Thursday, December 31, 2009

၂၀၁၀



ဘာပဲဖြစ်ဖြစ် နှစ်တစ်နှစ်ကတော့ကုန်ဆုံးသွားခဲ့ပါပြီ ။
၂၀၁၀ ဆိုတာ ကို ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ
ရောက်လာတော့မှာပါ ။ တကယ်တော့ ကျ နော်တို့ လူ့ဘ၀ဆိုတာ
ဗလာ အခေါင်းနဲ့ဆပ်ပြာ ပူပေါင်းတွေပါပဲ ။
အဲဒီဆပ်ပြာပူပေါင်း ကို သက်တန့်ဖြစ်အောင် ကြိုးစားနိုင်ကြပါစေ.......
လို့ ဆုတောင်းလိုက်ပါတယ် ။
အားလုံးအတွက် အကောင်းဆုံးသော နှစ်သစ်ဖြစ်ကြပါစေ..။

Wednesday, December 30, 2009

သာဌေယျ(သို့) ယုတ်ညစ်သော ဟန်ဆောင်ကောက်ကျစ်မှု


အကုသိုလ်တရား လွှမ်းမိုးရာ ပုထုဇဉ်လောက၌ အကုသိုလ်ထိုက်သည့် ဟန်ဆောင်မှုတို့
ပြည့်နှက်နေ၏။ ကိစ္စရပ်တိုင်းကို ကောင်းမကောင်း ဆုံးဖြတ်ရာ၌ အကြောင်းရင်း ရည်ရွယ်ချက်နှင့်
အကျိုးရလဒ်တို့ကို ကြည့်ရသည်။ အကြောင်းနှင့် အကျိုးကို ကြည့်၍ ဟန်ဆောင်မှုကိုလည်း အပြစ်
ကင်းမကင်း နှစ်မျိုးခွဲခြား သတ်မှတ်နိုင်ပေသည်။လောကသားတို့ ဟန်ဆောင်ကြရာ၌ 'မုသားမပါ လင်္ကာမချော'
ဆိုသကဲ့သို့ ဝန်းကျင်လောကနှင့် သဟဇာတဖြစ်အောင် ဟန်ဆောင်ရသည်လည်း ရှိ၏။ ရှင်းရှင်းဘွင်းဘွင်း ပြောဆို
ပြုမူလိုက်လျှင် သက်ဆိုင်ရာ ပတ်ဝန်းကျင်၌ ပေါက်ကွဲမှု တုန်လှုပ်မှုတို့ ဖြစ်ပွား လာနိုင်သောကြောင့်
အခြေအနေကို ထိန်းသည့်အနေဖြင့် ဟန်ဆောင် ဖုံးဖိလိုက်ရသည်လည်း ရှိ၏။ ပတ်ဝန်းကျင်ကို
မသမာသော နည်းဖြင့် အနိုင်ယူ လွှမ်းမိုးရန် ကောက်တကျစ် ဟန်ဆောင်ကြသည်လည်း ရှိ၏။
ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ တစ်ဦးတစ်ယောက်အတွက် အထိုက်လျောက် အကျိုး
ဖြစ်ထွန်းစေနိုင်သော ဟန်ဆောင်မှု၊ လိမ်ညာမှုတို့ကို အနောက်ယဉ်ကျေးမှု၌ 'မုသားဖြူ'ဟု ချစ်စနိုး
ကင်းပွန်းတတ်ကြ၏။ ထိုသို့သော ဟန်ဆောင်မှုမျိုးကို ခွင့်လွှတ်နိုင်သည့်သဘော လက်ခံနိုင်သည့်
သဘောပင်ဖြစ်သည်။အကုသိုလ်ထိုက်သည့် ယုတ်ညစ်သော ဟန်ဆောင်ကောက်ကျစ်မှုကို ပါဠိစာပေ၌
'သာဌေယျ'ဟု ခေါ်ဝေါ်သုံးစွဲ၏။ ဂုဏ်အရည်ချင်း တကယ်မရှိဘဲ ရှိလေဟန်ဆောင်ခြင်း၊ ကြွားဝါခြင်း
အသန္တဂုဏသမ္ဘာဝန သဘော၊ အဝိဇ္ဇမာနဂုဏပကာသန သဘောတို့သည် သာဌေယျမည်၏။
ပတ်ဝန်းကျင်၏ အထင်ကြီး လေးစားမှုကို ရလိုသောကြောင့် ဂုဏ်အရည်အချင်း တကယ်မရှိဘဲ
ရှိလေဟန်ကြွားဝါခြင်းပင် ဖြစ်သည်။သီလမရှိဘဲ ရှိဟန်ဆောင်ခြင်း၊ အကျင့် မကောင်းဘဲ ကောင်းဟန်ဆောင်ခြင်း၊
အမျိုးမမြတ်ဘဲမြတ်ဟန်ဆောင်ခြင်း၊ ဗဟုသုတ မရှိဘဲ ရှိဟန်ဆောင်ခြင်း၊ ပစ္စည်းဥစ္စာ မရှိဘဲ ရှိဟန်ဆောင်ခြင်း
အစရှိသော ဟန်ဆောင်ကြွားဝါမှု မှန်သမျှသည် သာဌေယျမည်၏။ အဘိဓမ္မာ တရားကိုယ်အားဖြင့်
တဏှာလောဘပင် ဖြစ်ပေသည်။ လောကစီးပွား အောင်မြင်ရေးအတွက် ဖြတ်လမ်းနည်းလည်း
ဖြစ်ပေသည်။ယုတ်မာသော ဟန်ဆောင်မှုသည် မထိုက်တန်သော ကိုယ်ကျိုးစီးပွားကို မမှန်ကန်သော
နည်းလမ်းဖြင့် ရယူရန် ကြိုးစားသောကြောင့် ဖြစ်ပေါ်လာရ၏။ ယုတ်နိမ့် အောက်တန်းကျ
သူတို့သည် ဟန်ဆောင်မှု ကြွားဝါမှု အလိမ်မပေါ်မချင်း သာဌေယျသုံး၍ လောက၏ အထင်ကြီး
လေးစားမှုကို ရယူနိုင်ကြ၏။ ပူဇော်ချီးမြှောက်မှုကို ခံယူနိုင်ကြ၏။ လောကီစီးပွား အမြတ်
ထွက်နိုင်ကြ၏။ဟန်ဆောင်ကြွားဝါ၍ မတရားသော နည်းလမ်းဖြင့် ခံယူ ရရှိထားသော လောကအောင်မြင်မှု
များကို ကျေနပ်သာယာမိလျှင် ရိုးသားဖြောင့်မတ်မှု လမ်းကြောင်းမှန်သို့ ရောက်ရန် မလွယ်တော့ပေ။
တရားသော နည်းလမ်းဖြင့် ရရှိထားသည်ဖြစ်စေ မတရားသော နည်းလမ်းဖြင့် ရရှိထားသည်ဖြစ်စေ
လောကီစီးပွား လောကီအောင်မြင်မှုမည်သည် တွယ်မက်စေတတ်သော သဘောရှိ၏။
ဟန်ဆောင်ကြွားဝါသူ ကိုယ်တိုင်က ပတ်ဝန်းကျင်၏ အထင်ကြီး လေးစားခံရမှု, အများ၏
ပူဇော်ချီးမြှောက်မှုတို့ကို တွယ်မက်နေခြင်း၊ အတွင်းသိ အစင်းသိ နီးစပ်သူတို့ကပါ ကူညီ ပံ့ပိုး၍
ကြွားဝါပေးခြင်း, တွန်းပင့်ပေးခြင်းတို့ကြောင့် သာဌေယျဖြင့် ကောက်ကျစ်သူတို့သည် လက်ရှိဘဝ၌
လောကီစီးပွား ရရှိနိုင်ကြ၏။ ယုတ်နိမ့်အောက်တန်းကျသူ သာဌေယျသမားသည် ဆင်ခြင်နိုင်စွမ်း
ဥာဏ်ရည်နိမ့်သူတို့ကို လွှမ်းမိုးနိုင်၏။ ဆင်ခြင်တုံကင်းသူတို့၏ အကန်းလောက၌ သာဌေယျသမား
သည် ပညာရှိလည်း ဖြစ်နိုင်၏။ သူတော်ကောင်းလည်း ဖြစ်နိုင်၏။
သာဌေယျဖြင့် လိမ်ညာ ကောက်ကျစ်သူတို့၏ လွှမ်းမိုးမှုကို ခံရသူ လူညံ့တို့သည်လည်း
ယုတ်မာမှု စက်ကွင်းမှ လွယ်လွယ်နှင့် မလွတ်မြောက်နိုင်တော့ပေ။
ဟန်ဆောင်မှုကို အထင်ကြီးကာ သာဌေယျသမားတို့၏ လိမ်ညာမှု စက်ကွင်းသို့ တိုးဝင်
မိသူသည် မိမိ၏ မိုက်မဲနုံအမှုကို လူသိ မခံချင်သောကြောင့် ဖြစ်စေ၊ အတန်အသင့် အသိဥာဏ် ရှိ၍
လူကဲခတ်တတ်သူပင် ဖြစ်သော်လည်း မိမိအထင်ကြီးမိသူ သာဌေယျသမား၏ အရှိန်အဝါကို
မတော်လှန်နိုင်သောကြောင့် ဖြစ်စေ ဟန်ဆောင်မှုကို သိသည့်တိုင်အောင် ဆက်လက်၍ အညာခံ
နေရ တတ်၏။ထို့ကြောင့် တွေ့ရာလူကို မဆင်မခြင် အထင် မကြီးမိအောင် ချင့်ချိန်စူးစမ်းမှုကို လေ့ကျင့်
ထားသင့်၏။ စိတ်ဓာတ်အင်အား ပညာ သုတ သိုမှီးထားသင့်၏။ လောက၌ ဖြူစင်ဖြောင့်မတ်မှု
ထွန်းကား ပြန့်ပွားရေးအတွက် ဟန်ဆောင်ကောက်ကျစ်မှုကို နှိပ်ကွပ်ရန် သတ္တိမွေးသင့်၏။ အင်အား
စုဆောင်းသင့်၏။ရုန်းမထွက်သာအောင် လွှမ်းမိုးချုပ်နှောင် တတ်သည့် သာဌေယျသမားတို့သည် ဝေးဝေး
ရှောင်ရမည့်သူများ ဖြစ်ပေသည်။ ပေါင်းသင်းဆက်ဆံရမည့် မိတ်ဆွေများ မဟုတ်ကြပေ။ ကြည်ညို
ပူဇော်ရမည့် ဆရာသမားများလည်း မဟုတ်ကြပေ။
ဟန်ဆောင်ကောက်ကျစ်သူကို သွေရှောင်ရမည် ဖြစ်သော်လည်း ဟန်ဆောင်ကြွားဝါမှုကို
လွယ်လွယ်နှင့် မသိနိုင်ပေ။ ဟန်ဆောင်သူကို အချိန်ကြာကြာ နီးနီးကပ်ကပ် ပေါင်းသင်းကာ
ဥာဏ်နှင့်ဆင်ခြင် လေ့လာ၍ ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်ကြည့်နိုင်မှ ထင်ထင်ရှားရှား သိနိုင်၏။
ကောက်ကျစ်မှု တစ်မျိုးဖြစ်သော ဟန်ဆောင်လိမ်ညာခြင်းကို ဥာဏ်ရှိသူတို့ အကဲခတ် နားလည်
နိုင်သော်လည်း ဟန်ဆောင်ကောက်ကျစ်သူကို အပြစ်ဆို စွပ်စွဲရန် မလွယ်ကူပေ။
အဘယ်ကြောင့်ဆိုသော် ထိုထို လူယုတ်တို့သည် မိစ္ဆာဥာဏ် အရာ၌ ထူးချွန် ထက်မြက်
ကြသောကြောင့် ဖြစ်၏။ ပိပိရိရိ အကွက်ဆင်၍ သပ်သပ်ရပ်ရပ် ဟန်ဆောင်ကောက်ကျစ် နိုင်ကြ
သောကြောင့်ဖြစ်၏။တစ်ဘက်သား၏ အထင်ကြီး လေးစားမှုကို ရယူနိုင်သည့် သေသေသပ်သပ်
ဟန်ဆောင်ကြွားဝါမှု ကျကျနန အကွက်ဆင် လိမ်ညာမှု သာဌေယျသဘောကို ဓမ္မဓဇဇာတ်၌ အထင်အရှား
တွေ့နိုင်ပေသည်။
ဓမ္မဓဇဇာတ်
ရှေးအခါက ဘုရားလောင်းသည် ငှက်မျိုး၌ ဖြစ်၏။ ငှက်မင်းသည် သမုဒ္ဒရာအလယ် ကျွန်း
ငယ်၌ ငှက်အပေါင်း ခြံရံလျက် နေလေ၏။ ထိုစဥ် လမ်းညွှန်အဖြစ် ဒိသာကာကကျီးကို ယူဆောင်၍
သမုဒ္ဒရာသို့ ခရီးထွက်ခဲ့ကြသော ကုန်သည်တို့သည် ရေလယ်၌ လှေပျက်၍ ဒုက္ခရောက်ကြ၏။
ထိုအခါ ခရီးလမ်းညွှန်အဖြစ် ဆောင်ယူခဲ့သော ကျီးသည် ဘုရားလောင်းငှက်တို့ နေရာ ကျွန်းငယ်သို့
ရောက်သွား၏။ထိုကျီးသည် ငှက်တို့ထံ ချဉ်းကပ်ကာ အံ့ဖွယ်သရဲ အထူးအဆန်း ဟန်ဆောင်ကျင့်ပြ၍
ငှက်တို့၏ ယုံကြည်မှုကို ခံယူကာ ငှက်ဥတို့ကို လည်းကောင်း၊ ငှက်ငယ်တို့ကို လည်းကောင်း ခိုးစား
လေ၏။ ဟန်ဆောင်ကောက်ကျစ်သော ကျီးယုတ်ကြောင့် ငှက်တို့ ပျက်စီးကြရ၏။
ထိုကျီးသည် ခြေတစ်ချောင်းထောက် ရပ်၍ ပါးစပ်ကို ဖွင့်ဟထား၏။ အပြုအမူ ထူးဆန်း
သောကျီးကို ငှက်တို့က မေးမြန်း စုံးစမ်း စပ်စုကြ၏။ မြေကြီးက ခံဆောင် မထားနိုင်သောကြောင့်
ခြေတစ်ဘက်သာ ထောက်၏။ လေကိုသာ စားသောကြောင့် ပါးစပ် ဖွင့်ထား၏ဟု ကျီးက ဖြေသည်။
ထို့ပြင် သုစရိုက်ကို ကျင့်သုံးရန်နှင့် ဒုစရိုက်ကို ရှောင်ကြဉ်ရန်လည်း ငှက်တို့ကို တရားဟောလိုက်
သေး၏။ ငှက်တို့သည် ကျီး၏ ဟန်ဆောင်မှုကို ယုံကြည်သွားကြ၏။ အယောင်ဆောင်ကျီးကို
ဝမ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုကြ၏။ အထင်ကြီးကြ၏။ ကြည်ညို လေးစားကြ၏။ အကြောင်းရင်း
မမှန်ကန်သော သဒ္ဓါတုကြောင့် ငှက်တို့ ပျက်စီးကြရ၏။တစ်နေ့သော် ငှက်တို့သည် ငှက်ဥနှင့် ငှက်ငယ်တို့ကို
စောင့်ရှောက်ရန် ကျီးကို ယုံယုံကြည်ကြည် တာဝန်ပေး၍ အစာရှာ ထွက်သွားကြ၏။ ထိုစဉ် အယောင်ဆောင်
ကျီးယုတ်သည်ငှက်ဥနှင့် ငှက်ငယ်တို့ကို ခိုးယူ စားသောက်လေ၏။ ထို့နောက် ခြေတစ်ချောင်းထောက်၍ ရပ်ကာ
ပါးစပ်ဖွင့်ထားရင်း ရှေးနည်းအတိုင်း ဟန်ဆောင်နေလိုက်၏။
ကျီးယုတ်က ပိရိစွာ ဟန်ဆောင်ကောက်ကျစ် နိုင်သောကြောင့် ငှက်ဥနှင့် ငှက်ငယ်တို့ ပျောက်
ဆုံးမှုအတွက် ငှက်တို့က ကျီးကို သံသယမရှိကြပေ။ အထင်ကြီးမြဲ လေးစားမြဲ ရှိကြ၏။
''ဤကျီး ရောက်လာမှ အန္တရာယ်ဖြစ်သည်''ဟု စဉ်းစားမိသော ဘုရားလောင်း ငှက်မင်းသည်
ကျီးကို မသင်္ကာ၍ အမှုကိုစုံစမ်း၏။ ဘုရားလောင်းသည် အခြားငှက်တို့နှင့် အတူ အစာရှာ
ထွက်မည်ဟု ဆိုကာ ကျီးကို စောင့်ကြည့် နေခဲ့၏။ ထို့ကြောင့် ကျီး၏ယုတ်မာမှုကို သိရ၏။ ထိုအခါ
ငှက်တို့သည် ကျီးယုတ်ကို ဝိုင်းအုံ ထိုးသုတ်၍ သတ်ပစ်လိုက် ကြ၏။
ဤဇာတ်တော်၌ အဓမ္မသမားဖြစ်သော အယောင်ဆောင် ကျီးယုတ်သည် ဓမ္မတာအရ
နောက်ဆုံး၌ ရှုံးနိမ့်ပျက်စီးရသော်လည်း ဟန်ဆောင်လိမ်ညာ၍ ငှက်တို့ကို ပညာသားပါပါ
လွှမ်းမိုးနိုင်ခဲ့၏။ ဟန်ဆောင်ကောက်ကျစ်၍ ပူးသတ်နိုင်ခဲ့၏။
ကျီး၏ ယုတ်မာမှုကို ဖော်ထုတ်ခဲ့သော အလောင်းတော် ငှက်မင်း၏ အရည်အသွေးကား
လေးစားအားကျဖွယ်ဖြစ်၏။ တိရစ္ဆာန်ပင်ဖြစ်သော်လည်း အခြေအနေမှန်ကို သုံးသပ်နိုင်ခြင်း၊ အမှု
မှန်ကို ဖော်ထုတ်ရာ၌ ဆန့်ကျင်ဘက်ကို အသားလွတ် စွပ်စွဲခြင်း မဟုတ်ဘဲ အများလက်ခံနိုင်အောင်,
ဆန့်ကျင်ဘက်ကပင် ပြန်မငြင်းနိုင်အောင် စနစ်တကျ ဆောင်ရွက်နိုင်ခြင်းတို့မှာ သာမာန်ဥာဏ်ရှိသူ
တို့ပင် နားလည်ကြည်ညိုနိုင်သော ဘုရားလောင်းတို့၏ ဝိသေသဂုဏ်ရည်များ ဖြစ်ပေသည်။
ဘုရားလောင်း ငှက်မင်းကို အတုယူ၍ ဟန်ဆောင်ကောက်ကျစ်သူ သာဌေယျသမားကို
နှိပ်ကွပ်သင့်၏။ လောက၌ ဖြူစင်ရိုးသားမှု ပြန့်ပွားအောင် ဆောင်ရွက်သင့်၏။ မိမိပတ်ဝန်းကျင်၌
သာဌေယျသမားတို့ မင်းမမူနိုင်အောင် ဆောင်ရွက်ခြင်းသည် ပညာရှိ သူတော်ကောင်းတို့၏ မြင့်မြတ်
သော တာဝန်တစ်ရပ် ဖြစ်ပေသည်။သာဌေယျသမားကို နှိပ်ကွပ်ရန် လောက၌ မည်သို့သော တရားဥပဒေများ
သတ်မှတ်ပြဌာန်းထားလေသည် မသိ။ သာသနာတော်၌ကား ဘုရားရှင်သည် သာဌေယျသမားကို နှိပ်ကွပ်ရန်အတွက်
အပြင်းထန်ဆုံး ဥပဒေဟု ဆိုနိုင်သော ပါရာဇိက သိက္ခာပုဒ်ကို ပညတ်တော် မူခဲ့၏။ ပစ္စည်း လာဘ်
လာဘနှင့် ထင်ပေါ်ကျော်ကြားမှုကို ရလိုသောကြောင့် တရားထူး မရဘဲ ရလေဟန် ဟန်ဆောင်
ကြွားဝါသော ရဟန်းသည် ပါရာဇိကကျ၏။ပါရာဇိကကျခြင်း ဟူသည်မှာ ရဟန်းများအတွက် အကြီးမားဆုံးသော
ဆုံးရှုံးမှု ဖြစ်၏။ပါရာဇိကကျသော ရဟန်းသည် ဘုရားသားတော် ရဟန်းစစ် မဟုတ်တော့ပေ။ သာသနာတော်မှ
အပြီးအပိုင် ထွက်ခွာရ၏။ လည်ဆစ်ပြတ်သော ထန်းပင်သည် ပြန်လည်၍ မရှင်သန်နိုင်တော့
သကဲ့သို့ သာသနာတော်တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် မရှိတော့ပေ။
မည်မျှပင် နှိပ်ကွပ်သော်လည်း သာဌေယျသည် အရေထူ၏။ အသက်ပြင်း၏။ သုတ်သင်ဖို့
မလွယ်ပေ။ ဟန်ဆောင်ကောက်ကျစ်မှု သာဌေယျ ဟူသည်မှာ သတ္တဝါတို့ သန္တာန်၌ ဘဝ
အဆက်ဆက် ကိန်းဝပ်လာသော သံသရာဝဋ်ဖြစ် အကုသိုလ် လောဘစေတသိတ်သာ ဖြစ်သော
ကြောင့် အကုသိုလ်မကင်းနိုင်သူ လောဘမသိမ်းနိုင်သူ လူမည်သည်မှာ အနည်းနှင့်အများ ဟန်
ဆောင် တတ်ကြသည်သာတည်း။ ကောက်ကျစ်တတ်ကြသည်သာတည်း။ မိမိသန္တာန်၌ သာဌေယျ
အရိပ်အရောင် တွေ့ရသည်နှင့် ရှင်သန်ကြီးထွားခွင့် မပေးဘဲ သတိနှင့် သုတ်သင်ကြရုံသာ
ရှိတော့သည်။လောဘပတ်ဝန်းကျင်နှင့် ဆက်စပ် နေရသောကြောင့် ဟန်ဆောင် ကောက်ကျစ်သူတို့၏
လွှမ်းမိုးမှုကို အတိုင်းအတာ တစ်ခုအထိကား ခံကြရနိုင်သည်သာတည်း။ ထို့ကြောင့် မိမိထံသို့
သာဌေယျသမား၏ ယုတ်မာမှုဂယက် ရိုက်ခတ်လာသည်နှင့် မိမိနှင့် မိမိပတ်ဝန်းကျင်၏ ပစ္စုပ္ပန်စီးပွား
သံသရာစီးပွားကို မထိပါးရလေအောင် သတိထားကြရုံသာ ရှိတော့သည်။
အကုသိုလ်ကို အမြစ်ပြတ် မသုတ်သင်နိုင်မီ၊ အကုသိုလ် လောကကို မလွန်မြောက်နိုင်မီ
ဟန်ဆောင် ကောက်ကျစ်မှု နည်းနိုင်သမျှ နည်းအောင် ကြိုးစား၍ ပိပိရိရိ ဟန်ဆောင် ကောက်ကျစ်
တတ်သော လူယုတ်တို့ကို သွေရှောင်နိုင်ရန်နှင့် ရှောင်မရလောက်အောင် ထိပ်တိုက် တွေ့ရသည့်
အဆုံး သာဌေယျသမားကို စွမ်းနိုင်သောနည်းဖြင့် သတိကြီးကြီးထား၍ နှိပ်ကွပ်ကြရုံသာ ရှိတော့
သည်။ သံသရာအထိ ဆိုးကျိုးပေးနိုင်သော ဟန်ဆောင်ကောက်ကျစ်မှု သာဌေယျအန္တရာယ်မှ
ကင်းဝေးကြပါစေ။
ရှင်အာစာရ

Tuesday, December 29, 2009

8888 Calendar

8888 Calendar

သူငယ်ချင်းတို့အတွက်(၂)







လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့် သူငယ်ချင်းတွေ များများ ရှိပါစေ



"ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ" ဆိုတဲ့ မေးခွန်းကို
အဖြေ မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ
မေးလေ့ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း
အပြောခံနေရတယ်။

ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့
ထင်ခဲ့တာ။ "မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား" လို့
အဖြေပေးခဲ့ဖူးတယ်။ မေမေက ပြန်ပြောတယ်။
"မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ သား သေချာ ထပ်
စဉ်းစားကြည့်ပါဦး။ မေမေ နောက်မှ ထပ်မေးမယ်"

နှစ်နည်းနည်း ကြာတော့ မေမေ အဲဒီ မေးခွန်းကို ထပ်မေးလာတယ်။

ပထမတစ်ခေါက် ဖြေပြီးကတည်းက အဖြေမှန်ရဖို့ အတော်လေး မျှော်လင့်ခဲ့မိတယ်။
ဒီတစ်ခါ ကျနော် မေမေ့ကို ဖြေလိုက်တာက "မေမေ၊ အမြင်အာရုံက လူတိုင်းအတွက်
အင်မတန် အရေးကြီးတယ်လေ။ ဒီတော့ အဖြေက ကျနော်တို့ရဲ့ မျက်လုံးတွေပဲ
ဖြစ်ရမယ်"
မေမေ ကျနော်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ကရုဏာလေသံနဲ့
"သားက အတော်လေး စဉ်းစားလာနိုင်ပြီပဲ။ ဒါပေမယ့် အဖြေက မှားနေသေးတယ်။
လောကမှာ မျက်စိမမြင်တဲ့ လူတွေ အများကြီးရှိတယ် သားရဲ့" လို့
ပြန်ပြောသွားတယ်။

ကျနော် စိတ်လေသွားခဲ့ပြန်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဖြေမှန်ရအောင်တော့
ကျနော် ဆက်ကြိုးစားဖို့ အားမာန် အပြည့်နဲ့ပါ။ တွေးတတ်ခေါ်တတ်ဖို့ အမေရဲ့
လေ့ကျင့်ခန်းကို ကျနော် မမေ့မလျော့ အမြဲ လုပ်နေဖြစ်တယ်။ ဒီနှစ်တွေ
ကြားမှာလည်း မေမေ့ကို ခဏခဏ ဖြေပေးဖူးတယ်။ ဒါပေမယ့် အမေဆီက ကြားရတဲ့
အားပေးစကားက မပြောင်းလဲခဲ့ဘူး။
"မဟုတ်သေးဘူး သား။ ဒါပေမယ့် လူလေးက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး
တွေးတတ်ခေါ်တတ်လာတာပဲ"

တစ်နှစ်တော့ ကျနော့ အဘိုး ဆုံးတယ်။ အားလုံး အတော်လေး စိတ်ထိခိုက်ကြတယ်။
အားလုံးလည်း ငိုခဲ့ကြတယ်။ ကျနော်ရဲ့ အဖေတောင် ငိုတယ်။ ကျနော်
ကောင်းကောင်း မှတ်မိတာပေါ့။ ဘာလို့လဲဆို ဖေဖေ ငိုတာကို ဒါပါနဲ့ဆို
နှစ်ခါပဲ မြင်ဖူးသေးတာ။

အသုဘ အခမ်းအနားမှာ အခေါင်းပိတ်ဖို့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက်
အဘိုးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြတယ်။ ကျနော်တို့ အလှည့်လည်း ရောက်ရော
အမေက ကျနော်ကို လှမ်းကြည့်တယ်။ နောက်ပြီး သူ ကျနော်ကို
လှမ်းပြောလိုက်တယ်။
"အရေးကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲဆိုတာ အခု သိပြီလား၊ သား"

ဒီလို အချိန်မျိုးမှာ ဒီမေးခွန်း မေးလာလိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး။
အမေးခံလိုက်ရတော့ အတော်လေး ထွေသွားတယ်။ သူနဲ့ ကျနော် နှစ်ယောက်တည်း
ဆော့တဲ့ ဂိမ်းတစ်ခုပဲလို့ ကျနော် ထင်နေခဲ့တာလေ။ အူကြောင်ကြောင်ဖြစ်နေတဲ့
ကျနော်မျက်နှာကို အကဲခတ်မိတဲ့ မေမေက
"ဒီမေးခွန်းက သိပ်အရေးကြီးတယ်၊ သား။ ဘဝမှာ တကယ်ပဲ အသက်ရှင်လျက်
နေထိုင်နေသလား ဆိုတာကို သိဖို့ ဒီအဖြေက အရေးပါတယ်။ ဟိုးအရင်က
အစိတ်အပိုင်း အတော်များများကို သားအဖြေပေးဖူးတယ်။ ပေးတိုင်းလည်း
မှားတယ်ဆိုတဲ့အကြောင်း မေမေ ဥပမာနဲ့ အမြဲ ရှင်းပြခဲ့တယ်။ ဒါပေမယ့်
ဒီနေ့တော့ အရေးကြီးတဲ့ ဒီ သင်ခန်းစာကို သားအနေနဲ့ မှတ်ကို မှတ်သားမှ
ဖြစ်မယ်။"

မိခင်တစ်ယောက်ရဲ့ ကရုဏာမျိုးနဲ့ ကျနော်ကို ခြေဆုံးခေါင်းဆုံး
ကြည့်လိုက်ပြီး ပြောလာတယ်။ သူရဲ့ မျက်ဝန်းအိမ်အပြည့် မျက်ရည်တွေနဲ့
ဖုံးလွမ်းနေတာ ကျနော် သတိထားမိတယ်။
"သား ... မင်းရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းက
မင်းရဲ့ ပုခုံးတွေပဲ"

"ကျနော့် ခေါင်းကို ထမ်းပိုးထားရလို့လား မေမေ"
"မဟုတ်ဘူး၊ သား။ သားရဲ့ ပုခုံးနဲ့ သူငယ်ချင်း ဒါမှမဟုတ်
ကိုယ်ချစ်တဲ့သူရဲ့ ခေါင်းကို မှီခွင့် ပေးထားနိုင်တယ်လေ။ သူတို့
ငိုရင်ပေါ့။ လူတိုင်းလူတိုင်း သူတို့ရဲ့ ဘဝမှာ အကြောင်း
တစ်မျိုးမျိုးကြောင့် ငိုကြရရင် အမှီပြုဖို့ ပုခုံးတစ်ဖက်တော့ လိုမယ်၊
သား။ သားမှာ လုံလောက်တဲ့ အချစ်တွေ ရှိဖို့ပဲ မေမေ မျှော်လင့်တယ်။ အဲဒီလို
အချစ်တွေကြောင့် သား လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့်
သူငယ်ချင်းတွေ များများ ရှိပါစေလို့လည်း မေမေ အမြဲ ဆုတောင်းပေးနေပါတယ်"