Saturday, December 25, 2010

ရုရှားသံအမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံစဉ်မှာ ဆွေးနွေးတဲ့အကြောင်းအရာ တွေကို အတိအကျ မသိရသေးပေမဲ့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ  စစ်အစိုးရဘက်ကနေ အမြဲတမ်း အကာအကွယ်ပေးနေတဲ့ ရုရှားနိုင်ငံက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို လာတွေ့တာက ထူးခြားနေပါတယ်။ အဲဒီလိုတွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က ဆက်သွယ်မေးမြန်တဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။ “ဗုဒ္ဓဟူးနေ့မနက်ပေါ့ဗျာ။ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက သံအဖွဲ့ဝင်တဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် အိမ်ကိုလာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာကို နှစ်ဖက်စလုံးက ထုတ်ပြန်ကြေညာခြင်း မပြုပါဘူး။”
အရင်တုန်းက ရုရှားက ဒီလိုမျိုးလာပြီးတွေ့တာတွေ သိပ်မရှိတော့ အခုလာတွေ့တဲ့အပေါ်မှာ အဲန်ကယ်လ်တို့ ဘယ်လိုမြင်မိလဲခင်ဗျ။ -
“ဟုတ်ပါတယ်။ ခင်ဗျားပြောတဲ့အတိုင်းပါပဲ။ ရုရှားဟာ ကျနော်တို့ အရင် အဖွဲ့ချုပ်က နိုင်ငံရေး အခမ်းအနားတွေ လုပ်တဲ့အခါမှာဖိတ်ပါတယ်။ ပထမတုန်းက မလာတာများပါတယ်။ လာလေ့မရှိပါဘူး။ လုံးဝ မလာဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အခု ဒီတခါ လွတ်လာပြီးမှာတော့ လွတ်တဲ့နောက် တရက်နှစ်ရက်မှာ လာပြီးတော့ နုတ်ဆက်ပါတယ်။ ၀မ်းမြောက်ကြောင်း ပြောပါတယ်။ အခုကိုယ်တိုင်လာပြီးတော့ ချိန်းဆိုပြီးတော့ တွေ့တာဖြစ်ပါတယ်။ အဲဒီတော့ သံတမန် protocol အခြေအနေကို ကြည့်ရရင်တော့ နည်းနည်းတော့ ရွေ့လာတဲ့ သဘောပေါ့ဗျာ။ ပြောင်းလာတဲ့သဘောလို့ ပြောလို့ရပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးတာဝန်ခံတဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောသွားတာပါ။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ အခုတကြိမ်တွေ့ဆုံတာဟာ (၃) ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုပြီး အင်းစိန်ထောင်တွင်း တရားရုံးမှာ ရုံးတင်တရားစစ်ဆေးတုန်းက ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် သွားရောက်တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့တင်ပြတဲ့အခါတိုင်းမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၅ နိုင်ငံထဲက ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး အမြဲတမ်း ကန့်ကွက်ပယ်ချလေ့ရှိပါတယ်။

sources : : VOA

Friday, December 24, 2010

မတရားအသင်းဟု ဆိုခြင်းပေါ် ဒီဗီဘီပယ်ချ

နယူးဒေလီ (မဇ္ဈိမ) ။      ။ ဓာတ်ပုံသတင်းထောက် ကိုစည်သူဇေယျကို ထောင်ချခဲ့သော အမှုတွင် ရဲက တရားမဝင်အသင်းဟု နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံကို ရည်ညွှန်းခဲ့မှုအပေါ် ဒီဗီဘီ တာဝန်ရှိသူများက ပယ်ချလိုက်သည်။

လူ ၉  ယောက်သေဆုံးသော ရိုးရာသင်္ကြန်တွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်ကွင်းကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူခဲ့သော ကိုစည်သူဇေယျကို မင်္ဂလာတောင်ညွှန့်တရားရုံးက ဒီဇင်ဘာ (၂၁) ရက်နေ့တွင် ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့သည်။

ထိုင်းနိုင်ငံဘက်သို့ နယ်စပ်မှ ခိုးကူးဖြတ်သန်းမှု လူဝင်မှုကြီးကြပ်ရေး အရေးပေါ်ပြဋ္ဌာန်းချက် အက်ဥပဒေ ၁၃ (၁)  ထောင်ဒဏ် (၃) နှစ်နှင့် မတရားအသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေ ၁၇ (၁) တို့ဖြင့် ထောင် (၅) နှစ်ချကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ရဲက တရားလိုပြုလုပ်သော အမှုတွင် ကိုစည်သူဇေယျမှာ ထိုင်းတွင် သတင်းသင်တန်းတခု တက်ရောက်ခဲ့သလို ဒီဗီဘီအတွက် သတင်းပေးပို့ခဲ့သည်ဟု ပါရှိသည်။

နော်ဝေ ဥပဒေအရ မှတ်ပုံတင်ထားသည့် တရားဝင် မီဒီယာ ဖောင်ဒေးရှင်းဖြစ်၍ ဒီဗီဘီနှင့် ဆက်သွယ်ခြင်းကို မတရားအသင်းနှင့် ဆက်သွယ်ခြင်းဟု ပြောဆိုခြင်းမှာ မှားယွင်းသည်ဟု ဒီဗီဘီလက်အောက် အယ်ဒီတာချုပ် ဦးခင်မောင်ဝင်းက ပြောသည်။

“ ဒီဗီဘီ သတင်းထောက်တွေ၊ ဒီဗီဘီနဲ့ ဆက်သွယ်တဲ့သူတွေကို မတရားအသင်းနဲ့ ဆက်သွယ်တယ်လို့ နအဖက အရင်က စွတ်စွဲခဲ့တာတွေလဲ ရှိပါတယ်” ဟု သူက ပြောသည်။

ကိုစည်သူဇေယျ၏ ရှေ့နေ ဦးအောင်သိန်းက တရားရုံးဆုံးဖြတ်ချက်မှာ ဥပဒေနှင့် ညီညွတ်မှုမရှိဟု ကန့်ကွက်ပြောဆိုသည်။

’’တရားခံကို စစ်ကြောရေး ပြုလုပ်တဲ့ ထွက်ဆိုချက်တွေ၊ တခြားတရားခံတွေရဲ့ အမှုတွေက ထွက်ဆိုချက်တွေပေါ်မှာ မူတည်ပြီးတော့ အမှုကို တည်ဆောက်ပြီး တရားစွဲဆို စီရင်ချက်ချတာပါ။ ဒါဟာ တရားဥပဒေနဲ့ မညီညွတ်ဘူးလို့ပဲ ပြောရမှာပါ’’ ဟု ဦးအောင်သိန်းက ပြောသည်။

“ သက်သေအထောက်အထား တင်ပြနိုင်ခြင်း မရှိဘူး။ သို့သော်လည်း သူတို့က ဒီဟာကို ပေါ်လစီတရပ်အနေနဲ့ ထောင်ချတယ်။ ’’ သူက ထပ်ပြောသည်။

သားဖြစ်သူအတွက် ကိုယ်တိုင် ထွက်ဆိုချက်ပေးခဲ့သည် မိခင် ဒေါ်ရီရီတင့်က တရားရုံးဆုံးဖြတ်ချက်သည် တရားမျှတမှု မရှိဟု ပြောသည်။

“ သတင်းသမားတယောက် အနေနဲ့ အပြစ်မရှိဘူးလို့ ပြောလို့ရပါတယ်’’ ဟု သူက ပြောသည်။

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးရှိ ရေကစားမဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲပြီးနောက် ဓာတ်ပုံရိုက်နေသော ကိုစည်သူဇေယျာကို ဖမ်းဆီးပြီး နောက်တရက်တွင်သူ၏ဖခင် ဦးမောင်မောင်ဇေယျကိုလည်း ရဲက ထပ်မံဖမ်းဆီးခဲ့သည်။

ဦးမောင်မောင်ဇေယျကို အင်းစိန်ထောင်တွင် ချုပ်နှောင်ထားပြီး တရားဆိုင်နေရဆဲ ဖြစ်သည်။

ကိုစည်သူဇေယျနှင့် သူ၏ဖခင် ဦးမောင်မောင်ဇေယျတို့သည် ဒီဗွီဘီ၏ သတင်းထောက်များဖြစ်ကြောင်း  ဒီဗီဘီသတင်းတရပ်၌ ရေးသား ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှုလက်သည်များမှာ စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော်များ၏ လက်ချက်ဖြစ်သည်ဟု ရဲချုပ်ခင်ရီက နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲခဲ့သည်။

Thursday, December 23, 2010

နိုင်ငံခြား သတင်းဌာနများ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံ

နာမည်ကျော် Forbes မဂ္ဂဇင်းနဲ့ New Yorker မဂ္ဂဇင်းတွေ အပါအဝင်၊ စပိန်နိုင်ငံ ရုပ်မြင်သံကြားဌာနတခုကလည်း NLD ရုံးချုပ်ရှိရာ ရွှေဂုံတိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့ လာရောက် တွေ့ဆုံ မေးမြန်းကြကြောင်း NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။
(Photo: AFP)
နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
“ဒီနေ့က မနက်ပိုင်း US က Forbes မဂ္ဂဇင်းနဲ့ New Yorker မဂ္ဂဇင်း အဲ အဲဒီက ပုဂ္ဂိုလ်တွေ ဒေါ်စုနဲ့ လာတွေ့တယ်။ နောက် ယိုးဒယားက မဂ္ဂဇင်းက အမျိုးသမီးလေး သုံးယောက် ဒေါ်စုနဲ့ လာတွေ့တယ်။ ဆိုတော့ သူတို့ သိချင်တာတွေ မေးကြတာပေါ့ဗျာ။ နောက် စပိန် တီဗီက ဒီနေ့ လာပါတယ်။ သတင်းသမားတွေချည်းပဲ ရုံးမှာပဲ လက်ခံတွေ့တယ်။”
NLD ပါတီက လုပ်ဆောင်နေတဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ရေး ကိစ္စနဲ့ ပတ်သက်တာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေကို ကူညီရေး ကိစ္စတွေကိုလည်း NLD ပါတီတွင်း တာဝန်ယူထားသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုဆွေးနွေးမှုတွေ ရှိကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေးနဲ့ ပတ်သက်လို့ NLD ပါတီ ခေါင်းဆောင်တွေကြား မကြာခင် ရက်ပိုင်း အတွင်း ဆွေးနွေးပွဲတခု လုပ်ဖို့ရှိကြောင်း စုံစမ်းသိရပါတယ်။

sources: :RFA

Monday, December 13, 2010

မြန်မာ့အရေး ဆွေးနွေး ဖြေရှင်းစေချင်ဟု တရုတ်ကပြောကြောင်း ဝီကီလိခ် ဖွင့်ချ

မဇၹ်ိမ။     ။ တရုတ် နိုင်ငံခြားရေးဌာန ပညာရှင်များက "နိုင်ငံသားများဘဝ တိုးတက်စေရန် မြန်မာအစိုးရသည် လူမျိုးစုများ အပါအဝင် ဒီမိုကရေစီ လိုလားသော အင်အားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံ ဆွေးနွေးမှုမှတဆင့် အမျိုးသား ရင်ကြားစေ့ရေးရအောင် ကြိုးစားသည်ကို တရုတ်အစိုးရက မြင်လိုကြောင်း" အမေရိကန် အထက်လွှတ်တော်နှင့် ဟားဗတ် ပညာရှင်များ အဖွဲ့ကို ၂ဝဝ၈ ဇန်နဝါရီ ၁ဝ ရက်က ထုတ်ပြောကြောင်း ဝီကီလိခ်က ဆိုသည်။

မြန်မာအစိုးရက တိုင်းပြည်ကို အပေါ်ယံသာ ထိန်းချုပ်ထားပြီး ဒုက္ခပေါင်းစုံ ဖြစ်လာနိုင်သည့် အလားအလာရှိဆဲ ဟုလည်း တရုတ် နိုင်ငံခြားရေးဌာန အာရှရေးရာ အတိုင်ပင်ခံ ယန်ကျင်းက ဆိုသည်။ နိုင်ငံရေး ပြဿနာများ ပြေလည်သည့်တိုင် စီးပွားရေး ဘေးဒုက္ခများကြောင့် တိုင်းပြည် ပျက်နိုင်သည်ဟုလည်း သူက သတိပေးသည်။

မြန်မာအစိုးရသည် ကုလသမဂ္ဂ၏ "မြန်မာ့မိတ်ဆွေ နိုင်ငံများ" ဆိုသည့်အဖွဲ့ကို သဘောမကျကြောင်း၊ ထို့ပြင် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကိုလည်း သဘောမကျကြောင်း၊ မြန်မာအစိုးရက ၄င်း၏ ပထမ ခရီးစဉ်အတွင်း သူ့အကြံပြုချက်များကို လက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ပိုသိက္ခာကျစရာသာ ရှိခဲ့၍ ဖြစ်ကြောင်း သူက ဆက်ရှင်းပြသည်။ သို့သော် တရုတ်က ဂမ်ဘာရီ၏ လုပ်ငန်းစဉ်များကို ဆက်ထောက်ခံသွားမည်ဟု ဆိုသည်။

၂ဝဝ၇ က တရုတ်နှင့် ရုရှားသည် မြန်မာပြည်နှင့် ပတ်သက်သည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာနှင့် ပယ်ချခဲ့ပြီး နောက်ပိုင်း နိုင်ငံတော် ကောင်စီဝင် တန်ကျိဆန် (Tang Jiaxuan) ဖေဖေါ်ဝါရီလက မြန်မာပြည်သွားကာ မြန်မာဗိုလ်ချုပ်များကို ပြည်တွင်းရေးနှင့် နိုင်ငံတကာ အခြေအနေ တိုးတက်လာအောင် အကြံပေးခဲ့ကြောင်းလည်း ယန်ကျင်းက ဆက်လက် ပြောဆိုသည်။

တရုတ် နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ပညာရှင်ဇန်ကလည်း အမေရိကန် အနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရာတွင် "လက်နှစ်ဖက်ဖြင့် ကစားသင့်ကြောင်း"၊ လိုအပ်ပါက တရုတ်အစိုးရက တဆင့် မြန်မာ စစ်ခေါင်းဆောင်များကို ဒီမိုကရေစီ အပြောင်းအလဲတွင် ၄င်းတို့ အသက်အန္တရာယ်ကိုမထိခိုက်ရန် အာမခံသည့် သတင်းပေးဖို့ လိုကြောင်း ပြောဆိုသည်။

"အမေရိကန်နှင့် မြန်မာတို့ တိုက်ရိုက် စကားပြောဆိုမှုများကိုလည်း ဆက်ထောက်ခံသွားမည်" ဟု ၄င်းပညာရှင်များက ပြောသည်။

၂ဝဝ၈ ဇန်နဝါရီ ၁၇ က အမေရိကန်သံရုံး နေ့လယ်စာ စားပွဲတွင် တရုတ်သံအမတ်ကြီး ဂွမ်မူးက မြန်မာ စစ်ဗိုလ်ချုပ်များကို ခုခံကာကွယ် မပြောရုံသာမက "စစ်ခေါင်းဆောင်များက အခြေအနေ ပိုဆိုးအောင် လုပ်ခဲ့သည်" ဟု မှတ်ချက်ပေးကြောင်း အမေရိကန် သံရုံးလျှို့ဝှက် အစီရင်ခံစာကို ဝီကီလိခ်က ဖွင့်ချခဲ့သည်။

အမေရိကန် သံအရာရှိများက တရုတ် သံအမတ်ကြီးကို မြန်မာစစ်ခေါင်းဆောင်များ နိုင်ငံရေး တွေ့ဆုံမှု စတင်ရန် နိုင်ငံတကာက တသံတည်းထွက်ရေး ဆွေးနွေးရာတွင် ထိုသို့ပြောကြားကြောင်း သံရုံးအစီရင်ခံစာတွင် ဖော်ပြသည်။ "မှတ်တမ်းတင်လောက်သော ရလဒ်ကောင်းများ မထွက်လာသော်လည်း တရုတ်ပြည်သည် မြန်မာ စစ်ခေါင်းဆောင်များကို အပြောင်းအလဲ ဖြစ်အောင် တွန်းအားပေးနိုင်သော အခန်းတွင် ရှိနေပြီး အပြောင်းအလဲအတွက် အမေရိကန်တို့နှင့် ပူးတွဲလုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း"လည်း ထိုအစီရင်ခံစာက ဆိုသည်။

"အာဏာလက်မဲ့ဖြစ်ပြီး စီးပွားရေး အကျိုးအမြတ်များ ဆုံးရှုံးမည်ကို စိုးရိမ်မှုသည် စစ်ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်း မရောက်လာစေသည့် အတားအဆီးများ ဖြစ်နိုင်သည်" ဟုလည်း တရုတ် သံအမတ်ကြီးက ပြောကြောင်း ပါရှိသည်။ အမေရိကန် သံရုံးတာဝန်ခံက "စစ်ခေါင်းဆောင်များ၏ စီးပွားရေး ပိုင်ဆိုင်မှုနှင့် အသက်အန္တရာယ် မထိခိုက်ဖို့ သေချာမည်ဆိုလျှင် ဗိုလ်ချုပ်များ အာဏာ ချုပ်ကိုင်ထားမှုကို တဖြည်းဖြည်းချင်း လျှော့ချပေးသွားရမည်သာ ဖြစ်ကြောင်း" ပြန်လှန် ဆွေးနွေးထားချက်လည်း ပါဝင်သည်။

"အဲဒီထဲမှာပါတဲ့ ဖင့်လေးမနေဘဲ ဆိုတဲ့ ဝေါဟာရအရ အမှန်အတိုင်းပြောရရင် သူတို့ အချင်းချင်းကြောက်တာ ပိုများနေတယ်၊ လူထုကို သေနတ်နဲ့ပစ် ဖြေရှင်းလို့ရတယ်လို့ သူတို့မြင်တယ်၊ အာဏာလွှဲဖို့ကလဲ သူတို့လက်ထဲမှာ သေနတ်ရှိနေသ၍ သူတို့သဘောလေ၊ အဓိက က ကိုယ့်အလှည့်ပြန်ရောက်မှာ ကြောက်နေကြတယ်၊ စစ်ဗိုလ်တွေ တယောက်မှ ဇာတ်သိမ်းကောင်းခဲ့တာ မဟုတ်ဘူးလေ" ဟု ပြည်ပရောက် နိုင်ငံရေးသမားတဦးက သုံးသပ်သည်။

ထို့ပြင် ၂ဝဝ၈ စက်တင်ဘာ ၂၃ နေ့စွဲပါ အခြားသတင်းတပုဒ်တွင်လည်း "ရန်ကုန် အမေရိကန် စစ်သံရုံးသို့ မြန်မာနိုင်ငံသားတဦး လာဆက်သွယ်ကာ အနုမြူလက်နက် ထုတ်လုပ်နိုင်သည့် စွမ်းအားရှိသော ယူရေနီယမ် (-၂၃၈) ဒြပ်စင်ဟုယူဆရသည့် နမူနာတခုကို ပြသ၍ ရောင်းချရန် ကြိုးစားခဲ့ကြောင်း"ဖော်ပြသည်။

မလာမီ(၈)ရက်ခန့်က ကြိုတင်ဆက်သွယ်ခဲ့ပြီး ပုလင်းထက်ဝက်ခန့်ပါသော သတ္တုမှုန်များနှင့်အတူ တရုတ်ပြည် တက္ကသိုလ်တခုက ဓာတ်ခွဲ စမ်းသပ်ထားသည့် အထောက်အထား မှတ်တမ်း မိတ္တူလည်း ပါလာသည်ဟု ဆိုသည်။ မိတ္တူတွင် ထိုသတ္တုမှုန်များတွင် ရေဒီယို သတ္တိကြွ သဘာဝရှိသည်ဟုလည်း ထောက်ခံ ရေးသားထားပြီး မေးမြန်းစုံစမ်းရာ၌ အဆိုပါ ဓာတ်သတ္တုကို ကီလိုဂရမ် (၂ဝဝဝ) ထိရောင်းရန် အသင့်ရှိကြောင်း၊ "အကယ်၍ အမေရိကန် အစိုးရ စိတ်မဝင်စားလျှင် အခြားနိုင်ငံများကို ရောင်းချမည်" ဟု ထိုကုန်သည်က ပြောကြောင်းပါရှိပြီး "ပထမ ဦးစားပေးက ထိုင်းနှင့် အခြားနိုင်ငံများ ဖြစ်မည်" ဟု ဆိုသည်။

"ဒီကိစ္စတွေက ကျနော်တို့ ဟိုအရင် (၁၉၉၅, ၁၉၉၆) လောက်ကထဲက ကြားနေရတယ်၊ သိရသလောက်တော့ သပိတ်ကျင်း၊ မိုးကုတ်၊ မိုင်းရှူးတို့ဘက်မှာ ကျောက်တူးကြရင်း အဲလို ယူရေနီယမ်တွေ့တယ် ဆိုပြီးဖြစ်လာတော့ နဝတက စီမံကိန်းချပြီး တူးလာတာ တွေ့ရတယ်၊ သူတို့ တူးခိုင်းတာက စစ်သားလေး တွေဆိုတော့ အဲဒီ စစ်သားကနေ နည်းနည်းပါးပါး နားလည်တတ်သိတဲ့ ကုန်သည်တွေကို ရောင်းတာတို့ ဘာတို့ ရှိလာခဲ့တယ်လေ" ဟု နိုင်ငံရေး အကဲခတ် ဦးအောင်သူငြိမ်းက မဇ္ဖျိမကို ပြောကြားသည်။

ယခု ယူရေနီယမ် သန့်စင်ထားမှု အဆင့်မြင့်သည် မမြင့်သည်ကိုတော့ မည်သို့မှအကဲဖြတ်၍ မရနိုင်သေးကြောင်းလည်း သူက ဆက်လက် ပြောကြားသည်။ ထိုသို့သတင်းများ ထွက်ပေါ်ပြီးနောက်ပိုင်း စစ်အစိုးရက သိပံ္ပနှင့် နည်းပညာဌာန လက်အောက်၌ အနုမြူစွမ်းအင်ဆိုင်ရာ ဌာနခွဲတခု တိုးချဲ့ဖွင့်လှစ်ကာ အဆိုပါ နည်းပညာနှင့် ပတ်သက်၍ ပါရဂူဘွဲ့ထိ ပေးရန် ကြံရွယ်ခဲ့သေးသည်ဟုလည်း သူကပြောသည်။

မြောက်ကိုရီးယား-မြန်မာ အနုမြူ ပဟေဠိ

ရန်ကုန်ရှိ သြစတြေးလျ သံအမတ်ကို မြန်မာ အစိုးရ အရာရှိတဦးက `မြန်မာနဲ့ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမတ နိုင်ငံ (မြောက်ကိုရီးယား) တို့ ဆက်သွယ် ဆောင်ရွက်မှုတွေဟာ သမရိုးကျ လက်နက် သက်သက်အတွက် မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ကြာရှည် ကြုံတွေ့နေရတဲ့ လျှစ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းဘို့ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချရေးလဲ ပါဝင်တယ်´ ဟု ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက ၂ဝဝ၉ သြဂုတ်လတွင်း ဝါရှင်တန်သို့ ပေးပို့ခဲ့သည့် သံတမန်ကြေးနန်း တခုတွင် ဖော်ပြထားသည်။

ဝီကီလိခ်တွင် ထွက်လာသော ကြေးနန်းအရ ဤမယုံနိုင်ဖွယ် ပြောကြားချက်ကို သံအမတ် မစ်ချန်း က `မြန်မာ-ရုရှ ငြိမ်းချမ်းစွာ အနုမြူ ဓာတ်ပေါင်းဖို တည်ဆောက်ရေး သဘောတူညီချက်ကို ရည်ညွှန်းပြီး တုံ့ပြန်ပြောဆိုသော် အဆိုပါ မြန်မာအရာရှိက ရုရှနှင့်ရရှိ ထားသော သဘောတူညီချက်သည် `ဆော့ဖ်ဝဲနှင့်သင်တန်း´ အတွက်သာဖြစ်ပြီး မြောက်ကိုရီးယားနှင့် သဘောတူညီချက်မှာမူ `ဟာ့ဒ်ဝဲ´ ဒုကြီးဒယ်ကြီး ပစ္စည်းများအတွက်ဟု ပြောသွားကြောင်း ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြထားသည်။ မြန်မာ အရာရှိအမည်ကို ဝီကီလိခ်က မဖော်ပြဘဲ လျှို့ဝှက်ထားသည်။ ယင်းကြေးနန်းနောက် ၂ဝ၁ဝ နိုဝင်ဘာက ပေးပို့ခဲ့သော ကြေးနန်းတွင်မူ ချန်းက အမည် မဖော်ပြသည့် မြန်မာ အစိုးရအရာရှိနှင့် နိုဝင်ဘာ ၉ ရက်က ထပ်တွေ့ရာတွင် ထိုသူက နေပြည်တော်တွင် သူစစ်ဆေးကြည့်ရှုခဲ့ကြောင်း၊ သူယခင်ပြောခဲ့သော စကားများမှာ`နားလည်မှုလွဲခြင်း´ သာဖြစ်ပြီး (အသေးစိတ်များကို ဖျက်ထားသည်) မြန်မာအစိုးရနှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမတ နိုင်ငံတို့ အကြောင်း ပြောကြားချက်များသည် `စမ်းတဝါးဝါး´ ပြောခြင်းများသာ ဖြစ်သည်ဟု ဆိုပြန်ကြောင်း ပါရှိသည်။

ကြေးနန်းက ဆက်လက် ဖော်ပြထားရာတွင် `(အမည်ဖျောက်ထား) က မည်သည့် တိုက်ရိုက် အနုမြူ ပူးပေါင်းဆောင်ရွက်မှုကိုမျှ အတည်မပြုနိုင်ကြောင်း၊ (အသေးစိတ်ကို ဖျောက်ထားသည်) မည်သို့ဖြစ်စေ၊ ကင်နန်း ၁ အရေးအခင်းနှင့် ဇူလိုင်လ အတွင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဖူးခက်တွင် ပြောကြားခဲ့သော မှတ်ချက်စကားတို့ကြောင့် `အားလုံးကိုရပ်ဆိုင်းထားသည်´ ဟု ဆိုသည်။ ကင်နန်း ၁ ဆိုသည်မှာ ၂ဝဝ၉ ဇွန်လအတွင်း အမည်မသိ ကုန်ပစ္စည်းများ တင်ဆောင်ပြီး မြန်မာနိုင်ငံသို့ ခုတ်မောင်း လာနေသည်ဆိုသော သင်္ဘောဖြစ်ပြီး နိုင်ငံတကာမှ ဝိုင်းဝန်း ကန့်ကွက်မှုကြောင့် ပြန်လှည့်သွားခဲ့ရသည်။ ဖူးခက်တွင် ၂ဝဝ၉ ဇူလိုင်လ အတွင်း ကျင်းပခဲ့သော နိုင်ငံတကာ ထိပ်သီး အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ကလင်တန်က မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေးအကြောင်း ကြားရသည့်အတွက် စိုးရိမ်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။

အဆိုပါ အရာရှိ၏ ရှေ့နောက် ပြောင်းပြန်ပြောကြားမှုကို အဆိုပါကြေးနန်းကို ရေးသားသူ သံတမန်က မှတ်ချက်ပေးရာ၌ `မြန်မာနိုင်ငံမှ ကိစ္စ အများအပြားလိုပင် (နာမည်ဖျောက်ထား)၏ ယခင်ပြောကြားချက်နှင့် မကြာခင် ပြန်ပြင်ပြောချက်များကြား အဖြစ်မှန်နှင့် နောက်ကွယ်က ဖြစ်နိုင်ဖွယ် အကြောင်းရင်းများကို ဖော်ထုတ်ရန် မလွယ်ပါ´ ဟုဆိုထားသည်။

အဆိုပါ အမေရိကန် သံတမန်က `ကျနော်တို့အဖို့မူ (အမည်ဖျောက်ထား) ၏ ပြန်ပြင်ပြောကြားချက်သည် ယခင်ပြောကြားချက်ကို လုံးဝငြင်းပယ်ရန်ထက် ယခင် သုံးသပ်ချက်ကို အကဲဖြတ်ရန် လိုသဖြင့် ပြန်ပြင်ပြောခြင်းက ပို ဖြစ်ဖွယ်ရှိသည်´ ဟု သူ့အမြင်ကိုမှန်းဆပြောခဲ့သည်။

ဒုတိယကြေးနန်းကိုရေးသားသူ အမေရိကန်သံတမန်က သူ့ကြေးနန်းကိုနိဂုံးချုပ်ရာတွင် `လိုရင်းအချက်။ မြန်မာအစိုးရနှင့်မြောက်ကိုရီးယားကြား ပူးပေါင်းဆောင်ရွက်မှု အတိအလင်းမရှိသေး။ တခုခုဖြစ်နေသည်မှာ သေချာသည်။ ထို တခုခုထဲတွင် `အနုမြူလက်နက်´ ပါ မပါ ဆိုသည်က မရှင်းမလင်း အဖြေမထွက်သေးသည့် ကိစ္စဖြစ်ပြီး သံရုံးအတွက် အထူးဦးစားပေး စုံစမ်းရမည့်ကိစ္စ´ဟု ရေးသားထားသည်။

ဝီကီလိခ် ဝက်ဆိုက်မှ ဖွင့်ချခဲ့ပြီး ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြခဲ့သော နောက်ထပ် အမေရိကန် ကြေးနန်းတစောင်တွင် `မြောက်ကိုရီးယား အလုပ်သမားများ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ထုတ်လုပ် တပ်ဆင်နေကြသည်ဟု သိရှိရကြောင်း၊ မကွေးတိုင်းအတွင်း စစ်တပ်ပိုင် နယ်မြေ၌လည်း မြေအောက် စက်ရုံတခု တည်ဆောက်နေကြောင်း´ သတင်းများ အမေရိကန် သံရုံးမှ လက်ခံရခဲ့သည်ဟု ဆိုသည်။

အဆိုပါ မကွေးတိုင်းက စက်ရုံတွင် မြောက်ကိုရီးယား အလုပ်သမား ၃ဝဝ မျှ အလုပ်လုပ်နေသည်ဆိုသည့် မြန်မာသတင်းရင်းမြစ်၏ ပြောဆိုချက်ကိုမူ အမေရိကန် သံတမန်များက သံသယ ရှိကြောင်း ၂ဝဝ၄ သြဂုတ်လအတွင်း ပေးပို့ခဲ့သော သံရုံးကြေးနန်းတွင် ဆက်လက်ရေးသားထားသည်။

အစောပိုင်း၂ဝဝ၄ ဇန်နဝါရီက ပို့ခဲ့သော ကြေးနန်းတွင်မူ ပြည်ပရောက် မြန်မာ စီးပွားရေးသမား တဦးက သံရုံးကို ပြောကြားသည့် စကားကို ကိုးကားကာ `အလွန်ကြီးမားသော´ တွဲသင်္ဘောကြီးပေါ်မှ အလွန် အရွယ်အစားကြီးသည့် ပေါင်းအိုးကြီးတလုံး ချနေသည်ကို သူတွေ့ခဲ့ရကြောင်း၊ ဤသို့သော ပစ္စည်းများ မကြာခဏ သယ်ယူနေကြသည်ကို တွေ့ရသည်ဟု ဒေသခံများက သူ့ကို ပြောပြကြောင်း သူက အမေရိကန် သံတမန်များကို ရှင်းပြခဲ့သည်ဆိုသည်။ အဆိုပါ ပေါင်းအိုးမှာ အရွယ်အစား အလွန်ကြီးနေသဖြင့် စက်ရုံအတွက် မဖြစ်နိုင်ကြောင်း၊ မကွေးတိုင်း မင်းဘူးမြို့အနီး တည်ဆောက်နေသည်ဟု ကောလဟလ ထွက်နေသည့် အနုမြူစက်ရုံအတွက် ပိုဖြစ်နိုင်ဖွယ် ရှိကြောင်း အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ယုံကြည်သည်။

မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟူသည့် သတင်းများအပေါ် ဤကြေးနန်းရေးသားသူက `ဤသို့ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟူသည့် အချက်အပေါ် တိုက်ရိုက် အထောက်အထား မရှိသော်လည်း အနုမြူ ဓာတ်ပေါင်းဖိုတလုံး တည်ဆောက်နေသည်ဟူသော ကောလဟလများ ဆက်ထွက်နေပြီး အံ့အားသင့်စရာ ကောင်းအောင် တသမတ်တည်း တူညီနေခြင်း ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော လှုပ်ရှားမှုများအပေါ် စောင့်ကြည့် လေ့လာနေမှုများလည်း တိုး၍သာ လာသည်။ မြန်မာနိုင်ငံအတွင်း မြောက်ကိုရီးယား `ပညာရှင်များ´ တွေ့နေရသည်ဟူသည့် အပြောမျိုးဖြစ်သည်´ဟု ကောက်ချက်ချသည်။

မြန်မာ့ ယူရေနီယံအကြောင်း ယခုထိ ပေါ်ထွက်ပြီးသမျှ နောက်ထပ် ကြေးနန်းနှစ်စောင် ရှိသေးသည်။ မည်သူမည်ဝါမှန်း မသိရသည့် မြန်မာလူမျိုးတဦးက အမေရိကန် သံတမန်များထံ ချဉ်းကပ်ပြီး ယူရေနီယံ ရောင်းလိုကြောင်း ကမ်းလှမ်းခဲ့သည် ဟု ၂ဝဝ၈ အတွင်းပေးပို့ခဲ့သော ကြေးနန်းတွင် ရေးသားထားသည်။ ယူရေနီယံဟု သူကဆိုသော ကရင်နီပြည်နယ်မှ ယူဆောင်လာသည့် သတ္တုနမူနာကို ထိုသူက ပေးကာ ထိုနေရာတွင် ယူရေနီယံသတ္တု ခိုအောင်းနေသည့် ကျောက်တုံး ကီလို ၂ဝဝဝ မျှရှိသေးသည်ဟု ဆိုသည်။ အဆိုပါနမူနာကို ဆက်လက် စစ်ဆေးစမ်းသပ်ရန် သံတမန် ချောအိတ်ဖြင့် အမေရိကသို့ ပေးပို့ခဲ့သည်။ နမူနာတွင် မည်သည့် သတ္တုများပါသည်နှင့် အဆိုပါ မြန်မာအမျိုးသားသည် ကြေးနန်းရေးသားသူ ထင်သလို မြန်မာအစိုးရ ထောက်ချောက်ဆင် ဖမ်းလိုသည့် အလုပ်တွင် ကူညီ ဆောင်ရွက်နေသူဟုတ် မဟုတ် ဆိုသည်ကိုမူ မသိရသေးပါ။

၂ဝဝ၇ တွင် ပို့ခဲ့သော ကြေးနန်း တစောင်တွင်မူ အမေရိကန်သံရုံး နှင့် အဆက်အသွယ်ရှိသော သင်္ဘောလုပ်ငန်း လုပ်နေသူတဦး အပြောအရ မြန်မာစစ်အစိုးရသည် `သတ္တုရိုင်းအရော´ ၁၁၂ မက်ထရစ်တန်ကို တရုတ်နိုင်ငံသို့ စင်္ကာပူမှတဆင့် ဇန်နဝါရီ ၂၅ က ပို့ခဲ့သည်ဟု ဆိုသည်။ `အာဏာပိုင်များ ဤကုန်စည်များကို အထူးဂရုပြု ကိုင်တွယ်နေသည်ကို သူတို့ သတိထားမိကြောင်း၊ ထိုအထဲတွင် ယူရေနီယံပါသည် ဟု သံသယဖြစ်မိကြောင်း အဆိုပါ မြန်မာအမျိုးသားက အမေရိကန် သံတမန်များကို ပြောကြားခဲ့သည်။

အမေရိကန် သံရုံး အဆက်အသွယ်များ၏ ပြောကြားချက်အရ သတ္တုရိုင်းများ မြန်မာပြည်မှ ပို့ရာတွင် `လုံခြုံရေးခါတိုင်းထက် ပိုချထားကြောင်း၊ အစောင့် အကြပ်လဲ ထူထပ်ကြောင်း၊ ဆိပ်ကမ်းလုပ်ငန်းနှင့် သင်္ဘောတင်ရာတွင် အာဏာပိုင်များ ကိုယ်တိုင် အထူး သတိထား ကိုင်တွယ်နေကြောင်း´ ပြောကြားခဲ့သည်။ သတ္တုများပို့ရာတွင် သာမန်အားဖြင့် ဘလောက်တုံးများ အနေဖြင့်သာ ပို့လေ့ရှိသော်လည်း ယခုမူ မြေမှုန့်များနှင့် ရွှံ့များကို အိတ်ဖြင့်သွတ်ပြီး ပို့ခဲ့ကြောင်း အဆိုပါ သံရုံး သတင်းရပ်ကွက်များက ပြောသည်။ အဆိုပါ ရောနှော သတ္တုရိုင်းများ မော်ချီးက ထွက်ပြီး ထိုဒေသတွင် ယူရေနီယံလည်း ထွက်သည်ဟု သူတို့ကပြောသည်။
sources: : www.mazzimaburmese.com