Thursday, December 2, 2010

ရွေးကောက်ပွဲပြီးသော်လည်း မြန်မာများ ထိုင်းနယ်စပ်မှာ ခိုလှုံရာရှာနေရဆဲ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးခဲ့ပေမဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး မရတဲ့အပြင် မြန်မာပြည်သူတွေဟာ မကြာခင်က ဖြစ်ခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရင်း ခိုလှုံစရာ အမိုးအကာ ရှာဖွေနေရဆဲ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် နယ်စပ်ဒုက္ခသည် ကူညီရေး TBBC အဖွဲ့က ဒီဇင်ဘာ ၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ် ။

(Photo: AFP)
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၉ ရက်နေ့က ယာယီ တဲစခန်းများတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
DKBA တပ်ဖွဲ့နဲ့ စစ်အစိုးရတပ်ကြား တလောက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ဒုက္ခသည် နှစ်သောင်းကျော် ထွက်ပြေးလာခဲ့ရပြီး ၊ အဲဒီထဲက ဒုက္ခသည် ၈၀၀ မှ ၁၀၀၀ နီးပါးဟာ အခုချိန်ထိ လုံခြုံစိတ်ချရမဲ့ ခိုလှုံစရာ နေရာကို ရှာဖွေနေဆဲဖြစ်တယ်လို့ TBBCအဖွဲ့က ဆိုပါတယ် ။
အဲဒီဒုက္ခသည်တွေဟာ မွန်ပြည်နယ် ဘုရားသုံးဆူဒေသနဲ့ ထိုင်းနိုင်ငံ တပ်ခ်ခရိုင်ထဲက နေရာအမျိုးမျိုးမှာ ခိုလှုံစရာ ရှာဖွေနေကြတာ ဖြစ်ကြောင်း သိရပါတယ်။
နယ်စပ်အခြေအနေဟာ ရွေးကောက်ပွဲမတိုင်ခင်ထက် ပိုပြီး မတည်မငြိမ် ဖြစ်နေတယ်လို့ ပြောနိုင်ကြောင်း TBBCအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး Ms. Sally Thompson က RFA ကို ပြောပါတယ် ။ လတ်တလော ထိုင်း-မြန်မာ နယ်စပ်အခြေအနေဟာ တည်ငြိမ်မှု လုံးဝမရှိဘူးလို့ ထင်ပါတယ် ၊ ဒီလိုအခြေအနေတွေ ဖြစ်နေရတာဟာ စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေး ဆောင်ရွက်နေတဲ့အပေါ် မူတည်ပြီး ဖြစ်လာတယ် ထင်ပါတယ်လို့ Ms. Thompson ပြောဆိုသွားပါတယ်။
လက်ရှိ အခြေအနေမှာတော့ TBBC အဖွဲ့နဲ့ UNHCR အဖွဲ့တို့ ပူးပေါင်းပြီး စစ်ပြေးဒုက္ခသည်တွေအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ သောက်ရေသန့် ၊ အမိုးအကာ ရွက်ဖျင် ၊ စောင်နဲ့ ခြင်ထောင် ၊ အရေးပေါ်ဆေးဝါး စတာတွေကို ကူညီနေရကြောင်း သိရပါတယ် ။

ရင်းမြစ်။ ။RFA

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကြောင့် ဘဏ်က ငွေမချေး

စစ်အစိုးရ၏ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် အင်းဝဘဏ်လီမိတက်က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကြောင့် ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၏ မိသားစုကို ငွေထုတ်မချေးတော့ကြောင်း သတင်းရရှိသည်။

မကြာသေးမီ လပိုင်းအတွင်းက သခင်သိန်းဖေ၏ မိသားစုဝင်များသည် လုပ်ငန်းအတွက် ငွေချေးရန် နေအိမ်ပိုင်ဆိုင်မှု အထောက်အထားများ၊ မရမ်းကုန်းမြို့နယ်ရှိ ကြိုးထုတ်လုပ်သည့် စက်ရုံပိုင်ဆိုင်မှု အထောက်အထားများဖြင့် အင်းဝဘဏ်လီမီတက်တွင် ငွေကျပ်သိန်း ၂၀၀ ချေးငှားရန် တင်ပြခဲ့ကြောင်း၊ ဘဏ်မှ တာဝန်ရှိ စစ်အရာရှိများက နေအိမ်နှင့် စက်ရုံကို လာရောက်စစ်ဆေးရာ စက်ရုံရုံးခန်းအတွင်း ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို စစ်အရာရှိများက မြင်တွေ့သွားပြီး ချေးငွေ ယူမည်ဆိုပါက ဓာတ်ပုံကို ဖြုတ်ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း သခင်သိန်းဖေနှင့် နီးစပ်သူ နိုင်ငံရေးသမားတဦးက ရှင်းပြသည်။

“ကျနော်က ၂၀၀၅ ခုနှစ် ထောင်ကလွတ်တော့ နေစရာမရှိလို့ သခင်သိန်းဖေအိမ်မှာ နေဖြစ်တော့ အိမ်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို သိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဖြုတ်မပေးလို့ ချေးငွေ သိန်း ၂၀၀ မရခဲ့ဘူး။ ရုံးခန်းက ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံက သိန်း ၂၀၀ တန်ဓာတ်ပုံ အလိုလိုနေရင်း ဖြစ်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကြောင့် သခင်သိန်းဖေ မိသားစု ချေးငွေ မရရှိခဲ့သည့် အကြောင်းကို သခင်သိန်းဖေ၏ နေအိမ်တွင် ယနေ့ ကျင်းပပြုလုပ်သော နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် အဆိုပါ နိုင်ငံရေးသမားက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

သခင်သိန်းဖေ၏ မိသားစုဝင်များက ချေးငွေမရပါကလည်း ကိစ္စမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ဖြုတ်ပေးမည်မဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။

သခင်သိန်းဖေအိမ်တွင် ကျင်းပပြုလုပ်သော အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ပါတီဝင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ သတင်းမီဒီယာများ၊ နိုင်ငံရေးသမားများ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး အရပ်ဝတ် ရဲသတင်းပေးများ၊ ရဲများက အိမ်တွင်းသို့ ၀င်ရောက် ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့သည်။

ရင်းမြစ်။ ။ဧရာဝတီ

Wednesday, December 1, 2010

ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည်ကို Foreign Policy မဂ္ဂဇင်းကြီးက ထည့်သွင်းဖော်ပြလိုက်သည်။
Daw_Su_and_His_Son_at_BG_market
ယနေ့တွင် သားဖြစ်သူ ကင်မ် အဲရစ္စနှင့်အတူ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Getty Images)
နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို အတွေးအခေါ်သမား ၁၀၀ အနက် အဆင့် ၇၅ တွင် ထည့်သွင်းဖော်ပြထားသည်။

ရွေးချယ်ခံရခြင်းနှင့် ပတ်သက်၍ Foreign Policy မဂ္ဂဇင်းကြီးသို့ ဗီဒီယိုမှတဆင့် ဂုဏ်ပြု အမှတ်တရ ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူနေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း ကမ္ဘာကြီးသည် ပြောင်းလဲလာကြောင်းနှင့် ဒီမိုကရေစီရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း ပြောသွားသည်။

ထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်က “ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ ကျမဘဝဟာ ကာလအပိုင်းအခြား နှစ်ခုအတွင်း ကျင်လည်နေခဲ့ပါတယ်။ တွေးတောပြီး အပြန်ပြန်အလှန်လှန် သုံးသပ်ခြင်း ဆိုတဲ့ ကာလအပိုင်းအခြားနဲ့ လုပ်စရာတွေ များလွန်းလို့ ပြေးလွှားနေတဲ့ အတွေးတွေကို ဆုပ်ကိုင်ဖို့ အချိန်မရနိုင်တဲ့ ကာလအပိုင်းအခြားပါပဲ” ဟု ဆိုသည်။

“ဒါပေမယ့် ဒီနှစ်တွေထဲမှာ အတွေးတခု ဝင်နေတာက ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် တိုးတက်မှုတခုရဖို့ ကျမတို့အားလုံး အတူတူ လက်တွဲ လုပ်ဆောင်ကြရမယ် ဆိုတာပါပဲ။ ဒါက လူသားဖြစ်တည်မှုနဲ့အတူ မွေးဖွားလာတဲ့ အတွေးအခေါ်ပါ။ အများနဲ့ လုပ်တာ အကျိုးရှိပါတယ်။ တဦးကိုတဦး ကူညီရိုင်းပင်းကြဖို့ ကြိုးစားကြရပါမယ်။ ဒါဟာ ဘယ်တော့မှ အိုမင်းဟောင်းနွမ်းသွားမယ့် အတွေးအခေါ် မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပြောင်းလဲနေသော အခြေအနေသစ်ကို တွေ့ရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျမကို လာရောက် အားပေးသူတွေ၊ နှုတ်ဆက်ဖို့ လာတဲ့ သူတွေနဲ့ ကျမတို့ လုပ်ဆောင်နေတာကို ဆက်လက်ယုံကြည်ကြောင်း ပြသသူတွေဟာ လွန်ခဲ့တဲ့ နှစ်များစွာက ကျမ အလုပ် တွဲလုပ်ခဲ့ဖူးသူတွေထက် ပိုပြီး ငယ်ရွယ်နေကြပါတယ်။ တကယ့်ကို မျိုးဆက်သစ်တွေပါ။ မျိုးဆက်သစ်ပေါင်း များစွာလို့ ကျမပြောပါရစေ။ ကျမတို့နဲ့ ပူးပေါင်းလာတယ်။ တကယ့်ကို နုပျိုနေတဲ့ ကမ္ဘာသစ်ပါပဲ” ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က တချိန်တည်းတွင် ထိုလူငယ်မျိုးဆက်များသည် သတင်းနည်းပညာ တော်လှန်ရေးသစ်၌ ပို၍ အကျွမ်းတဝင်ဖြစ်နေသည့် ထူးသည့် ကမ္ဘာသစ်ဖြစ်ကြောင်း၊ သူ့ကို ပျော်ရွှင်စေ၊ အားတက်စေ၊ လန်းဆန်းစေခဲ့ကြောင်း၊ သတင်းနည်းပညာသည် ကွဲပြားသည့် လူအမျိုးမျိုး၊ ကွဲပြားသည့် မျိုးဆက်များကြားတွင် ပိုမိုကောင်းမွန်သော ကူးလူးဆက်ဆံမှုကို ဖြစ်ပေါ်စေကြောင်း သုံးသပ် ပြောကြားသွားသည်။ 

“ကမ္ဘာကို ထိပ်တန်း အတွေးအခေါ်သမားအဖြစ် ဘာတွေ ပြောပေးနိုင်မယ်ဆိုတာ မသိပါဘူး။ ပြောနိုင်တာကတော့ ကျမဟာ ပြန်လည်မျှဝေပေးဖို့၊ အတွေးအခေါ်သစ်တွေ သင်ယူဖို့၊ လူငယ်တွေဆီက သင်ယူလေ့လာဖို့၊ ကျမ အကျယ်ချုပ်ကျခံနေရတဲ့ ကာလအတွင်း ဖြတ်သန်းခဲ့သူတွေဆီကနေ ဘာတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာကို သင်ယူဖို့၊ ထပ်ဆောင်း ဆင်ခြင်မှုတွေကို သင်ယူဖို့ အသင့်ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဆင်ခြင်တွေးခေါ်ခြင်းသည် ပြီးဆုံးသည်၊ အဆုံးသတ်သွားသည်ဟူ၍ မရှိကြောင်း၊ ဤသည်မှာပင် စိတ်ဓာတ်နှင့် နှလုံးသား၏ အဆုံးမရှိ ခရီးဆက်နေသော လူ့သဘာဝ၏ အလှတရားဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အုပ်စိုးမှုအပြောင်းအလဲထက် “အရည်အသွေး တန်ဖိုး အပြောင်းအလဲ” အတွက် ရှေရှည်ပြုပြင်ပြောင်းလဲမှုကို ဆော်သြခဲ့ကြောင်း Foreign Policy မဂ္ဂဇင်းကြီးက ရေးသားထားသည်။

“သူ (ဒေါ်အောင်ဆန်းစုကြည်) က လုပ်စရာရှိတာတွေ စလုပ်နေပါပြီ။ သူ့ရဲ့ ပါတီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ဆက်လက် ရပ်တည်ရေးအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်တယ်၊ မကြာသေးမီက ပြီးစီးသွားတဲ့ ရွေးကောက်ပွဲ မသမာမှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ကတိပြုတယ်။ လွတ်လွတ်ချင်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ 'ကျမတို့ လုပ်စရာတွေလည်း အများကြီး ရှိသေးတယ်' ဆိုတဲ့အတိုင်းပါပဲ” ဟု  Foreign Policy မဂ္ဂဇင်းကြီးက မှတ်ချက်ပေးထားသည်။

ကမ္ဘာ့ အတွေးအခေါ်သမား ၁၀၀ အနက် ထိပ်ဆုံးတွင် ဘီလျံနာ သူဌေးကြီးများဖြစ်သော စီးပွားရေးရင်းနှီးမြှုပ်နှံသူ ဝါရင်း ဘတ်ဖတ် နှင့် မိုက္ကရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ် ဂိတ်တို့ရှိနေပြီး အမေရိကန် သမ္မတ အိုဘားမားက တတိယဖြစ်သည်။

ဂျာမန် အဓိပဓိဖြစ်သူ အင်ဂလာ မာကယ်က အဆင့် ၁၀ တွင်ရှိနေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အဆင့် ၁၃ ဖြစ်သည်။

သတင်း ။ ။ဧရာဝတီ

စစ်မက်ဖြစ်မည့်အရေး ကချင်ပြည်သူများ စိုးရိမ်နေ

ကချင်ပြည်နယ်အတွင်း အခုရက်ပိုင်း မြန်မာစစ်အစိုးရရဲ့တပ်အင်အား သိသိသာသာ တိုးမြှင့်ချထားနေတဲ့အတွက် အပစ်ရပ် ကေအိုင်အို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မကြာခင် စစ်ပွဲတွေ ဖြစ်ပွားတော့မလား ဆိုပြီး ဒေသခံတွေက အထူး စိုးရိမ်ပူပန်နေကြတယ်လို့ မြစ်ကြီးနား မြို့ခံတွေက ပြောပါတယ်။

(Photo: RFA)
KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ၂၀ဝ၉ ဖေဖော်ဝါရီ ၅ရက်နေ့က ကျင်းပသော ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIO တပ်ဖွဲ့ဝင် ၁၅၀ဝခန့်က လက်နက်အပြည့်အစုံဖြင့် ဥက္ကဋ္ဌ ဦးဇောင်းဟရားကို ချီတက်အလေးပြုခြင်းသည် ထူးခြားမှုအဖြစ် ယူဆကြပါသည်။ (Photo: RFA)
လောလောဆယ် တင်းမာမှုနဲ့ ပြင်ဆင်မှု အခြေအနေတွေအရ စစ်ပွဲဖြစ်ပွားဖို့ နှစ်ဖက်စလုံးက အဆင်သင့် ဖြစ်နေတဲ့ အနေအထား တွေ့ရတယ်လို့ ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးအောင်ဝါက ပြောပါတယ်။
ကေအိုင်အို အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဂွမ်မော်ကတော့ သူတို့ရဲ့ ကေအိုင်အေတပ်တွေကို အသင့် အနေအထား ရှိအောင် တပ်လှန့်ထားတာသာ ဖြစ်ပြီး စစ်ပွဲအတွက် ပြင်ဆင်နေတာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ဟာ ၁၉၉၄ ခုနှစ်ကစလို့ စစ်အစိုးရနဲ့ တရားဝင် အပစ်အခတ် ရပ်စဲထားခဲ့တာ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် စစ်အစိုးရရဲ့ ဖိအားပေးမှုကို လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ပေမဲ့ အပစ်ရပ် သဘောတူညီချက်ကိုတော့ ဆက်လက် ဆုပ်ကိုင်ထားဆဲပဲလို့ ကေအိုင်အိုအဖွဲ့က ပြောပါတယ်။
နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးကိစ္စကို ကေအိုင်အိုက ငြင်းပယ်ခဲ့တဲ့ နောက်ပိုင်း စစ်အစိုးရနဲ့ ကေအိုင်အို အဖွဲ့တို့ကြား ဆက်ဆံရေး အထူးတင်းမာလာခဲ့ပြီး စစ်အစိုးရဖက်က ကေအိုင်အိုအရာရှိတွေရဲ့ သွားလာခွင့်တွေကို ထိန်းချုပ်ကန့်သတ်ခဲ့တဲ့ အပြင် မြစ်ကြီးနားမြို့က ကေအိုင်အိုအဖွဲ့ရဲ့ ဆက်ဆံရေးရုံး အားလုံးကိုပါ မကြာသေးခင်က ပိတ်ခိုင်းခဲ့ပါတယ်။

သတင်း -- RFA

Sunday, November 28, 2010

ဦးခင်ညွှန့် ဗီဒီယိုဖိုင်အပေါ် အမျိုးမျိုး ဝေဖန်သုံးသပ်

နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက လာရောက်တွေ့ဆုံပြီး ခေါ်ထုတ်သွားသည့် ဗီဒီယိုကလစ်သည် အင်တာနက်တွင် ပျံ့နှံ့နေပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများ အနေဖြင့် အမျိုးမျိုး သုံးသပ်လျက်ရှိကြောင်း သိရှိရသည်။

ds-ts-kn ရဲချုပ် ခင်ရီ ဦးဆောင်သည့် ရဲအရာရှိများနှင့် ဦးခင်ညွန့်တို့ တွေ့ဆုံဆွေးနွေးသည့် ဗီဒီယိုဖိုင်သည် ၁၆ မိနစ်ကျော် ရှည်လျားသော်လည်း အသံဖိုင် ပါဝင်ခြင်း မရှိပေ။ အဆိုပါ ဗီဒီယိုဖိုင်သည် လူမှုကွန်ယက် ဝက်ဘ်ဆိုက် တခုဖြစ်သည့် Facebook တွင် ယမန်နေ့ ညနေမှစ၍ ပျံ့နှံ့နေခြင်းဖြစ်သည်။

ဦးခင်ညွန့်သည် ယခုအချိန်တွင် အသက် ၇၀ ကျော်ရှိပြီး စစ်အစိုးရလက်ထက်တွင် ပထမဆုံးသော နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ ထိပ်သီးပိုင်း ရာထူးများအတွင်း အာဏာပြိုင်ဆိုင်မှုများကြောင့် ၂၀၀၄ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခံရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။

စစ်ထောက်လှမ်းရေးဟောင်း ဦးခင်ညွန့်ကို နေပြည်တော်သို့ ခေါ်ယူပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးစေမည်ဟု ယခုနှစ်အတွင်း ကောလာဟလသတင်းများ ထွက်ပေါ်ဖူးသည်။

ရဲချုပ်ခင်ရီက ဦးခင်ညွန့်ကို အလေးပြုနေဆဲဖြစ်ကြောင်း ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ ဦးခင်ညွန့်က ၎င်း၏ အိမ်ရှေ့တံခါးကို ကိုယ်တိုင်ဖွင့်ပေးခဲ့ပြီး ရဲချုပ်နှင့် မိနစ်အနည်းငယ်ခန့် ဆွေးနွေးကြသည်။ ရဲချုပ် ခင်ရီက ဦးခင်ညွန့်နှင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေတို့ကို တစုံတခု ရှင်းပြပြောဆိုပြီးနောက် ၎င်းတို့ ဇနီးမောင်နှံက မြေးဖြစ်သူများကို နှုတ်ဆက်ကြောင်း တွေ့ရသည်။

ဦးခင်ညွန့်နှင့် ဇနီးဖြစ်သူကို နေရာမှန်းဆ၍ မရသော နေရာတနေရာသို့ ခေါ်ဆောင်သွားပြီး ဦးခင်ညွန့်က ရဲချုပ်ခင်ရီနှင့် အဖွဲ့ကို တစုံတရာ ပြောဆိုနေကြောင်း တွေ့ရသည်။ နောက်ခံအနေအထားအရ ဦးခင်ညွန့်၏ နဂိုမူလ နေထိုင်သည့်အိမ် မဟုတ်ကြောင်း ခန့်မှန်းရသည်။

စစ်တပ်အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတဦးက “ဒါက ထူးဆန်းနေပါတယ်။ ဘာလို့လဲဆိုတော့ ရာထူးက ဖယ်ရှားခံထားရတဲ့ သူတယောက်ကို လက်ရှိတာဝန်ထမ်းဆောင်နေဆဲ အရာရှိက ဘယ်တော့မှ အလေးပြုလေ့မရှိဘူး” ဟု ဆိုသည်။

အမေရိကန်နိုင်ငံတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က “အရာရှိကြီးတွေနဲ့ လျှို့ဝှက်ဆွေးနွေးဖို့ ဦးခင်ညွန့်ကို သိပ်မကြာသေးခင်ကပဲ တပ်မတော် ဧည့်ဂေဟာကို ခေါ်သွားဟန်တူပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။

ယခုကဲ့သို့ ဗီဒီယိုဖိုင် ပျံ့နှံ့နေရခြင်း အကြောင်းအရင်းကို မည်သူကမှ အတိအကျ မသိရှိဘဲ မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်မှုရှိနိုင်ကြောင်း ပြောဆိုမှုများလည်း ပေါ်ထွက်လာသည်။

စစ်တပ် အသိုင်းအဝိုင်းကမူ နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲ နေ့ကတည်းကပင် ဦးခင်ညွန့်ကို လွှတ်ပေးခဲ့သည် ဟုလည်း ပြောဆိုကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။

ဦးခင်ညွန့်ကို စတင်ထိန်းသိမ်းခဲ့ချိန်မှ စ၍ အပြင်သို့ ၄ ကြိမ်ထွက်ခဲ့ကြောင်း၊ နောက်ဆုံးအကြိမ် အပြင်ထွက်မှုမှာ ဝန်ကြီးဟောင်းတဦးဖြစ်သူ ဗိုလ်မှူးချုပ် တင့်ဆွေ ဇနီး၏ ဈာပနသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်သည် တချိန်က အာဏာအရှိဆုံး ပုဂ္ဂိုလ်တဦး ဖြစ်ခဲ့ပြီး ၁၉၉၀ နှစ်များ၌ “ဝ” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့နှင့် အပစ်အခတ်ရပ်စဲရေး ကိစ္စများတွင် အဓိက ကျသူတဦး ဖြစ်ခဲ့သည်။

ဦးခင်ညွန့်နှင့် ၎င်း၏ စစ်ထောက်လှမ်းရေးအဖွဲ့များ ဖယ်ရှားခံရပြီးနောက် ယခုလက်ရှိအခြေအနေတွင် စစ်အစိုးရနှင့် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များအကြား ဆက်ဆံရေး အကြီးအကျယ်တင်းမာနေကြောင်း တွေ့ရှိရသည်။

ဦးခင်ညွန့်သည် နိုင်ငံတကာနှင့် ဆက်ဆံရေး၌ ထိုးဖောက်နိုင်သည့် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရခဲ့ပြီး စင်္ကာပူဝန်ကြီးချုပ် ဟောင်း လီကွမ်ယုကလည်း ဦးခင်ညွန့်ကို မြန်မာ စစ်အစိုးရ အရာရှိများအနက် အထက်မြက်ဆုံးဟု ချီးမွမ်းခဲ့ဖူးသည်။

ဦးခင်ညွန့်၏ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၏ အကိုတော်စပ်သူ ဒေါက်တာသန်းငြိမ်းက ယခုပျံ့နှံ့နေသည့် ဗီဒီယိုဖိုင် နှင့်ပတ်သက်၍ မည်သို့မျှ နားမလည်ကြောင်း၊ ဦးခင်ညွန့်၏ မိသားစုနှင့်လည်း အဆက်အသွယ်မရှိသဖြင့် ယခု ဖြစ်ပျက်နေသည့် ကိစ္စများကို မသိရှိကြောင်း ဧရာဝတီသို့ ပြောသည်။

ဦးခင်ညွန့် အာဏာရှိနေစဉ်မှ ၂၀၀၈ အကုန်ပိုင်းအထိ ဒေါက်တာသန်းငြိမ်းသည် နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းကျ ခံနေခဲ့ရပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ၏ လက်ရှိ ဥက္ကဋ္ဌ ဖြစ်သည်။

နိုင်ငံရေးအကဲခတ်များက ယခုတကြိမ် ဦးခင်ညွန့်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနှိုင်းရေးတွင်သာ အသုံးချရုံမကဘဲ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရာတွင်ပါ အသုံးချမည်ဟု ခန့်မှန်း ပြောဆိုကြသည်။

ဦးခင်ညွန့်သည် ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ပါတီစုံဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ဟုဆိုကာ လမ်းပြမြေပုံ ၇ ချက်ကို ချမှတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က “ဦးခင်ညွန့် ထောင်ချခဲ့တဲ့သူတွေ မနည်းပါဘူး။ တချို့ဆိုရင် ၁၉၈၉ လောက်ကတည်းက အခုချိန်ထိ ထောင်ထဲမှာ ရှိနေကြတုန်းပဲ။ ဒါပေမယ့် အခုလိုမျိုး ဝမ်းနည်းစရာကိစ္စကိုတော့ ကျနော်တို့လည်း မမြင်ချင်ပါဘူး၊ သူ့ကိုမှ မဟုတ်ဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း အခုလိုမျိုး အခြေအနေမျိုးမှာ မတွေ့မြင်ချင်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဦးခင်ညွန့်ကို အဂတိလိုက်စားမှုများဖြင့် ၂၀၀၄ ခုနှစ်တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ စစ်အစိုးရက ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့သော်လည်း နေအိမ်အကျယ်ချုပ်အဖြစ်သာ ချုပ်နှောင်ထားခဲ့သည်။

မှတ်ချက်။ ။ ဧရာဝတီမှ ဖြစ်ပါသည်။ ဗွီဒီယို ဖိုင်လေးကို ကြည့်ချင်သူများအတွက်တော့   Facebook | Videos Posted by Stone Age: ခင်ညွန့် ဘာတွေဖြစ်နြေ...