Friday, January 28, 2011

“မဖွယ်မရာ” ကြောင့် ဂျာနယ် ၂ စောင် ပိတ်ရ

အိန္ဒြာကျော်ဇင်နှင့် ပြေတီဦး မင်္ဂလာဆောင် သတင်းဓာတ်ပုံများ အသားပေး ဖော်ပြခဲ့သော  ဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေးက “မဖွယ်မရာပုံတွေ” ဖော်ပြသည် ဆိုကာ ထုတ်ဝေခွင့် ခဏ ပိတ်လိုက်သည်။

မော်နီတာနှင့် ဟလို ဂျာနယ်များကို ထုတ်ဝေခွင့် နှစ်ပတ်နှင့် တပတ်စီ ပိတ်လိုက်သည်။

“မဖွယ်မရာ ပုံတွေ ပါတယ်ဆိုပြီး ၂ ပတ်ပိတ်တယ်”ဟု မော်နီတာ ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနအောက်က စာပေစိစစ်ရေးသို့ ဂျာနယ်တာဝန်ခံများ ယနေ့သွားရာ ထုတ်ဝေခွင့် ပိတ်ကြောင်း သိခဲ့ရသည်ဟု သူက ပြောသည်။

မည်သို့သော အဝတ်အစားကို “မဖွယ်မရာ” ဟု စာပေစိစစ်ရေးက အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိသော်လည်း ဦးမြတ်ခိုင်၏ဖေ့စ်ဘွတ်တွင် တင်ထားသော စာပေစိစစ်ရေးပြုတ် မော်နီတာဂျာနယ် စာမျက်နှာများတွင် မင်းသမီးအချို့ ဒူးပေါ်အောင် ဝတ်ထားသည်ကို တွေ့ရသည်။

ရိုးရာဝတ်စားဆင်ယင်မှု ထိန်းရန်လိုသည်ဆိုကာ မြန်မာအာဏာပိုင်များက အနုပညာရှင်အမျိုးသားများ ဆံပင်ရှည်ထားခြင်း အပါအဝင် ဝတ်စားဆင်ယင်မှုကို ကန့်သတ်လေ့ရှိပြီး ဖျော်ဖြေခွင့် ပိတ်ပင်ခြင်းဖြင့်လည်း ဒဏ်ခတ်တတ်သည်။

ဇန်နဝါရီ ၂၁ ညက ရန်ကုန် အင်းလျားလိတ်ဟိုတယ်က ရုပ်ရှင်မင်းသားမင်းသမီး မင်္ဂလာဆောင် ညစာစားပွဲပုံများ ဂျာနယ်များတွင် ဝေဝေဆာဆာ ဖော်ပြခဲ့ကြသည်။

အမည်မဖော်လိုသော အဖွဲ့တခု၏ မြန်မာပြည်တွင်း စစ်တမ်းကောက်ယူမှုအရ အသက် ၁ဝ နှစ်အထက် ဖြေဆိုခဲ့သူများက ပြေတီဦးကို အကြိုက်ဆုံးဟု ဖြေဆိုခဲ့ကြသည်။၂ဝဝ၉  အကယ်ဒမီရ မင်းသား နေတိုးက ရာခိုင်နှုန်းအနည်းငယ်အကွာဖြင့် ဒုတိယလိုက်သည်။

မင်းသမီးများတွင်လည်း အိန္ဒြာကျော်ဇင်က နံပါတ် ၁ ချိတ်ပြီး သက်မွန်မြင့်ကို ဒုတိယအဖြစ် ရွေးချယ်ကြသည်။

sources: :ချင်းမိုင်(မဇ္စိ္ဈမ)

0 comments:

Post a Comment