Tuesday, February 1, 2011

စည်းရုံးရေးဆိုတာ နားလည်ဖို့လိုတယ်

    နိုင်ငံရေးဆိတ်သုဉ်းလုနီးပါး အခြေအနေမျိုးနဲ့ နှစ်ပေါင်း ၅၀ လောက်နေခဲ့ကြရလေတော့ နိုင်ငံရေးသမားမျိုးဆက်ပြတ်သလို ဖြစ်သွားတယ်။ နိုင်ငံရေးကိုလွတ်လွတ်လပ်လပ်လုပ်လို့ရတဲ့ခေတ်ကို သိမီခဲ့သူတွေနဲ့ နိုင်ငံရေးသမားကြီးတွေ ရှိတန်သလောက်ရှိနေသေးပေမယ့် ရှစ်ဆယ်ကျော်၊ ကိုးဆယ်ကျော်အရွယ်တွေ ဖြစ်ကုန်ကြပြီဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါကြရှာတော့ဘူး။

ကြေညာချက်တွေဝေကြ
၂၀၁၀ နိုဝင်ဘာ ၇ ရက်မှာ ရွေးကောက်ပွဲလုပ်မယ်လို့အစိုးရကကြေညာပြီး ပါတီတွေဖွဲ့စည်းတည်ထောင်ခွင့်ပေးလိုက်တဲ့အခါမှာ တစ်နိုင်ငံလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ အသွေးအရောင်တူသူတွေစုပေါင်းပြီး ပါတီထောင်ကြတယ်။ တိုင်းရင်းသားလူမျိုးစုတွေကလည်း သူတို့ဒေသ သူတို့လူမျိုးကိုအခြေခံပြီး ပါတီထောင်ကြတယ်။ အဲဒီနောက်တော့ ထုံးစံအတိုင်း မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေ လုပ်ကြတယ်။ အများအားဖြင့်တော့ ကြေညာချက်တွေရိုက်ပြီး ရပ်ကွက်ထဲလိုက်ဝေကြတယ်။ လူစုလူဝေးနဲ့ တရားပွဲတွေဘာတွေ သိပ်မလုပ်နိုင်ကြဘူး။ ပါတီတွေအတွက်ကောင်းသွားတာက ဂျာနယ်တွေတစ်ရာ့လေးငါးဆယ်လောက် ရှိနေတာဖြစ်တယ်။

ဂျာနယ်တွေ တာဝန်ကျေ
ဂျာနယ်တွေက ပါတီတွေနဲ့အမတ်လောင်းတွေအကြောင်း ပြည်သူလူထုသိအောင် အမျိုးမျိုးသတင်းပေးကြတယ်။ လူငယ်ဂျာနယ်သမားတွေ တာဝန်ကျေကြတယ်။ ကျေးဇူးတင်စရာသိပ်ကောင်းတယ်။ ဂျာနယ်တွေက မျှမျှတတဖြစ်အောင် ကြိုးစားကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကျော် ပါတီစုံခေတ်ကလို မလိုတဲ့ပါတီအဖွဲ့အစည်းကို နည်းလမ်းမျိုးစုံသုံးပြီး အပုပ်ချတာမျိုးကင်းရှင်းကြတယ်။ ပုပ်လို့ပေါ်လာတဲ့ပါတီနဲ့ လူပုဂ္ဂိုလ်တွေကိုတောင် ဖုံးဖုံးဖိဖိနဲ့ သက်သက်ညှာညှာရေးကြတာတွေ့ရတယ်။

စည်းရုံးရေးဆိုတာနားမလည်ကြ
သတင်းသမားတစ်ယောက်အနေနဲ့ စောင့်ကြည့်လေ့လာရင် ဘာသွားတွေ့ရလဲဆိုတော့ နိုင်ငံရေးပါတီတွေနဲ့ အမတ်လောင်းတွေအားလုံး မဲဆွယ်တာပဲလုပ်တတ်ပြီး စည်းရုံးရေးမလုပ်နိုင်ကြဘူးဆိုတဲ့ အားနည်းချက်ဖြစ်တယ်။ တော်တော်များများက စည်းရုံးရေးဆိုတာကို နားမလည်ကြတာ။ ကြေညာချက် စာရွက်စာတမ်းတွေဝေတာနဲ့ တရားဟောတယ်ဆိုတာက မဲဆွယ်တာပဲ။ စည်းရုံးတာမဟုတ်ဘူး။ စည်းရုံးတယ်ဆိုတာက ရွေးကောက်ပွဲတစ်ပွဲအတွက် တစ်ပွဲထိုးလုပ်တာမဟုတ်ဘူး။ ကိုယ့်ပါတီကို နှစ်နှစ်ကာကာယုံကြည်ထောက်ခံတဲ့ အမာခံပါတီဝင်တွေဖြစ်အောင်လုပ်ရတာဖြစ်တယ်။ ကိုယ့်ပါတီရဲ့ မူဝါဒလမ်းစဉ်တွေကို ကြေကြေညက်ညက်နားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လိုသူတွေဖြစ်လာအောင် လုပ်ရတာဖြစ်တယ်။

အမာခံမဟုတ်ဘူး
မဲဆွယ်စဉ်ကာလမှာ ရွေးကောက်ပွဲနိုင်ရင် ဘာလုပ်ပေးပါမယ်ဆိုတဲ့ ကြေညာချက်ကိုသဘောကျပြီး မဲထည့်တဲ့မဲဆန္ဒရှင်ဆိုတာက ကိုယ့်အတွက် စိတ်ချရတဲ့အမာခံအဖြစ်ယူဆလို့မရဘူး။ နောက်တစ်ယောက်က ကိုယ့်ထက်သာအောင်လုပ်ပေးပါမယ်ပြောရင် ပြောတဲ့ဘက်ကိုပါသွားမှာပဲ။ ဒါမှမဟုတ် ရှေးဖဆပလခေတ်က ပျူစောထီးတွေလို သေနတ်ပြပြီးခြောက်ရင်လည်း ကြောက်လို့ပါသွားမှာပဲ။ ဘယ်လိုအန္တရာယ်မျိုးမဆိုရင်ဆိုင်ပြီး ကိုယ်ယုံကြည်တဲ့ပါတီဘက်က ရပ်တည်မယ်ဆိုတာက ပါတီရဲ့မူဝါဒလမ်းစဉ်ကိုနှစ်နှစ်ကာကာ ယုံကြည်လို့ဝင်လာတဲ့ပါတီဝင်တွေသာဖြစ်တယ်။

အမည်မခံဘဲထည့်ဝင်
အဲဒီလို ပါတီဝင်မျိုးများများရအောင်စည်းရုံးနိုင်တာကို စည်းရုံးရေးကောင်းတယ်လို့ခေါ်တယ်။ သူတို့က မူဝါဒကိုယုံကြည်တဲ့အတွက် ၀င်ကြေးတို့ လစဉ်ကြေးတို့ပေးပြီးဝင်လာကြတယ်။ အခွင့်အရေးလိုချင်လို့ ၀င်ကြတာမဟုတ်ဘူး။ ကိုယ့်အိတ်ထဲက ပိုက်ဆံထုတ်ပြီးဝင်လာကြတာ။ အနောက်နိုင်ငံတွေမှာ 'Paid Member' လို့ခေါ်တဲ့ အဲဒီလိုပါတီဝင်မျိုးတွေကိုမှ အမာခံလို့သတ်မှတ်နိုင်တယ်။ ပါတီရန်ပုံငွေလိုတယ်ဆိုရင်လည်း သူတို့က၀ိုင်းရှာပေးကြတယ်။ နိုင်ငံရေးခေတ်မှာ နိုင်ငံရေးပါတီတွေဟာ ဒီနည်းနဲ့ပဲရပ်တည်ကြတယ်။ ပါတီကစည်းရုံးရေးကောင်းရင် ကောင်းသလောက် ရန်ပုံငွေတောင့်တောင့်တင်းတင်းရှိလာတယ်။ သူဌေးသူကြွယ်တွေကလည်း မူကြိုက်လို့ဖြစ်ဖြစ်၊ လူကြိုက်လို့ဖြစ်ဖြစ် အလုံးအရင်းနဲ့ထည့်ဝင်လေ့ရှိတယ်။ အကျိုးလိုလို့ ညောင်ရေလောင်းသူတွေရှိသလို မူ ဒါမှမဟုတ်လူကိုကြိုက်လို့ အမည်မခံဘဲ ထည့်ဝင်လှူဒါန်းသူတွေလည်းရှိပါတယ်။

လူထုကမဏ္ဍိုင်
စည်းရုံးရေးလုပ်တယ်ဆိုတာ ကိုယ့်မူဝါဒလမ်းစဉ်ကိုလူတွေသိအောင်ချပြပြီး လူထုထောက်ခံမှုများသထက်များအောင် လုပ်ခြင်းဖြစ်တယ်။ လူထုထောက်ခံမှုအပြည့်အ၀ အခိုင်အမာရရှိတဲ့ပါတီ ဒါမှမဟုတ် လူပုဂ္ဂိုလ်ဟာ ရှင်သန်ရပ်တည်မှုအတွက် ဘာမှပူစရာမလိုဘူး။ အမာခံပါတီဝင်တွေနဲ့ လူထုကကျောရိုးမဏ္ဍိုင်အဖြစ် နောက်ကအမြဲထောက်ခံရပ်တည်ပေးမှာဖြစ်တယ်။ အရေးကြီးဆုံးအချက်က ကိုယ်ကိုင်စွဲတဲ့မူဝါဒလမ်းစဉ်တွေဟာ လူထုရဲ့လိုအပ်ချက်နဲ့ အမြဲတမ်းတစ်ထပ်တည်းကျနေဖို့ပဲဖြစ်တယ်။ ဆန္ဒစွဲအားကြီးပြီး ခြေလှမ်းကရှေ့ကိုသိပ်ကျွံနေလို့မဖြစ်သလို နှေးကွေးထုံထိုင်းပြီး လူထုရဲ့နောက်မြီး ဆွဲလုပ်နေလို့လည်း မဖြစ်ဘူး။ လူထုနဲ့အမြဲတမ်း တစ်သားတည်းရှိနေရမယ်။

တစ်သွေး၊ တစ်သံ၊ တစ်မိန့်
ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာတော့ စည်းရုံးရေးသဘောနားမလည်ရုံသာ မဟုတ်သေးဘူး။ တော်တော်များများက မူဝါဒလမ်းစဉ်ဆိုတာတောင် ဘာမှန်းမသိကြတာတွေ့ရတယ်။ ဒါလည်း သူတို့ကိုအပြစ်မတင်ပါဘူး။

ပြည်သူကရှေ့အများကြီးရောက်
တပ်မတော်အစိုးရက ဒီမိုကရေစီလမ်းကိုသွားမယ်ဆိုပြီး ပါတီတွေထောင်ခွင့်ပေး၊ ရွေးကောက်ပွဲကျင်းပပေးလုပ်ခဲ့ပေမယ့် ထူထောင်လိုက်တဲ့ နိုင်ငံရေးပါတီတွေကိုယ်တိုင်က နိုင်ငံရေးဆိုတာဘာမှန်းသိပ်သိကြသေးတာမဟုတ်ဘူး။ အားလုံးသောပါတီတွေက ဒီမိုကရေစီနဲ့ဈေးကွက်စီးပွားရေးဆိုတဲ့ ယေဘုယျမူဝါဒကိုသာပြောနိုင်ကြတယ်။ ဘယ်လိုဒီမိုကရေစီလည်း၊ ဘယ်ပုံစံနဲ့ဈေးကွက်စီးပွားရေးလဲဆိုတဲ့ တိကျရေရာတဲ့လမ်းစဉ်မျိုးချပြနိုင်တာမရှိပါဘူး။ ဒီနေ့ မဲဆန္ဒရှင်ပြည်သူလူထုက နိုင်ငံရေးပါတီတွေထက်ရှေ့ကို အများကြီးရောက်နေတယ်။ ဒီမိုကရေစီဆိုတာ ဘယ်လိုဒီမိုကရေစီမျိုးလဲ ယိုးဒယားဒီမိုကရေစီမျိုးလား၊ အရှေ့အလယ်ပိုင်းက ဘုရင်တွေနဲ့ စော်ဘွားတွေရဲ့ ဒီမိုကရေစီမျိုးလားဆိုတာ အတိအကျသိချင်ကြတယ်။

ယေဘုယျနဲ့မလုံလောက်
ဈေးကွက်စီးပွားရေးမှာလည်း ဂျပန်တို့၊ အမေရိကန်တို့ကပုံစံလား၊ တရုတ်က ဈေးကွက်စီးပွားရေးပုံစံလား၊  ဗီယက်နမ်ပုံစံလားဆိုတာ ရေရေရာရာသိချင်ကြတယ်။



Written by လူထုစိန်ဝင်း  

0 comments:

Post a Comment