အိမ်ထဲကအိမ်ပြင် မထွက်ဘဲနဲ့ ကံကောင်းထောက်မပြီး ကောင်းမှုကုသိုလ်တစ်ခုပြုဖို့ အခွင့်အရေးတစ်ခု ရလိုက်ပါတယ်။ အင်မတန် ရင်းနှီးကျွမ်းဝင်တဲ့ ဦးပဉ္ဇင်းတစ်ပါး တစ်နေ့မှာ ရောက်လာပြီး မာကြောင်းသာကြောင်း မေးပါတယ်။ပြီးတော့မှ တိုင်ပင်ချင်တာလေး တစ်ခုရှိပါတယ်။ ဆရာပြန်မပြောပါနဲ့ မောနေပါမယ်။ ဦးပဉ္ဇင်းပြောတာပဲ နားထောင်ပေးပါလို့ ပြောပါတယ်။ ကျောင်းကလေးပိတ်မှာစိုးလို့ ဦးပဉ္ဇင်းက ပရဟိတ စိတ်အားထက်သန်မှု အင်မတန် ကြီးမားပါတယ်။ ချင်းတောင်သွားပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလည်း လုပ်ခဲ့ဖူးတယ်။ အခုလည်း ပရဟိတ ကျောင်းလေးတစ်ကျောင်း ပိတ်ရတော့မလို ဖြစ်နေလို့ အကြံညဏ် လာတောင်းတာပါ။ ကျောင်းလေးက ဆရာတော်တစ်ပါး စတင် တည်ထောင်ခဲ့တာ ဖြစ်တယ်။ တည်ထောင်သူ ဆရာတော်ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ကျောင်းသူကျောင်းသား ၁၂၀ လောက် အထိ တက်ရောက် သင်ကြားနေကြတယ်။ သူငယ်တန်းက ရှစ်တန်းအထိ အရွယ်စုံရှိတယ်။ ဆရာ၊ ဆရာမ ငါးယောက်ကိုလည်း ဆရာတော်က လစဉ်တတ်နိုင်သမျှ ထောက်ပံ့ခဲ့တယ်။ ရွာကလည်း တတ်စွမ်းသမျှ စာအုပ်၊ ဘောပင်၊ ခဲတံကအစ ဝေယျာဝစ္စတွေ ကူညီပါတယ်။ ဒါပေမဲ့ အများစုက မချောင်လည်ကြတာ ဆရာတော်ကိုပဲ အလုံးစုံ အားကိုးနေကြရတယ်။ စာမေးပွဲတွေနီးခါမှ ဖြစ်ချင်တော့ ဆရာတော်က ရုတ်တရက် အမှတ်မထင် ပျံလွန်တော် မူသွားတယ်။ ကျောင်းအကျိုးတော်ဆောင် အဖွဲ့က ကြိုးစားပြီး ထိန်းသိမ်းပေမယ့် အလှူငွေ ရှာနိုင်တဲ့ ဆရာတော် မရှိတော့ဘူးဆိုတော့ အခက်တွေ့လာတယ်။ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ နှစ်လအတွက် ဆရာ၊ ဆရာမတွေကို ထောက်ပံ့ငွေပေးဖို့တောင် မရှိတော့ဘူး ဖြစ်လာတယ်။ မလွှဲမရှောင်သာ ကျောင်းပိတ်လိုက်ရတော့မယ်။ ဒီအချိန်မှာ ပရဟိတလုပ်ငန်း စိတ်ထက်သန်သူ ဦးပဉ္ဇင်း နဲ့ တွေ့ခဲ့ကြရတာ ဖြစ်တယ်။ ဦးပဉ္ဇင်းက စာမေးပွဲတွေနီးခါမှ မပိတ်လိုက်ကြပါနဲ့ဦး နည်းလမ်းရှာပါဦးမယ်လို့ ပြောပြီး လာရောက်တိုင်ပင်တာပါ။
တက္ကသိုလ်ရောက် ၁၂ ယောက် ပထမတော့ ဦးပဉ္ဇင်းက အဲဒီရွာနဲ့ ခုနစ်မိုင် ကွာလောက်မှာရှိတဲ့ မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တစ်ဦးနဲ့ အရင်တိုင်ပင်တယ်။ ဆရာဝန်က အပြည့်အ၀တော့ မတတ်နိုင်လို့ လစဉ်ငွေတစ်သိန်း လှူပါမယ်လို့ စေတ နာသဒ္ဓါတရား ထက်သန်စွာနဲ့ တာဝန်ယူလိုက်တယ်။ ဦးပဉ္ဇင်းက အားတက်သွားပြီး ဆက်ရှာဖို့ သန္နိဋ္ဌာန် ချလိုက်တယ်။ အဲဒီနောက်ပိုင်း တိုင်ပင်နေကျ ဖြစ်တဲ့အတိုင်း အရင်ဆုံး လာရောက်တိုင်ပင် အကြံတောင်းတယ်။ ကျောင်းနဲ့ကလေးတွေရဲ့ ဓာတ်ပုံတွေလည်း ပြတယ်။ ဒီကျောင်းလေးကနေ တစ်ဆင့်တက်ပြီး ဆယ်တန်းအောင်လို့ တက္ကသိုလ်ပညာ ဆက်လက် ဆည်းပူးနေတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ စာရင်းလည်း ယူလာတယ်။ စုစုပေါင်း ၁၂ ယောက် ရှိတယ်။ဒီကျောင်းကလေးသာ မရှိခဲ့ရင် ဒီကလေးတွေ ဘယ်ဆယ်တန်းအောင်နိုင်မှာလဲ။ စိတ်မကောင်းဖြစ် ကျောင်းကလေးကို တည်ထောင်သွားတဲ့ ဆရာတော်က တော်တော်ကို ကြိုးစားပမ်းစား ဆောင်ရွက်သွားခဲ့တာ ဖြစ်တယ်။ ကျောင်းကလေးက သပ်သပ်ရပ်ရပ် လှပနေတယ်။ အရွယ်စုံ ကလေးတွေကလည်း မြူးထူး လန်းဆန်းနေကြတယ်။ ကလေးတွေရဲ့ ဓာတ်ပုံတွေ ကြည့်ရင်း စိတ်မကောင်း ဖြစ်လာတယ်။ ဒီကလေးတွေ ဒီလိုဆက်ပြီး မြူးတူး ပျော်ရွှင်နိုင်ကြပါ ဦးတော့မလား။ စာမေးပွဲနီးလာမှ ကျောင်းပိတ်လိုက်ရရင် ကလေးတွေ စာမေးပွဲ ဘယ်လို ဖြေနိုင်ကြတော့မှာလဲ။ ကိုယ်တိုင် သင်တန်းကျောင်းလေးဖွင့်ပြီး စာသင်နေစဉ်ကလည်း ဒီလို ကိစ္စမျိုးတွေ မကြာခဏ ကြုံခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ သိပ်မပူရဘူး။ ကိုယ့်ကျောင်းသူ ကျောင်းသားတွေကို ပြောပြလိုက်ရုံနဲ့ တစ်ယောက် တစ်လက် ၀ိုင်းဝန်း ကူညီလိုက်ကြတာနဲ့ အားလုံးအဆင်ပြေသွားတာပဲ။ အကြံပေးရုံနဲ့ မပြီးတော့ အခုတော့ ကိုယ်ကလည်း ကျန်းမာရေး မကောင်းတော့ ကျောင်းဖွင့်စာသင် မလုပ်နိုင်တော့ဘူး။ ကျောင်းသူကျောင်းသားတွေ မရှိတော့ ဘာဖြစ်ဖြစ် တစ်ယောက်တည်းပဲ ဖြေရှင်းရတော့တယ်။ အခု ကျောင်းကလေး ကိစ္စမှာလည်း ဦးပဉ္ဇင်းကလာပြီး အ ကြံတောင်းရုံ သက်သက်ပါပဲ။ ဒါပေမယ့် ခါတိုင်းလို အကြံပေးလိုက်ရုံနဲ့ မပြီးဘူး။ လာပြောတာက ဒီဇင်ဘာလ၊ ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီအတွက် ပေးစရာ လခ မရှိတော့ဘူး။ ဒီတော့ ရက်ပိုင်းလေးအတွင်း ကျောင်းပိတ်ရတော့မယ့် အခြေအနေ ဖြစ်နေပြီ။ နောက်ဆုံးကျတော့ နောင်ကိစ္စ နောင်မှစဉ်းစား၊ ခုလောလောဆယ် ကျောင်းလေးမပိတ်ရဖို့အတွက် နောက်ဆုံးနှစ်လစာ အတွက်တော့ တပည့်တော်ပဲ တာဝန်ယူလိုက်မယ်။ ဒီနှစ်လပြီးရင် နွေရာသီ ကျောင်းပိတ်ရက်ဆိုတော့ အဲဒီ အချိန်ကျမှ ဆက်ပြီး တိုင်ပင်ကြတာပေါ့လို့ ပရဟိတ ဦးပဉ္ဇင်းကို အာမခံ လိုက်ရတယ်။ မေးခွန်းတွေအစီအရီ ဦးပဉ္ဇင်းလည်း ၀မ်းသာအားရ ဖြစ်ပြီး နက်ဖြန်ပဲ ရွာကိုသွားပြီး ပြောပြမယ်။ ရွာကလူတွေရော၊ ကလေးတွေရော ၀မ်းသာကြမှာပဲလို့ ပြောပြတယ်။ သူပြန်တော့ ခြေလှမ်းတွေ ပေါ့ပါးသွက်လက်နေတာကို တွေ့လိုက်ရတယ်။ ကိုယ်တိုင်လည်း နေ ရင်းထိုင်ရင်း ကုသိုလ်ရလိုက်လို့ ၀မ်းသာမိပါတယ်။ ညဘက်အိပ်ရာထဲ ရောက်တော့ ဒီကိစ္စကိုဆက်ပြီး တွေးမိတယ်။ နောက်စာသင်နှစ်မှာ ဘယ်လို ဆက်လုပ်ရမလဲ။ ကိုယ်က ဘယ်အတိုင်းအတာထိ ကူညီနိုင်မှာလဲ။ ဒီလို အလှူငွေကိုပဲ အားကိုးပြီး ဘယ်လောက်ကြာကြာ ဆက်သွားနိုင်မှာလဲ။ တခြား ဘယ်နည်းနဲ့ ဖြေရှင်းရင် ဖြစ်နိုင်မလဲ စတဲ့ မေးခွန်းတွေ ခေါင်းထဲကို တစ်ခုပြီးတစ်ခု အစီအရီ ၀င်ရောက်လာကြတယ်။ ဘီလ်ဂိတ်မောင်နှံအလှူ တွေးရင်းတောရင်းနဲ့ အိပ်ရာမ၀င်ခင် ကြည့်ခဲ့တဲ့ နိုင်ငံတကာ သတင်းတွေထဲမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ကပ်ရောဂါဆိုးကြီးတွေ တိုက်ဖျက်ရေးအတွက် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက အလှူငွေ များများထည့်ကြဖို့ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်က ဆော်သြလိုက်တာကို မျက်စိထဲ မြင်နေမိတယ်။ ဘီလ်ဂိတ်ဇနီးမောင်နှံ ကိုယ်တိုင်က သူတို့ချမ်းသာသမျှကို အလှူငွေထည့်ပြီး ဖောင်ဒေးရှင်းတစ်ခု ထူထောင်ခဲ့ကြတယ်။ ဒေါ်လာဘီလျံ ၅၀ လောက်ကို အခြေခံပြီး အာဖရိကတိုက်ကြီးမှာ ပုံအော လုပ်ဆောင်နေကြတယ်။ သာဓုခေါ်မိပါတယ်။ နှစ်ပေါင်းခြောက်ဆယ်ကျော်ခဲ့ပြီ အငတ်ဘေး ပပျောက်ရေးနဲ့ ကပ်ရောဂါဆိုးကြီးတွေ တိုက်ဖျက်ရေး အတွက် ဒုတိယကမ္ဘာစစ်ကြီး ပြီးပြီးချင်း ဖွဲ့စည်းတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးက အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့တယ်။ UNDP၊ IUNESCO၊ FAO၊ WFP စတဲ့ အဖွဲ့အစည်းကြီးများနဲ့ ကမ္ဘာ့ဘဏ်နဲ့ IMF လို အဖွဲ့ကြီးတွေကလည်း ငွေဘီလျံပေါင်းများစွာ ပုံအောသုံးရုံမက ကျွမ်းကျင်သူ ပညာရှင် အများအပြားကိုလည်း စေလွှတ်ပေးခဲ့တယ်။ ခုဆိုရင် နှစ်ပေါင်း ခြောက်ဆယ် ကျော်ခဲ့ပြီ။ အာဖရိကတိုက်ကြီး ငတ်မွတ်ခေါင်းပါးခြင်းဘေးက လွတ်ကင်းသွားပြီလား။ ဆရာများသားသေ အားလုံးသိကြတဲ့အတိုင်း ထူးမခြားနားပါပဲ။ အာဖရိကတိုက်ကြီးဟာ အမှောင်တိုက်ကြီး အဖြစ်က အခုထိ မလွတ်ကင်းသေးပါဘူး။ ထောက်ပံ့ပေးကမ်း လှူဒါန်းတဲ့ ငွေတွေလည်း ဘီလျံတွေ ထောင်သောင်းချီနေပါပြီ။ ဒါပေမယ့် ကြွက်တွင်းထဲ ရေလောင်းထည့်သလို ဘယ်ရောက်သွားမှန်း မသိအောင် ပျောက်ကွယ်သွားခဲ့ကြပါတယ်။ ပညာရှင်မျိုးစုံက သီအိုရီ အမျိုးမျိုးထုတ်ပြီး လက်တည့်စမ်းခဲ့တာလည်း 'ဆရာများသားသေ' ဆိုသလို ဆင်းရဲတွင်းထဲ ပိုပိုပြီး နစ်ဝင်သွားခဲ့ကြပါတယ်။ ဒေါ်လာတွေ ဘီလျံပေါင်းများစွာ ပေးကမ်းလှူဒါန်းခဲ့ကြတဲ့ နိုင်ငံကြီးတွေကတော့ ပေးလေလှူလေ ပိုပြီး ချမ်းသာလေ ဖြစ်လာတာကိုတော့ သာမန်လူ တစ်ယောက်အနေနဲ့ ဉာဏ်မမီလို့ မစဉ်းစားတတ်တော့ပါဘူး။ ကိုယ့်အားကိုယ်ကိုး 'လှူဒါန်းပေးကမ်းခြင်းဖြင့် နိုင်ငံတစ်နိုင်ငံကို မကယ်တင်နိုင်ဘူး' (Charity does not save a nation) ဆိုတဲ့ စကားကိုကြားဖူးတယ်။ မှန်တယ်လို့လည်း ယုံကြည်တယ်။ ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရတာလို့ ခံယူထားတယ်။ 'အတ္တာဟိ၊ အတ္တနော၊ နတ္ထော' ဆိုတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမကို အကြွင်းမဲ့ လက်ခံထားတယ်။ အဲဒါကြောင့် ကူညီရမယ့် ကျောင်းကလေးကို အလှူရှင် မျှော်နေရတဲ့ အခြေအနေနဲ့ ရှိမနေစေချင်ဘူး။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်စေချင်တယ်။ အဲဒီတော့ ဘယ်လို အကြံဉာဏ်မျိုး ပေးရမလဲ။ ဦးနှောက်ခြောက်အောင် စဉ်းစားရတယ်။ မွေးမြူရေးလုပ်ခိုင်းရမလား လစဉ်ထောက်ပံ့နေမယ့်အစား တစ်လုံးတစ်ခဲတည်း ငွေထုတ်ပြီး လစဉ် ၀င်ငွေရမယ့် လုပ်ငန်းတစ်ခု ထူထောင်ပေးမလား။ တောရွာနဲ့ လိုက်ဖက်အောင် ၀က်မွေး၊ ကြက်ဘဲမွေးတာ လုပ်ပေးမလား။ ဒါလည်း မဟုတ်သေးဘူး။ ဦးဆောင်လုပ်ကိုင်နေသူ က ရဟန်းတော်တွေဖြစ်ပြီး ပရဟိတ ကျောင်းလေ။ တခြား စီးပွားရေးတွေ လုပ်ဖို့ စဉ်းစားတာလည်း မဟန်ပါဘူး။ သံဃာတော်တွေကို လောကီလူမှုကိစ္စတွေထဲ ဆွဲမသွင်းသင့်ဘူး။ ရွာလူကြီးတွေနဲ့ ကျောင်းကော်မတီ လက်ထဲအပ်ပြီး ပရဟိတကျောင်း ရန်ပုံငွေအတွက် စီးပွားရေးလုပ်ကြပါ ပြောရင်ရော။ တောသူတောင်သား ဆိုတာ ကိုယ့်မိသားစု တစ်ဝမ်းတစ်ခါး အတွက်တောင် အလုပ်နဲ့လက်မပြတ်အောင် လှုပ်ရှားရုန်းကန်နေကြရတာ မဟုတ်လား။ ရေရှည်ဘယ်သူမှ လုပ်နိုင်ကြမှာ မဟုတ်ဘူး။ ၀ပ်ရှော့လုပ်မှဖြစ်မယ်ထင် တစ်ရွာလုံး အိမ်ထောင်စုတိုင်း စားဝတ်နေရေးအတွက် မပူမပင်ရအောင် လုပ်ပေးလိုက်မှပဲ ဖြစ်တော့မှာ။ အဲဒီတော့လည်း ပရဟိတကျောင်း ဘယ်လိုအပ်တော့မှာလဲ။ ကလေးတိုင်း မြို့ကျောင်းတက်နိုင်ကြပြီပေါ့။ စဉ်းစား ရင်းစဉ်းစားရင်းနဲ့ မိုးသာစင်စင်လင်းသွားတယ်။အဖြေကတော့ ထွက်မလာသေးဘူး။ စတစ်ဂလစ်ဖြစ်ဖြစ်၊ ဖရိုက်မင်းဖြစ်ဖြစ် နိုဘဲလ်ဆုရှင်ကြီး တစ်ယောက်ယောက်ကိုဖိတ်ပြီး ၀ပ်ရှော့လုပ်မှ ဖြစ်တော့မယ် ထင်တာပါပဲ။ written by : : လူထုစိန်ဝင်း |
Facebook Account Hacking
7 years ago
0 comments:
Post a Comment