Wednesday, March 17, 2010

ဝန်ကြီးများ ရွေးကောက်ပွဲ ၀င်မည်ဟုဆို



၂၀၁၀ ရွေးကောက်ပွဲတွင်  အစိုးရ အဖွဲ့ဝင် ၀န်ကြီး အများအပြား ၀င်ရောက် ယှဉ်ပြိုင်ရေး အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ရန် လက်ရှိ ရာထူးများမှ နုတ်ထွက် ကြမည်ဟု တပ်မတော် အသိုင်းအ၀န်းနှင့် နီးစပ်သူများထံမှ သိရသည်။

ရွေးကောက်ပွဲ ၀င်ကြမည့် ၀န်ကြီး အရေအတွက်မှာ အနည်းဆုံး ၁၂ ဦး ရှိပြီး ထိုဝန်ကြီးများထဲတွင် အမှတ် ၁ စက်မှု ၀န်ကြီး ဦးအောင်သောင်းလည်း ပါဝင်သည်ဟု ဆိုသည်။

“ ရွေးကောက်ပွဲမ၀င်တဲ့ ဒု- ၀န်ကြီးတွေက လစ်လပ်သွားတဲ့ ၀န်ကြီးနေရာတွေကို တွဲကိုင်သွားမှာဖြစ်တယ်” ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။

ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသည့်အခါ ထိုဝန်ကြီးများသည် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊  ဧရာဝတီတိုင်း၊  ရခိုင်ပြည် နယ်၊ ကချင်ပြည်နယ်တို့တွင် ၀င်ရောက် အရွေးခံကြမည်ဟု ဆိုသည်။

သို့သော် အဆိုပါ ၀န်ကြီးများသည် တသီးပုဂ္ဂလပြိုင်မည် သို့မဟုတ်  ပါတီတခုကို ကိုယ်စားပြုပြိုင်မည် ဆိုသည်ကို အတိအကျ  မသိရသေးပေ။

“အရပ်သား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ၀န်ကြီးတွေဆိုရင်တော့ သူတို့နောက်မှာ ကျော ထောက်နောက်ခံ ပါတီတော့ ရှိလိမ့်မယ်။ ဒါပေမယ့် အဲဒီအကြောင်း အသေးစိတ် မသိရသေးဘူး” ဟု စစ်တပ်နှင့်
နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။

ဝန်ကြီးအချို့ကမူ စစ်အစိုးရ၏ ကျောထောက်နောက်ခံ အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းကို မကြာမီ အသွင်ပြောင်းမည့် နိုင်ငံရေးပါတီ ၃ ခုကို  ဦးဆောင်မည်ဟုလည်း သိရသည်။ သို့သော် ကြံ့ခိုင်ရေး အသင်းကမူ ထိုသတင်းနှင့် ပတ်သက်ပြီး တရားဝင် ပြောကြားခြင်း မရှိသေးပေ။

၂၀၀၈  အခြေခံဥပဒေအရ တပ်မတော်အရာရှိ အများအပြားသည် ရွေးကောက်ပွဲ ၀င်ရောက်ရန် မလိုအပ်ဘဲ  လွှတ်တော်တွင် နေရာ ရကြမည် ဖြစ်သည်။ လွှတ်တော်များအတွက် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ပေးပို့မည် ဖြစ်သည်။

Wednesday, 17 March 2010 19:41 နရီလင်းလက် 
ရင်းမြစ်။ ။http://www.irrawaddy.org/bur/index.php/news/1-news/2816-2010-03-17-12-42-14

ထိုင်းနိုင်ငံမှ မင်းသမီး သီရိဒုံ ဖျာပုံခရိုင် ရောက်ရှိသတင်းဓာတ်ပုံ


ဖျာပုံခရိုင် ဒေါ်ညိမ်းကျေးရွာမှာ (16)နေ့က ထိုင်းနိုင်ငံမှ မင်းသမီး သီရိဒုံသည် ဆေးရုံလှူဒါန်းပွဲနှင့်ဖွင့်ပွဲပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
ပေးပို့သူ “ အလင်္ကာ














နိဂုံးရဲ့ပဏာမလေလား



နအဖဘက်က သေနတ်သံစထွက်ပါပြီ၊ အမြောက်သံလို့ ဆိုရင်လည်း ရပါလိမ့်မယ်။ သေချာတာကတော့ စစ်ကြေညာတာပါ။ သူတို့နဲ့ မတူသူမှန်သမျှကို၊ တပြည်လုံးကို စိန်ခေါ်လိုက်တာပါပဲ။

ဆက်တိုက်ထွက်လာတဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေဆိုတာတွေဟာ ပစ်မှတ်ရှိရှိ ဦးတည်ချက်ရှိရှိ ပစ်လိုက်တဲ့ ကျည်ဆန်တွေ၊ ဗုံးဆန်တွေသာဖြစ်ပါတယ်။ ဘယ်သူ့ကိုပစ်တာ၊ ဘယ်အဖွဲ့အစည်းကို ရည်ရွယ်တာ စတာတွေကို အထူးပြောနေစရာ မလိုတော့ပါဘူး။ နအဖအလိုတော်ရိတွေကိုတောင် ဆွံ့အသွားစေလောက်အောင် ထင်ရှားလှတဲ့ ထိုးနှက်ချက်ဖြစ်ပါတယ်။

ထောင်ထဲကို ရောက်နေတဲ့လူတွေ နိုင်ငံရေးပါတီထဲမှာ ပါဝင်ခွင့်မရှိဘူးဆိုတာဟာ အတိုက်အခံတွေကို ဦးတည်တယ်ဆိုတာ ရှင်းနေပါတယ်။ မြန်မာပြည်မှာ ဥပဒေဘောင်တွင်းမှာ နိုင်ငံရေးလုပ်လို့ အစိုးရကဖမ်းဆီးတယ်၊ အပြစ်ချတယ်ဆိုတာ ဘာမှ မဆန်းတဲ့ကိစ္စပါ။ အခု နအဖရဲ့ ဥပဒေအရ လူတယောက်ဟာ ထောင်ကျခံလိုက်ရတာနဲ့ တပြိုင်နက် တရားဝင် နိုင်ငံရေး လောကရဲ့ အပြင်ဘက်ကိုရောက်သွားပြီဆိုတဲ့ အဖြစ်ကို ရောက်သွားတော့မှာပါ။ ဒါဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သွေးခွဲတာ၊ အားနည်းအောင်လုပ်တာ၊ ဖျက်ဆီးတာ သက်သက်လို့ ဆိုနိုင်ပါတယ်။ တခြားပါတီများရဲ့ အတွင်းရေးကို ၀င်စွက်တာလို့ပြောရင်လည်း ရပါတယ်။ ဒီလိုအပြစ်ဒဏ်ကျခံနေရသူတွေ ပါတီဝင်ခွင့်မရှိဘူးဆိုတဲ့ ဥပဒေမျိုးဟာ အရင်က မြန်မာပြည်မှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး၊ ကိုလိုနီခေတ်တုန်းကတောင် မရှိပါဘူး။ ဖဆပလလက်ထက်တုန်းကတော့ ထောင်ထဲကနေပြီးတော့ လွှတ်တော်အမတ် ၀င်အရွေးခံခဲ့တာတွေတောင် ရှိပါတယ်။ အဲဒီလိုနဲ့ပဲ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အမတ်ဖြစ်လာခဲ့တဲ့ အတိုက်အခံအမတ်တွေ အတော်များများရှိခဲ့ပါတယ်။ ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုးရဲ့ ငယ်သူငယ်ချင်း ရေစကြိုက ကျောင်းသားအမတ် ကိုကျော်ဟာ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲမှာ ထောင်ထဲကနေ အရွေးခံပြီး အမတ်ဖြစ်ခဲ့သူတဦး ဖြစ်ပါတယ်။ သူဟာ ၁၉၆၉ ခုနှစ်မှာ ကိုကိုးကျွန်းကို အပို့ခံခဲ့ရပါတယ်။

တဆက်တည်းမှာ ဒီချုပ်အခက် ဒို့အကွက်ဆိုပြီး ခေတ်ပျက်အမတ်လုပ်ချင်ကြတဲ့လူတွေ သတိထားသင့်တဲ့ အချက်တခု ထောက်ပြလိုပါတယ်။ မြန်မာပြည်သမိုင်းမှာ ကိုလိုနီခေတ် မင်းတိုင်ပင်အမတ်ကစလို့ မဆလခေတ်အထိ အမတ်ဖြစ်ခဲ့သူတွေ အမျိုးမျိုးရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ဂုဏ်သရေတကယ်ရှိခဲ့၊ ကိုယ်တိုင်က တကယ်ဂုဏ်ယူနိုင်ခဲ့တဲ့ အမတ်မျိုးဟာ အများက အသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲမှာ တင်မြှောက်ခံရတဲ့ အမတ်တွေသာ ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ အထူးသဖြင့် အာဏာရအစိုးရရဲ့ နည်းမျိုးစုံညစ်ပတ်၊ ဖိနှိပ်မှုတွေအကြားက အမတ်ဖြစ်လာသူတွေကို ပြည်သူတွေက သတိရနေကြပါတယ်။ မဆလခေတ်က အမတ်ဖြစ်ခဲ့သူတွေဟာ သူတို့နာမည်နောက်မှာ မဆလလွှတ်တော် ကိုယ်စားလှယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို အသားယူ တွဲချိတ်ကြလေ့ မရှိသလောက်ပဲဆိုတာ မမေ့သင့်ပါဘူး။ ဒီတခါ နအဖရဲ့ရွေးကောက်ပွဲမှာ အမတ်ဖြစ်လာရင်လည်း နောင်မှာ ကိုယ့်ဟာကိုယ် ရှက်နေရမယ့်အဖြစ်နဲ့ ကြုံရနိုင်ပါတယ်။

နအဖဟာ သူတို့သက်တမ်းတလျှောက်မှာ သူတို့နဲ့မတူသူတွေကို စံကျတဲ့သွေးခွဲနည်းတွေနဲ့ သွေးခွဲရင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက ‘တတ်သိ’ အစုတွေကို ဖမ်းဆီးတဲ့နည်းနဲ့ အဖွဲ့ချုပ်ထဲက ခွဲထုတ်ခဲ့သလို ငြိမ်းအဖွဲ့တွေကိုလည်း ခွဲလိုက်တာမှ အစိတ်စိတ်မြွှာမြွှာဖြစ်ကုန်တဲ့ အထိပါပဲ။ အခုလည်းပဲ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ ကလေးတောင် သိပါတယ်။ ဒီလိုအနေအထားအောက်မှာ ဗိုလ်ချုပ်တွေဟာ “ဘောလုံးဟာ တဖက်ကွင်းထဲရောက်နေပြီ” လို့ပြောပြီး ဒူးနှန့်နေကောင်း နေပါလိမ့်မယ်။

ဒီဥပဒေတွေဟာ နအဖအစိုးရက ဖန်တီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည်တို့ရဲ့ “စကားပြောပွဲ” ရဲ့ ရလဒ်လားလို့ မေးလိုက်ဖို့ကောင်းပါတယ်။ နအဖဗိုလ်ချုပ်တွေရဲ့ မရိုးသားမှု၊ စဉ်းလဲမှုတွေကို တခါထပ်တွေ့ရတာပဲလို့ ပြောရမှာပါ။ မြန်မာပြည်သားတွေရဲ့ အမျိုးသားရင်ကြားစေ့ရေးကို မြင်လိုမှု၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ကြေညာချက်အပေါ် အားတက်နေမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်သန်းရွှေထံပေးစာကို ဘယ်လိုအကြောင်းပြန်မလဲလို့ သိချင်နေကြတဲ့ မျှော်လင့်မှု၊ ဒါတွေအားလုံးကို နအဖက အခု တချီတည်းနဲ့ အပြတ်အဖြေပေးလိုက်တယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုရယ်လို့ စဖြစ်ပေါ်လာကတည်းက ဒင်းတို့ဟာ လက်နက်ကိုင်တပ်အားကိုးရှိနေတော့ ဘယ်တုန်းကမှ တဖက်သားနဲ့ စေ့စပ်တယ်လို့ မလုပ်ခဲ့ပါဘူး။ စေ့စပ်တယ်ဆိုတဲ့ အသုံးအနှုန်းတေ၊ွ ၀ါဒဖြန့်တာတွေကို အသုံးပြုခဲ့ပေမယ့် လက်တွေ့ကျတော့ တဖက်သားကို လက်နက်ချခိုင်းတာချည်းပဲ ဖြစ်ပါတယ်။ ဒီနေ့ ငြိမ်းအဖွဲ့တွေနဲ့ မပြေမလည်ဖြစ်နေတာရဲ့ အဓိကအကြောင်းရင်းဟာလည်း ဒါကြောင့်ပဲ ဖြစ်ပါတယ်။ အခု ဒီရွေးကောက်ပွဲကို အဲဒီမူအတိုင်းပဲ ထပ်လုပ်မှာဖြစ်တဲ့အတွက် သူတို့ဆီကို လက်နက်အကြိမ်ကြိမ်ချနေသူတွေ၊ သူတို့ပြောသမျှ လက်ခံတယ်ဆိုတဲ့လူတွေသာ ဒီအစီအစဉ်ကို ထောက်ခံပြီး ကျန်တဲ့ ကိုယ့်သိက္ခာ ကိုယ်တန်ဖိုးထားသူမှန်သမျှက လက်မခံနိုင်ဖြစ်နေတာပါ။ ၁၉၉၈ ခုတုန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်များက ရက်ပေါင်း (၆၀) အတွင်း လွှတ်တော်ခေါ်ပေးဖို့ပြောတော့ နအဖက လူတွေ အများကြီး ဖမ်းဆီးခဲ့တာကို ပြန်ပြီး စဉ်းစားကြည့်ပါ။ အခုတော့ သူတို့က အဖွဲ့ချုပ်ကို ရက် (၆၀) သတ်မှတ်ပေးပြီး မှတ်ပုံတင်ခိုင်းနေပြီ မဟုတ်လား။ ဒါနဲ့တဆက်တည်း ငြိမ်းအဖွဲ့တွေကိုလည်း နောက်ဆုံးရက်သတ်မှတ်ချက်တွေနဲ့ချည်း တောင်းဆိုနေတာနဲ့ တွဲကြည့်လိုက်ရင် စစ်အစိုးရဟာ နိုင်ငံရေးမှာလည်း အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်တွေကို လက်နက်ပြပြီး ဓားပြတိုက်သလိုသာ လုပ်တယ်ဆိုတာကို ထပ်တွေ့ရပါမယ်။

နအဖရဲ့ ဒီခြေလှမ်းဟာ အထက်မှာပြောခဲ့သလို အတိုက်အခံတွေနဲ့၊ ပြည်သူလူထုကို အဖြေပေးကြေညာလိုက်တာ ဖြစ်ရုံသာမက နိုင်ငံတကာရဲ့ သဘောထားအမျိုးမျိုးကိုလည်း တပါတည်းအပြတ် တုံ့ပြန်ပြလိုက်တာဖြစ်ပါတယ်။ “နအဖလေးကို ပစ်မထား ကြပါနဲ့၊ ဆက်ဆံကြည့်ကြပါ” လို့ ပြောနေသူတွေ၊ “နည်းနာသစ်နဲ့ ချဉ်းကပ်မယ်” လို့ဆိုသူတွေ၊ “အပြင်မှာမထားနဲ့ အထဲကို သွင်းပြီး ပြောင်းလဲယူရမယ်” လို့ ဆိုတဲ့သူတွေ အားလုံးကို အခု နအဖက အဖြေပေးလိုက်ပြီ မဟုတ်လား။ နအဖဆိုတာ နအဖပဲ။ စစ်အာဏာရှင်ဆိုတာ စစ်အာဏာရှင်ပဲဖြစ်ကြောင်း ထပ်ပြလိုက်ပြန်ပါပြီ။

ဒီတော့ ဒီတပွဲမှာလည်း သေနတ်သံစထွက်တာဟာ နအဖဘက်က ဖြစ်တယ်ဆိုတာကို မှတ်တမ်းတင်ဖြစ်အောင်တင်ရပါမယ်။ နောက်ဆက်တွဲဖြစ်လာမယ့် တင်းမာမှုတွေဟာ ဒီသေနတ်သံကြောင့် ဖြစ်လာတာတွေလို့ ဆိုရမှာပါ။ တကယ်လို့သာ နအဖ ဘက်ကသာ ငြိမ်းချမ်းရေးတေးသံထွက်လာရင် ပိုမိုစိမ်းလန်းစိုပြည်တဲ့ အကျိုးဆက်ကိုမြင်ရနိုင်ပါတယ်။ အခုတော့ တိုင်းပြည်ရဲ့ အလားအလာဟာ ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတဲ့ အခြေအနေရောက်နေပါပြီ။ မြန်မာပြည်မှာ နိုင်ငံရေးတင်းမာမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖန်တီးတာလို့ ဆိုနေတဲ့သူတွေ မှတ်ထားသင့်ပါတယ်။ အခု တင်းမာမှုအသစ် ထပ်ပေါ်လာပါပြီ။ လွယ်လွယ်နဲ့ ပြေလည်စရာအကြောင်းမရှိဘူးလို့ ဆိုနိုင်ပါတယ်။

နအဖရဲ့ အစဉ်အလာ လုပ်ထုံးလုပ်နည်းကို ပြန်ကြည့်ရင် အခုအခါ သူတို့ဘက်က အကုန်လုံးအသင့်ပြင်ပြီးသားလို့ ယူဆစရာ ရှိပါတယ်။ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲတယ်ဆိုပြီး နိုင်ငံပိုင်ပစ္စည်းတွေကို ထုခွဲနေတာတွေကိုက အဲဒီလို ပြင်ဆင်မှုတွေထဲက တခုလို့ဆိုရင် မမှားပါဘူး။ ဖောင်ဖျက်တယ်လို့ ပြောရင်တောင် ရမလားပါပဲ။ ရေဒီယိုတွေ၊ သတင်းဌာနတွေရဲ့ အဆိုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားနိုင်ငံရေးအင်အားစုတွေလည်း အသီးသီးပြင်ဆင်နေရတယ်ဆိုတာ တွေ့ရပါတယ်။ တောင်စွယ်နေမကွယ်မီ ရင်ဆိုင်ကြတော့မှာပါ။

ဒါဟာ နိဂုံးရဲ့အစတောင် ဖြစ်သွားနိုင်ပါတယ်။
ရဲဘော်ဖိုးသံချောင်း
၁၇/ မတ် ၂၀၁၀

ရင်းမြစ်။ ။ခေတ်ပြိုင်

ဒေါ်စု၏ နိုင်ငံရေးအခန်းကဏ္ဍကို သုံးသပ်ခြင်း

     
ဂျိုးဆက်ဖ် ဘောလ် (Joseph Ball) 
Wednesday, 17 March 2010 14:04

နှစ်ပေါင်း ၂ဝ ကြာလာသည့်တိုင် မြန်မာ့နိုင်ငံရေးက ရှေ့မတိုးနိုင် တန့်နေရသည်။ အဓိက အတိုက်အခံ ပါတီကြီးက ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အတိုင်း တရားမျှတမှု ဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခဲ့သည်။ ပြောရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့ကသာ မြန်မာနိုင်ငံကို အမှန်တကယ် ဦးဆောင်ရခြိမ့်မည်။

ဤအချိန်တွင် မျှော်လင့်ထားကြသည့်အတိုင်း ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပလာမည့် ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်သည်ဖြစ်စေ၊ ဆန့်ကျင်ဘက်ပဲဖြစ်စေ၊ တိုင်းပြည်၏ အကွဲအပြဲ ပဋိပက္ခများကို ရင်ကြားစေ့ ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ချက် မရှိသလောက် နည်းနေသည်။ အင်အားစုအများ အပြန်အလှန် နားလည်နိုင်မှုနှင့် နိုင်ငံကို မည်သို့မည်ပုံ ရှေ့ဆက်ချီတက်မည်ဆိုသည့် လမ်းကြောင်းအပေါ် သဘောတူညီမှု စသည့် အရေးကြီးသော လုပ်ငန်းစဉ်များလည်း လျစ်လျူရှုထားခံနေရသည်။ ဆက်လက်၍ ပစ်ပယ်ထားဆဲဖြစ်သည်။

စစ်အစိုးရက ပြီးခဲ့သည့်အပတ်ထဲတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဥပဒေများ ထုတ်ပြန်ကြေညာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖို့ မလွဲမရှောင်သာ အကျပ်အတည်း လမ်းဆုံလမ်းခွနှင့် ကြုံလာရသည်။ ပါတီအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ထင်ရှားသည့် ခေါင်းဆောင်များကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပစ်မည်လော သို့မဟုတ် ပါတီကို ဖျက်သိမ်းမည်လော ဟူသည့် ရွေးရခက်ခက် အခြေအနေကို ရင်ဆိုင်လာ ကြရတော့သည်။

အမှန်အတိုင်းဆိုရလျှင် ထွက်ပေါ်လာသည့် ရွေးကောက်ပွဲဥပဒေများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD ပါတီတို့ ကြုံတွေ့နေရသည့် အကျပ်အတည်းများအပေါ် မည်သူကမျှ အံ့အားတကြီး ဖြစ်မနေခဲ့ကြပါ။ ပါတီ၏ ညွှန်ကြားချက်များနှင့် ရပ်တည်ချက် ဖော်ပြမှုများက သေချာကြိုတင် ပြင်ဆင်ထားခဲ့ကြောင်း ပြသနေသည်။ မည်သို့အခြေအနေပင်ရှိစေ၊ အချိန်နည်းလာနေသော ယခုကာလတွင်ပင် NLD ပါတီအနေနှင့် ၎င်းတို့၏ ဘက်စုံရည်မှန်းချက်များကို ပြည့်မြောက်စေရန် မဆောင်ရွက်နိုင်စရာ အကြောင်းမရှိလှပါ။ ဆောင်ရွက်နိုင်ပါသေးသည်။ သို့သော် ပါတီ၏ ထိပ်သီးနာမည်ကျော် ခေါင်းဆောင်၏ အခန်းကဏ္ဍနှင့် အရေးပါမှုကို ပြန်လည်သုံးသပ်မှုဖြင့် စတင်ရလိမ့်မည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက မဖြစ်မနေ ထုတ်ပေးရမည်ဆိုပါက စစ်အစိုးရအဖို့ အောင်ပွဲဖြစ်သွားလိမ့်မည်၊ စစ်အစိုးရက တဖက်သတ် ဆောင်ရွက်နေသည့် နိုင်ငံရေးလုပ်ငန်းစဉ်ကို တရားဝင် ဖြစ်စေလိမ့်မည်ဟု ယေဘုယျအားဖြင့် ယူဆထားကြသည်။ ဤထင်မြင်ယူဆချက်များမှာ မတိကျ မမှန်ကန်လှပါ။ ထို့အပြင် ရွေးကောက်ပွဲဥပဒေများကို အခွင့်အရေး အခြေခံပေါ်မှနေ၍ လက်ခံရန် ငြင်းပယ်သည်မှာ သီအိုရီသဘောအရ ပြောလျှင် မှန်ကန်သော်လည်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန်အတွက် လမ်းမရှိသလို၊ မျှော်လင့်ချက်လည်း ပေးနိုင်လိမ့်မည် မဟုတ်ပါ။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ ကြုံတွေ့နေရသော အခက်အခဲများမှာ အခွင့်အရေးများနှင့် ပတ်သက်သည့် ကိစ္စမဟုတ်ပါ။ မဟာဗျူဟာ မျှော်မြင်ချက်နှင့် သက်ဆိုင်သည့် အကျပ်အတည်းသာ ဖြစ်သည်။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲထက်စာလျှင်၊ ယခု ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအရ ပို၍ အရေးပါနေသည်။ သို့သော် သူ၏ အရေးပါမှုသည် နိုင်ငံရေးအာဏာကို တရားဝင် ရယူထားခြင်းနှင့် သက်ဆိုင်ဆက်စပ်မှု ရှိမနေပါ။ သူကလည်း ဤအချက်ကို ယခင်မိန့်ခွန်းများစွာတွင် ဖော်ပြပြောဆိုခဲ့ပြီး ဖြစ်ပါသည်။ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုနေသည့် အဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရမည့် နောက်ဆုံး အောင်ပွဲရလဒ်ကို ဖော်ပြပြောဆိုနေကြသော်လည်း၊ သူကိုယ်တိုင် အင်းလျားကန်ဘေးရှိ အစောင့်အကြပ်များ ဝန်းရံထားသည့် အချုပ်အချယ်ထဲ ဘာမျှမလုပ်နိုင်ဘဲ ထိုင်နေရသည့် အဖြစ်မျိုး ကြုံတွေ့နေရပါသည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကသာ အနည်းငယ် သွားလာ၊ ဆက်သွယ် ဆောင်ရွက်ခွင့်သာ ရလာပါက မြန်မာ့လူမှု အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲစေရေးအတွက် သူ၏ ကြိုးပမ်းဆောင်ရွက်နိုင်ချေက လျော့နည်းကျဆင်းသွားစရာ အကြောင်းမရှိပါ။ သူက NLD ပါတီနှင့် တရားဝင် ဆက်စပ်နေမှု မရှိဟု ဆိုလျှင်သော်မှ၊ နိုင်ငံရေးအရ ထိပ်ပိုင်းအာဏာ မရယူထားဘူး ဆိုလျှင်သော်မှ များစွာလုပ်ဆောင်နိုင်ချေ ရှိနေပါသေးသည်။ ရေရှည်မျှော်လင့်တောင်းဆိုနေကြသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြည့်သည့် ခေါင်းဆောင်တဦး ဖြစ်သည့်အလျှောက်၊ အကယ်၍ သူကသာ NLD ခေါင်းဆောင် မဟုတ်ခဲ့လျှင် ဤသို့ အခန်းကဏ္ဍမျိုးကို ပို၍ လွယ်ကူစွာ ဆောင်ရွက်နိုင်ပေလိမ့်မည်။

အကယ်၍သာ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးမည်ဆိုပါက ဒေါ်စုက များစွာဆိုးရွားလှသည့် စစ်အစိုးရ၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပင် လက်ခံဖွယ်ရှိသည်ဟူသည့် ပေါ်ထွက်လာသည့် သတင်းများကြောင့်၊ အနာဂတ် နိုင်ငံရေးတွင် ဒေါ်စု၏ အခန်းကဏ္ဍကို မကြာသေးမီက ပို၍ မြှင့်တင်ပြောဆိုလာသည်လည်း ရှိခဲ့ပါသည်။ ယခု ရွေးကောက်ပွဲကိုသာ လက်ခံလိုက်လျှင် မြန်မာ့လူ့အဖွဲ့အစည်းတခုလုံးကို စစ်တပ်က ဆက်လက်လွှမ်းမိုးချယ်လှယ် သွားလိမ့်မည်ဟု အတိုက်အခံ အဖွဲ့အစည်း အများစုက လက်ကိုင်ထား ပြောဆိုနေသည်။

မည်သို့ပင်ဖြစ်စေ အထက်ဖော်ပြပါ စိတ်ခံစားမှု အခြေအနေကို ကြည့်လျှင်လည်း ဒေါ်စုက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် အခန်းကဏ္ဍနှင့် အထူးသင့်တော်နေကြောင်း ပြသနေပြန်သည်။ ရေရှည် သံသယကြီးခဲ့ကြသည့်၊ မယုံကြည်နိုင်ဖြစ်နေကြသည့်၊ ပြိုင်ဆိုင်နေသည့် အဖွဲ့အစည်းများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးနိုင်ပါလိမ့်မည်။

အကယ်၍ NLD ပါတီကသာ မြန်မာ့နိုင်ငံရေးတွင် ရေရှည်တည်တံ့သည့် ခံတပ်တခုအဖြစ် ရှိစေရန် မူဝါဒများ၊ သဘောတရားများအပေါ် အခြေခံတည်ဆောက်ထားခြင်း ဖြစ်ပါက၊ လူတဦးတည်းကို ကိုယ်စားပြုသည်ထက်ပို၍ ကြီးမားသင့်ပါသည်။ မူဝါဒများနှင့် အတွေးအမြင်များသည်လည်း လူတဦးအပေါ် မှီတည်နေသည်မဟုတ်ဘဲ အချိန်နှင့်အမျှ ဤအတိုင်း ဖြစ်ရပါလိမ့်မည်။

လက်ရှိကာလတွင် NLD ပါတီသည် မြို့ပြနေရုံးများနှင့် တက္ကသိုလ်ပုရဝုဏ်တို့မှ လွဲလျှင် လူထုထောက်ခံမှု အကျယ်အပြန့် ထိန်းသိမ်းထားနိုင်သည့် အဖွဲ့အစည်းတခုအဖြစ် များစွာ သံသယဖြစ်ဖွယ် ရှိနေသည်။ ပြီးခဲ့သည့် ၁၅ နှစ်တာ ခရီးကို ပြန်ပြောင်း၍ မိမိက အလျင်စလို သုံးသပ်ရလျှင်ဖြင့် အကယ်၍ NLD တွင် ဒေါ်အောင်ဆန်းစုကြည်သာ မရှိတော့ပါက လူထု ထောက်ခံမှု သိသာစွာ ကျဆင်းသွားလိမ့်မည်ဟုလည်း သုံးသပ်မိသည်။

NLD ပါတီတွင် သန္နိဋ္ဌာန် စွဲစွဲမြဲမြဲချထားကြသည့်၊ အမှန်တကယ် စွမ်းနိုင်သည့် အဖွဲ့ဝင်များက အင်းလျားကန်စောင်း နေရာမျှသာမက၊ မြန်မာနိုင်ငံ၏ တရားရေးစနစ်၏ လွတ်ကင်းရာ ပြင်ပတွင်လည်း များစွာ ရှိနေကြသည်။ အကယ်၍ ထိုသူများကသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါက ရွေးကောက်ပွဲတွင် အနိုင်ရ အရွေးချယ်ခံရပါက ပါတီအနေနှင့် ဆက်လက် ရပ်တည်ထိန်းသိမ်းနိုင်မည် ဖြစ်ပြီး၊ နိုင်ငံရေးအရ ထောက်ခံနေကြသူများကိုလည်း ပို၍ ကျစ်လစ်စွာ စုစည်းနိုင်လိမ့်မည်ဟု မိမိက အကြံပြုချင်သည်။ တချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်နိုင်ငံရေး မဟုတ်သည့် နိုင်ငံရေး အခန်းကဏ္ဍတွင် လှုပ်ရှားဆောင်ရွက်ခွင့် ပြုလာပါက သူ့အနေနှင့် NLD ပါတီ၏ လမ်းကြောင်းကို ညွှန်ပြဆုံးဖြတ်ပေးနေသည့်၊ အရေးပါသည့် အခန်းကဏ္ဍတွင် ဆက်လက်ရှိနေမည်မှာ မေးခွန်းထုတ်စရာ မဟုတ်ဟု မြင်မိသည်။ NLD ပါတီအနေနှင့် ဒေါ်စု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူနှင့် တသားတည်း ဆက်၍ တွဲဆက်နေမည်သာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုကြောင့် ပြန်လည်သင့်မြတ်ရေးကိစ္စ ရှေ့တိုးဆောင်ရွက်နိုင်ပြီး၊ ယုံကြည်မှု ပြန်လည်တည်ဆောက်လာနိုင်သည်နှင့်အမျှ ယခင်က အာဃာတရှိနေကြသည့် နိုင်ငံရေးသမား ပုဂ္ဂိုလ်များအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှု ရှိလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖွဲ့စည်းထားပုံလည်း များစွာ ပြောင်းလဲလာရန် အကြောင်းရှိသည်။ ဤဖြစ်နိုင်ခြေမှာ ယခုကာလတွင် ရှိမနေပါ။ အတိုက်အခံများနှင့် သူတို့ကို စာနာကြသည့် နိုင်ငံတကာ မိသားစုက ဆက်လက်တောင်းဆို ကြေညာနေရုံမျှဖြင့်လည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။

မြန်မာနိုင်ငံရှိ အတိုက်အခံ အင်အားစုများအဖို့ ယခုအချိန်သည် မိမိတို့၏ ရှိနေသော အားကောင်းချက်များ (နှင့် အားနည်း ချက်) များကို အခြေခံ၍ ပေးလာသည့် နိုင်ငံရေးအကျပ်အတည်း အခြေအနေအတွင်း မိမိတို့၏ မဟာဗျူဟာများကို ပြန် လည်သုံးသပ်ချမှတ်ရန် အသင့်လျော်ဆုံး အချိန်ဖြစ်ပါသည်။

NLD ပါတီအနေနှင့် တနိုင်ငံလုံး အတိုင်းအတာနှင့် စည်းရုံးရေးဆိုင်ရာ စွမ်းရည်ချဲ့ထွင်ရန် အထူးလိုအပ်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် မျှော်လင့်ချက်များအပေါ် အထူးတလည် ပါဝင်ဆောင်ရွက်ရတော့မည့် အချိန်ဖြစ်သည်။ ဤအချက် ၂ ခုက လုံးဝကွဲပြား တသီးခြား ရှိနေခြင်း မဟုတ်သလို၊ တထပ်တည်း အတူတူ လုပ်ဆောင်ကြရန်လည်း မလိုအပ်ပါ။

ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ဆက်ရှောက်ရမည့်လမ်းမှ တရားဝင် စွန့်ခွာသွားနိုင်သည်။ အကယ်၍ ဤနည်းလမ်းကို မှန်ကန်စွာ ဆောင်ရွက်နိုင်ပါက တိုင်းပြည်အတွက်ရော၊ ပါတီအတွက်ပါ ရေရှည်တွင် အကျိုး ဖြစ်ထွန်းနိုင်ပါသေးသည်။ သို့သော် ဤသို့ စတင်လှုပ်ရှားဆောင်ရွက်ရာတွင် လူ့အခွင့်အရေး အယူအဆများရော၊ တရားဝင်ဥပဒေကိစ္စများပါ ထည့်သွင်းမစဉ်းစားဘဲ ဆောင်ရွက်ရမည် ဖြစ်သည်။ ပေးလာသည့် မဟာဗျူဟာ အခင်းအကျင်းအပေါ် ကြည့်၍ ကကြရခြင်းသာ ဖြစ်ပါတော့သည်။

(Joseph Ball ၏ Revisiting the political significance of Aung San Suu Kyi ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)
ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4945:2010-03-17-11-35-42&catid=3&Itemid=4

ပါတီတခု ၃ သိန်း စပေါ်တင်ရမည်






နယူးဒေလီ(မဇ္ဈိမ) ။     ။ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတခုသည် ကျပ်ငွေ ၃ သိန်း ကော်မရှင်သို့ ပေးသွင်းရမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတဦးသည် ကျပ်ငွေ သိန်း ၁ဝဝ အထိ သုံးစွဲခွင့် ပြုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၇ ရက်နေ့စွဲတပ် ထုတ်ပြန်လိုက်ပြီး မနက်ဖြန်တွင် နိုင်ငံပိုင် သတင်းစာများမှတဆင့် ပုံနှိပ်ဖော်ပြမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ပါတီတည်ထောင်လိုလျှင် ငွေကျပ် ၃ သိန်းပေးသွင်းရမည်ဟု ပါရှိသည်။

နည်းဥပဒေအရ ကိုယ်စားလှယ်လောင်းတဦးစီသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစားရိတ်ကို ကျပ်ငွေ သိန်း ၁ဝဝ အထိ အမြင့်ဆုံး အသုံးပြုနိုင်သည်ဟုပါရှိသည်။

ထို့အပြင် ပါတီမှတ်ပုံတင်ရာတွင် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က လက်မှတ်ရေးထိုး လျှောက်ထားရမှာဖြစ်သည်။

မှတ်ပုံတင်ပြီးသည့်နေ့မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်ဦးရေကို နိုင်ငံအဝှမ်းယှဉ်ပြိုင်မည့်ပါတီဖြစ်လျှင် အနည်းဆုံး ၁ဝဝဝ ၊ ဒေသဆိုင်ရာပါတီဖြစ်လျှင် အနည်းဆုံး  ၅ဝဝ ပြည့်မှီအောင် ဖြည့်သွင်းရမှာဖြစ်သည်။

ပါတီတခုသည် အနည်းဆုံး သတ်မှတ်ထားသော ပါတီဝင်အရေအတွက် လျော့နည်းသွားလျှင် ကော်မရှင်ထံ အကြောင်းကြားရမှာဖြစ်ပြီး အကြောင်းကြားသည့်နေ့မှစ၍ ရက် ၉ဝအတွင်း ပြန်လည်ပြည့်မီအောင် စည်းရုံးရမှာဖြစ်သည်။

ကိုယ်စားလှယ်လောင်းအတွက် အသုံးပြုခွင့် ပမာဏအပေါ် များလွန်းသည်ဟုလည်း ထင်မြင်နေသူများလည်းရှိသည်။ မင်္ဂလာဒုံမြို့နယ်မှနေ၍ အမျိုးသားနိုင်ရေး မဟာမိတ်များအဖွဲ့ချုပ် ပါတီအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်မှူးကြီးဟောင်း ဦးကြည်ဝင်း က “အဲဒီလောက်ကြီးကျတော့ အသုံးစရိတ်များတယ်လို့တော့ ငါ့အနေနဲ့ မြင်တယ်။ အရေးကြီးတာက လွတ်လပ်၍ လျှို့ဝှက်မဲဆန္ဒက မှန်မှန်ကန်ကန် ဖြစ်ဖို့ လိုပါတယ်။ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ လိုတယ်။  လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ သူဋ္ဌေးတွေကတော့ ရှိကောင်း ရှိလိမ့်မယ်။ ငါတို့လို့ အမတ်အရွေးခံမယ့် သူတွေက သိန်း ၁ဝဝ မပြောနဲ့ တသိန်း လောက်တောင် မတရား လုပ်ရမှာ သိလား။” ဟု ပြောသည်။
မြင့်မောင်
   
Wednesday, 17 March 2010 21:05(ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4950:2010-03-17-14-54-34&catid=36:2010-election&Itemid=11)