင်ရေး ဆုံးဖြတ်၍ စစ်တပ်ပါတီကို အလုပ်အကျွေးပြုခဲ့ကြသည်။ လမ်းစဉ်ပါတီဆန့်ကျင်သူများ ထောင်ကျတန်းကျ ဖြစ်ကြရသည်။ ပါတီစုံပါလီမန်ဒီမိုကရေစီစနစ်လည်း နင်းခြေခံလိုက်ရသည်။

ထိုစဉ်က စစ်အာဏာသိမ်းမှုကို နိုင်ငံရေးသတိရှိရှိ ကန့်ကွက်ရှုတ်ချခဲ့ကြသော အဖွဲ့အစည်းများတွင် ကျောင်းသားသမဂ္ဂများမှာ ထိပ်ဆုံးကဖြစ်သည်။ လူငယ့်တပ်ဦး (ဗမာနိုင်ငံ) နှင့် မဟာမိတ် (၁၀) ဖွဲ့တို့က “စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်ရှုတ်ချကြ” ကြေညာချက်များ ဖြန့်ဝေခဲ့သည်။ မန္တလေးခရိုင် လူငယ့်တပ်ဦး၊ တက္ကသိုလ်တပ်ဦးသစ်၊ ရခိုင်သံဃာ့တပ်ဦး (ဗဟိုဌာနချုပ်)၊ ရခိုင်သောတုဇန(သစ်)ဌာနချုပ်၊ စစ်ဆန့်ကျင်ရေး သံဃာ့အဖွဲ့ဌာနချုပ်၊ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားများအဖွဲ့ချုပ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများအဖွဲ့ချုပ်၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်နှင့် ပုသိမ်ကောလိပ် ကျောင်းသားသမဂ္ဂများ အစရှိသော အဖွဲ့များကလည်း စာရွက်စာတမ်းများ ထုတ်ပြန်ရှုတ်ချခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်ကျောင်သားညီညွတ်ရေးတပ်ဦး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ဗကသတို့၏ ၁၉၆၂၊ (၇) ဇူလိုင် အရေးတော်ပုံသည် ထင်ရှားသော သမိုင်းသာဓကဖြစ်သည်။ ယနေ့လည်း ရွေးကောက်ပွဲသပိတ်မှောက်ရေးကို ကျောင်းသားများပင် ဦးဆောင်နေသည်။

ယခု လက်ငင်းဖြစ်ပေါ်နေသည့် စစ်အာဏာသိဒ္ဓိတင်မည့် ရွေးကောက်ပွဲ ၀င်ရေး-မ၀င်ရေးပြဿနာမှာ ဗိုလ်နေ၀င်းခေတ် လမ်းစဉ်ပါတီဝင်ရေး-မ၀င်ရေးနှင့် သံတူကြောင်းကွဲဖြစ်ပေသည်။ စစ်အာဏာရှင်၏ ခွေးကတက်တွင် နိုင်ငံရေးလုပ်ပိုင်ခွင့် (Political Space) ရနိုးနိုးဖြင့် မိမိတို့ယုံကြည်ချက်ကို စွန့်၊ မိမိတို့ပါတီကို ဖျက်သိမ်းကာ၊ ကျွန်ခံခဲ့ကြရဖူးသည့် သမိုင်းအတွေ့အကြုံကို ပြန်လည်စောင်းငဲ့ကြည့်သင့်၏။ ယခုရွေးကောက်ပွဲအခင်းအကျင်းက သာမန်နိုင်ငံရေးပါတီများအတွက် ခွေးကတက်မှာပင် နေရာမရှိကြောင်း မြင်နေရသည်။ ရွေးကောက်ပွဲဥပဒေစည်းမျဉ်း အကန့်အသတ်များ၊ မလျှော်အာဏာသုံး ဟန့်တားမှုများ၊ ငွေကြေးအခက်အခဲ အတားအဆီးများနှင့် အာဏာပါးကွက်သား အင်အားသုံးခြိမ်းခြောက်မှုများအပြင် နောက်ထပ် မမြင်သာသော အနှောင့်အယှက်များလည်း ရှိလိမ့်ဦးမည်။

တိုင်းရင်းသားပါတီများ အခြေအနေကောင်းမည်လားဟု မျှော်လင့်နေကြသည်။ ၁၉၄၇ ကတည်းကစခဲ့သော ဖက်ဒရယ်ပြည်ထောင်စုမူကို စစ်တပ်က လုံးဝပယ်ချ တိုက်ဖျက်နေဆဲရှိသည်ကို မမေ့သင့်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ယခုစစ်အာဏာရှင်တို့၏ အဓိက နိုင်ငံရေးပဋိပက္ခမှာလည်း ဖက်ဒရယ်ပြည်ထောင်စုကိစ္စပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေး လမ်းစဉ်အတိုင်း သွားနေသည်။ စစ်တပ်က ဟန်ပြ ပြည်ထောင်စုဖြင့် ဗဟိုအစိုးရက အာဏာအလုံးစုံ ချုပ်ကိုင်ရေး လမ်းစဉ်အတိုင်းသွားရန် ယခုရွေးကောက်ပွဲကို ပြင်နေခြင်းဖြစ်သည်။ ထို့ကြောင့် စစ်အာဏာသိဒ္ဓိတင်ရေး ရွေးကောက်ပွဲသည် အဖြည့်ခံ နိုင်ငံရေးပါတီများအတွက် ထောင့်စေ့အောင် ဆင်ထားသော သတ်ကွင်းထောင်ချောက်ဖြစ်သည်။ လေးလေးနက်နက် စဉ်းစားသင့်လှ၏။


စစ်တပ်၏ လက်သုံးဝါဒဖြန့်ချက်ဖြစ်သည့် “ပြည်ထောင်စုကြီး ပြိုကွဲမည့်အန္တရာယ်” ဆိုသည်မှာ တိုင်းရင်းသားအချင်းချင်း သွေးကွဲစေရန်၊ စစ်အာဏာခိုင်မြဲစေရန်၊ ကောလာဟလ ထုတ်လွှင့်ချက်ဖြစ်သည်ကို မမေ့သင့်။ တိုင်းရင်းသားလူမျိုးအားလုံး သွေးစည်းညီညွတ်လျှင် စစ်အာဏာသက်ဆိုးမရှည်နိုင်။ ဤသတ်ကွင်းထောင်ချောက်မှ လွတ်မြောက်ရေးအတွက် ဗမာလူမျိုး အပါအ၀င် တိုင်းရင်းသားလူမျိုးအားလုံး ညီညီညွတ်ညွတ် ပိုင်းဖြတ်မှုရှိရှိ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြင်ဆင်ကြရပေလိမ့်မည်။

ကိုးကား ။     ။

(၁) ၁၉၅၈-၁၉၆၈ မြန်မာ့နိုင်ငံရေး (စတုတ္ထတွဲ) - ဦးမြဟန်နှင့် ဦးသိန်းလှိုင် ပြုစု၍ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က စိစစ်သည်။ တက္ကသိုလ်များပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ။ ဒုတိယနှိပ်ခြင်း။
(၂) မြန်မာ့နိုင်ငံရေးစနစ်ပြောင်းကာလ၊ ၁၉၆၂-၁၉၇၄၊ (ပထမတွဲ) - ဦးမြဟန်၊ ဒေါက်တာ ဒေါ်ခင်လှဟန်၊ ဦးကျော်ငြိမ်း၊ ဦးသန်းလွင်၊ ဦးစိန်မြင့်တို့ ပြုစု၍ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က စိစစ်သည်။ တက္ကသိုလ်များပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၉၃ ခုနှစ် မေလ။ ပထမနှိပ်ခြင်း။

ရင်းမြစ်။ ။ခေတ်ပြိုင်

0 comments:

Post a Comment