Monday, October 18, 2010

ဒေါ်အောင်ဆန်းစုကြည်လည်း Twitter သုံးချင်


ထိန်းသိမ်းခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်သုံးသူ အများအပြား နှစ်သက်သည့် သတင်းကွန်ရက် Twitter ကို အသုံးပြုရန် စိတ်ဝင်စားနေကြောင်း ယနေ့ ရန်ကုန်မှ လာသော AP သတင်းတပုဒ်တွင် ရေးထားသည်။

သူနှင့် မကြာသေးမီက တွေ့ခဲ့သူ ရှေ့နေ ဦးဉာဏ်ဝင်းကို ကိုးကားပြီး AP က ထိုသို့ ရေးထားခြင်း ဖြစ်သည်။

“ပြန်လွတ်လာရင်တော့ ပြည်တွင်း ပြည်ပက လူငယ် မျိုးဆက်သစ်တွေနဲ့ ဆက်သွယ် ထိတွေ့နိုင်ဖို့ Twitter သုံးချင်တယ်လို့ သူပြောတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ကွန်ပြူတာ ရှိသော်လည်း အင်တာနက် မသုံးနိုင်သေးသော ဒေါ်အောင်ဆန်းစုကြည်သည် ရေဒီယို၊ ပြည်တွင်းထုတ် သတင်းစာ ဂျာနယ်တို့မှတဆင့် ကမ္ဘာကြီးနှင့် ထိတွေ့နေရသည်။

ပြီးခဲ့သည့် နှစ် ၂၀ အတွင်း ဗိုလ်ချုပ်ကြီးတို့က ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားသည့် ကာလပေါင်း ၁၅ နှစ် ရှိသည်။

မြန်မာလူထု အများစု အားကိုး မျှော်လင့်ကြသော ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ်က အကျယ်ချုပ်မှ လွတ်မြောက်ခါနီးတွင် ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံရသည်။

သို့သော်လည်း “ကောင်းမွန်စွာ” နေထိုင်ပါက ၁ နှစ်ခွဲ အကြာ (လာမည့် နိုဝင်ဘာလလယ်) တွင် ပြန်လွတ်ပေးပါမည်ဟု စစ်အစိုးရက ဈေးလျှော့ပေးသည်။

တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် “ကောင်းမွန်စွာ” နေထိုင်ခြင်း ရှိမရှိကို ဗိုလ်ချုပ်ကြီးတို့က မကြေညာသေးပေ။

ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment