Tuesday, January 25, 2011

GSM ဖုန်းများ ပြည်တွင်းနှင့် နိုင်ငံတကာသို့ အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်ရန် စတင်စမ်းသပ်


မြန်မာနိုင်ငံ အတွင်းတွင်သာ အသုံးပြုနိုင်သော GSM မိုဘိုင်းလ်တယ်လီဖုန်း SIM Card များကို နိုင်ငံတကာတွင်ရော နိုင်ငံတကာမှ GSM ဖုန်းလည်း မြန်မာနိုင်ငံသို့ပါ အပြန်အလှန် သယ်ဆောင် အသုံးပြုနိုင်သည့် International Roaming Call ဝန်ဆောင်မှုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ China Unicom Cooperation နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု အရ စတင်စမ်းသပ်နေပြီ ဖြစ်ကြောင်း China Unicom က တရားဝင်သတင်း ထုတ်ပြန်သည်။
၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းတွင် China Unicom Cooperation နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ အကြား သဘောတူညီမှု စာချုပ်တစ်ရပ် ရေးထိုးကြရာတွင် GSM ဖုန်းများ International Roaming ဝန်ဆောင်မှုခေါ် နိုင်ငံတကာသို့ GSM ဖုန်းလိုင်းမှတစ်ဆင့် အသံ Voice နှင့် အချက်အလက် သတင်းတို SMS ပေးပို့ခြင်းနှင့် လက်ခံခြင်းကို စတင်စမ်းသပ် အသုံးပြုရန် China Unicom ကတာဝန်ယူပေးမည် ဖြစ်ကြောင်း တရုတ်အစိုးရ အာဘော် China Daily က သတင်းဖော်ပြသည်။
အဆိုပါ သဘောတူညီမှုသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနှင့် International Roaming ဝန်ဆောင်မှုကို ပြည်ပနိုင်ငံ၏ ကုမ္ပဏီတစ်ခုထံ ပထမဦးဆုံးအကြိမ် စာချုပ်ဆိုအပ်နှံခြင်း ဖြစ်ပြီး China Unicom အနေနှင့်လည်း မြန်မာနိုင်ငံတွင် အဆိုပါ ဝန်ဆောင်မှုမျိုး ပထမဦးဆုံးအကြိမ် စီစဉ်ဆောင်ရွက်ပေးမည့် ကုမ္ပဏီ ဖြစ်လာသည်။ မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ အကြီးမားဆုံး နိုင်ငံခြားကုန်သွယ်ဖက် နိုင်ငံတစ်ခုဖြစ်ပြီး ယူနန်ပြည်နယ်သည်လည်း နံပါတ်တစ် ပို့ကုန်ဈေးကွက်နှင့် ဒုတိယမြောက် သွင်းကုန်ဈေးကွက်အဖြစ် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ၏ ၅၀ ရာခိုင်နှုန်း ရှိနေသော ပြည်နယ်ဖြစ်သည်။
ယခင်က မြန်မာနိုင်ငံတွင် အသုံးပြုနေသော GSM မိုဘိုင်းလ်ဖုန်းများကို ပြည်ပနိုင်ငံများသို့ ယူဆောင်သွားရာတွင် သို့မဟုတ် မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှ GSM ဖုန်းများ ယူဆောင်လာရာတွင် သက်ဆိုင်ရာနိုင်ငံ၌ အသုံးပြုနေသည့် SIM Card နှင့် လဲလှယ် အသုံးပြုခဲ့ရသော်လည်း ယခုကဲ့သို့ International Roaming ဝန်ဆောင်မှု စတင်လိုက်သည့်အတွက် သက်ဆိုင်ရာ နိုင်ငံတွင် အသုံးပြုနိုင်သည့် သင်္ကေတ ကုတ်နံပါတ်ကို ညွှန်ကြားချက်အတိုင်း ရိုက်ထည့်လိုက်ရုံဖြင့် SIM Card လဲလှယ်စရာ မလိုဘဲ တိုက်ရိုက် အသုံးပြုနိုင်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၌ GSM မိုဘိုင်းလ် တယ်လီဖုန်း စုစုပေါင်း ၄၈၅,၁၀၀ လိုင်း ငှားရမ်းအသုံးပြုလျက် ရှိကြောင်း နိုင်ငံပိုင် မီဒီယာများတွင် တရားဝင်ဖော်ပြ ထားသည်။

sources: :The Voice Weekly

0 comments:

Post a Comment