Monday, October 11, 2010

ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် တရားစီရင်ရေး စနစ်သစ် ပြောင်းလဲ မည်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တည်ထောင်သည့် တရားရုံးများ မပေါ်ပေါက်မီ မပြီးပြတ်သေးသော အမှုများကို အမှုစတင်စစ်ဆေးစဉ် က ဥပဒေများ နှင့်အညီ စီရင်ရမည်


    ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် တရားစီရင်ရေး စနစ်သစ် ပေါ်ထွန်းလာမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တည်ထောင်သည့် တရားရုံးများမပေါ်ပေါက်မီ တရားရုံးများတွင် မပြီးမပြတ် ကျန်ရှိနေသေးသော တရားမမှုများ၊ ပြစ်မှုဆိုင်ရာအမှုများနှင့် အခွန်တော် အမှုများကို အမှုစတင်စစ်ဆေးစဉ်က ကျင့်သုံးသည့် ဥပဒေများနှင့်အညီ ဆက်လက် စစ်ဆေးစီရင်ရမည်ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်များအရ သိရ သည်။
      ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များတွင် ပါဝင်သည့် ပုဒ်မ ၄၄၁ တွင်ပြဋ္ဌာန်းထားသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတစ်ဝန်းလုံး၌ အာဏာတည်သည် ဟူ၍ဖြစ်ကြောင်း သိရသည်။

      ထို့အတူ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၄(က) တွင် ပြဋ္ဌာန်းထားသည်မှာ ဤဖွဲ့စည်းပုံ အခြေခံဥပဒေအာဏာ တည်သည့်နေ့၌ တည်ရှိနေသော အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တာဝန်ပေးအပ်သည့် အစိုးရအဖွဲ့မပေါ်ပေါက်မီ မိမိတို့၏သက်ဆိုင်ရာ တာဝန်များကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ (ခ) ဤဖွဲ့စည်းပုံအခြေခံ ဥပဒေအာဏာတည်သည့်နေ့၌ တည်ရှိနေသော တရားရုံးများသည် ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ တည်ထောင်သည့်တရားရုံးများ  မပေါ်ပေါက်မီ ဆက်လက်၍ တရားစီရင်ပိုင်ခွင့် အာဏာများ သုံးစွဲဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆိုပါတရားရုံးများတွင် မပြီးမပြတ် ကျန်ရှိနေသေးသော တရားမမှုများ၊ ပြစ်မှုဆိုင်ရာအမှုများ နှင့် အခွန်တော်အမှုများကို အမှုစတင် စစ်ဆေးစဉ်က ကျင့်သုံးသည့်ဥပဒေများနှင့်အညီ ဆက်လက်စစ်ဆေး စီရင်ရမည်ဖြစ်ကြောင်း သိရသည်။

      တရားရုံးချုပ် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၈၈ ခုနှစ်မှယခုအချိန် အထိ လက်ရှိတရားရုံးချုပ်အား လေ့လာကြည့်ပါက တရားသူကြီးများ ခန့်ထားခြင်း၊ တာဝန်မှအနားယူစေခဲ့ခြင်း စသည့်အပြောင်းအလဲများ တစ်ကြိမ်ထက်မနည်း ဖြစ်ပေါ်ခဲ့သည် ကို တွေ့ရကြောင်း၊ ပေါ်ထွန်းလာမည့် တရားစီရင်ရေးစနစ်သစ်တွင် လာဘ်ပေးလာဘ်ယူ ကင်းရှင်းပြီး ကျွမ်းကျင်သည့် တရားသူကြီးများ ပေါ်ထွက်လာမည်ဆိုပါက တတိယမဏ္ဍိုင် ပီပြင်သည့်တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း တရားရေးကျွမ်းကျင်သူများနှင့် ဥပဒေကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

အပြောင်းအလဲများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည့် တရားစီရင်ရေး စနစ်သစ်အတွက် ပေါ်ထွက်လာမည့် တရားသူကြီးများ အဂတိတရား ကင်းရှင်းစွာ ရေရှည်ရပ်တည်နိုင်ရန်မှာ  . . .
      ထို့အတူဖွဲ့စည်းပုံ အခြေခံဥပဒေ အရပေါ်ထွက်လာမည့် တရားစီရင် ရေးစနစ်အသစ်ကို လေ့လာကြည့်ပါက နိုင်ငံတော်၏တရားစီရင်ရေး ဆိုင်ရာရုံးများကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ် တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ၊ စစ်ဘက်ဆိုင်ရာ တရားရုံးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး စသည် ဖြင့်ဖွဲ့စည်းရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၆)၊ တရားစီ ရင်ရေး၊ ပုဒ်မ ၂၉၃ ပြဋ္ဌာန်းထားချက်အရ သိရသည်။

      ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၉၄ တွင် ပြည်ထောင်စုတရားလွှတ် တော်ချုပ် ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည်မှာ 'နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တစ်ရပ်ထားရှိသည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့် ဆုံးတရားရုံး ဖြစ်သည်'ဟူ၍ ဖြစ်ကြောင်း သိရသည်။

      ထို့ပြင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ အကြီးအမှူးကို ပြည်ထောင်စုတရားသူကြီးချုပ်ဟု ခေါ်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ပြည် ထောင်စု တရားသူကြီးချုပ်အပါ အ၀င် ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးများ ဦးရေ အနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့်အပ်နိုင်ကြောင်း၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ်ခန့်အပ်သင့် သော ပုဂ္ဂိုလ်၏အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသဘောတူညီချက် ရယူရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိရသည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူ ညီချက်ရရှိသည့် ပုဂ္ဂိုလ်အား ပြည် ထောင်စုတရားသူကြီးချုပ် အဖြစ် ခန့်အပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုတရား သူကြီးချုပ်နှင့် ညှိနှိုင်းကာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရား သူကြီးများအဖြစ် ခန့်အပ်သင့်သော ပုဂ္ဂိုလ်များ၏အမည်စာရင်းကို ပြည် ထောင်စုလွှတ်တော်သို့တင်သွင်း သဘောတူညီချက် ရယူရမည် ဖြစ် ကြောင်း သိရသည်။

      ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၀၁ တွင် ပြဋ္ဌာန်းထားသည်မှာ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် အသက် ၅၀ နှစ်ထက်မငယ်၊ အသက် ၇၀ နှစ် ထက်မကြီးသူ၊ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ ပုဒ်မ၁၂၁တွင် ဖော်ပြထား သည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖြစ်ရွေးကောက်တင် မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီး အဖြစ် အနည်းဆုံး ငါးနှစ်ဆောင် ရွက်ခဲ့သူ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်း ဆောင်ခဲ့သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး အနှစ် ၂၀ အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ၊ နိုင်ငံတော်နှင့်နိုင်ငံသားများ အပေါ်သစ္စာရှိသူ၊ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူစသည့် အရည်အချင်းများ နှင့် ပြည့်စုံရမည်ဖြစ်ကြောင်း သိရ သည်။

      လက်ရှိ တရားစီရင်ရေးတွင် လုပ်ငန်းမကျွမ်းကျင်သည့် တရားသူကြီးအချို့နှင့် အဂတိလိုက်စားသည့် တရားသူကြီးအချို့ရှိခဲ့ကြောင်း သိရသည်။

      လာဘ်ပေးလာဘ်ယူမှု၊ အဂတိ လိုက်စားမှုများပြုလုပ်သည့် တရားသူကြီးအချို့ကို ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်များချမှတ်ခဲ့ရခြင်း ကြောင့် တရားသူကြီးများသည် အဂတိ တရားကင်းရှင်းပြီး ကိုယ်ကျင့်သီလ စင်ကြယ်သည့် ပုဂ္ဂိုလ်များဖြစ်ရေး ကြိုးစားကြရန် လိုကြောင်း  ၂၀၀၉ ခုနှစ် မေလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိတရားရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် တရားရုံးချုပ်နှင့် ပြည်နယ်/တိုင်း တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု ၂၀၀၉ ခုနှစ် မေလ ၁၃ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

      ယင်းလုပ်ငန်း ညှိနှိုင်းအစည်း အဝေး၌ပင် နိုင်ငံတော်ဝန်ကြီးချုပ် က "တရားစီရင်ရေးစနစ်ကိုလည်း ပြည်သူများ အားကိုးယုံကြည်သော စနစ်ဖြစ်လာအောင် မိမိတို့ပြုပြင် ထူထောင်သွားရမည် ဖြစ်ကြောင်း၊ အားနည်းချက်၊ ချို့ယွင်းချက်များကို ယေဘုယျခြုံငုံပြီးစိစစ်လျှင် စနစ်၊ ကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်းတို့၏ မပြည့်စုံအားနည်းမှုကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းချို့ယွင်း ချက်များကြောင့်ဖြစ်သည်ကို တွေ့ရ ကြောင်း၊ သို့သော် အချို့သောအား နည်းချက်များသည် ပုဂ္ဂိုလ်တစ်ဦးချင်း၏ အကျင့်သိက္ခာနှင့်မဆိုင်ဘဲ လုပ်ငန်းဆိုင်ရာမကျွမ်းကျင်မှု၊ မသေသပ်မှု၊ ပေါ့လျော့မှု၊ စည်းကမ်း မကျမှုမျိုးများ တွေ့ရခြင်းကြောင့် အဆင့်ဆင့်သော တရားသူကြီးများ ကို စနစ်တကျသွန်သင် လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ တရားရုံးများက ချမှတ်လိုက်သည့် စီရင်ဆုံးဖြတ်ချက်များသည် အဂတိလိုက်စားမှု ကင်းရှင်းသော စီရင်ဆုံးဖြတ်ချက်များဖြစ်ရန်နှင့် မေတ္တာဖြင့်ယှဉ်သော သွန်သင်ဆုံးမမှု၊ ပညာပေးမှုမျိုးဖြစ်စေရန် အမြဲဂရုပြုသင့် ကြောင်း" ပြောကြားခဲ့ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားချက်များအရ  လက်ရှိတရား စီရင်ရေးတွင် အားနည်းချက်အချို့ ရှိနေသည်ကို တွေ့ရကြောင်း လေ့လာသူများက ဆိုပါသည်။

      ထို့ကြောင့် လက်ရှိတရားစီရင်ရေးတွင် မည်သို့သော အားနည်း ချက်ဖြစ်ရပ်အချို့ရှိခဲ့စေကာမူ မဖြစ် မနေပြောင်းလဲရမည့် အပြောင်းအလဲ များထဲတွင် တစ်ခု အပါအ၀င် ဖြစ် သည့် တရားစီရင်ရေးစနစ်သစ် အတွက် ပေါ်ထွက်လာမည့် တရား သူကြီးများ အဂတိတရားကင်း ရှင်းစွာ ရေရှည်ရပ်တည်နိုင်ရန်မှာ တရားရေးနှင့်ပတ်သက်ဆက်နွှယ်နေ သူအားလုံးတွင် တာဝန်ရှိကြောင်း တရားရေးဆိုင်ရာကျွမ်းကျင်သူများ က ဆိုပါသည်။

      ထို့အတူ ခေတ်ကိုမျှော်ကြည့်ပြီး ဒီမိုကရေစီလူမှုဘ၀နှင့် ကိုက်ညီသည့် အလေ့အထကောင်းသည့် တရားစီရင်ရေးစနစ်ကို ၀ိုင်းဝန်းကြိုးပမ်းထူ ထောင်ကြရာတွင် တရားရေးနှင့်ပတ်သက် ဆက်နွှယ်နေသူ ရှေ့နေများ၊ အမှုသည်များ၊ ဥပဒေရေးရာ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း အမှန်တရားဘက်မှ သမာသမတ်ကျစွာ ဆောင်ရွက်ကြရန် လိုကြောင်း ဥပဒေပညာရှင်များက အကြံပြုပြော ကြားခဲ့ကြသည်။

လက်ရှိတရားစီရင်ရေး၏ စီရင်ဆုံးဖြတ်ပုံအဆင့်ဆင့်
  •     တရားစီရင်ရာတွင် မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်နှင့် တရားရုံးချုပ်ဟူ၍ အဆင့်ဆင့်စီရင် ဆုံးဖြတ်လေ့ရှိ
  •     မြို့နယ်တရားရုံး၏စီရင်ဆုံးဖြတ်ချက်အား တရားလိုကဖြစ်စေ၊ တရားပြိုင်ကဖြစ်စေမကျေနပ် ပါက ခရိုင်တရားရုံးတွင် အယူခံဝင်နိုင်
  •     ခရိုင်တရားရုံး၏စီရင်ဆုံးဖြတ်ချက်အား မကျေနပ်ပါက တိုင်း/ပြည်နယ်တရားရုံးသို့ အမှု လျှောက်ထားကာ ထပ်မံအယူခံဝင်နိုင်
  •     တိုင်း/ပြည်နယ်တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်အား မကျေနပ်သေးပါက တရားရုံးချုပ်၌ အမှုလျှောက်ထား၍ ထပ်မံအယူခံဝင်နိုင်
  •     တရားရုံးချုပ်၏ စီရင်ဆုံးဖြတ်ချက်အား မကျေနပ်ပါက အထူးအယူခံအဖြစ် တရားရုံးချုပ်နှစ်ပါးထိုင် (ယခုသုံးပါးထိုင်)သို့တက်နိုင်
  •     နှစ်ပါးထိုင်(ယခုသုံးပါးထိုင်)က အမှုကိုကြားနာ၍လက်ခံပါက နေပြည်တော်ရှိတရားရုံးချုပ် သုံးပါးထိုင်တွင် အထူးအယူခံကိုအပြီးသတ်ကြားနာမှုပြု
  •     နှစ်ပါးထိုင်(ယခုသုံးပါးထိုင်)ကို ရန်ကုန်နှင့် မန္တလေးရှိတရားရုံးချုပ်များတွင် ကြားနာ၍ သုံးပါးထိုင်ကို နေပြည်တော်ရှိ တရားရုံးချုပ်၌ကြားနာ
  •     တရားရုံးချုပ် တရားသူကြီးများသည် တရားရုံးချုပ်သို့ ရောက်ရှိလာသော အမှုများအား ကြားနာကြပြီး ၂၀၁၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့မတိုင်ခင်အထိ နှစ်ပါးထိုင်ဖြစ်ပါက တရားရုံးချုပ် တရားသူကြီးနှစ်ဦး ရုံးထိုင်၍ အမှုကိုကြားနာကြပြီး သုံးပါးထိုင်ဖြစ်ပါက တရားရုံးချုပ် တရားသူကြီးနှစ်ဦးနှင့် ဒုတိယတရားသူကြီးချုပ်တစ်ဦးတို့ ရုံးထိုင်၍အမှုကိုကြားနာ
  •     ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၁ ရက်နေ့တွင် စတင်သည့် ရက်သတ္တပတ်မှစ၍ အထူးအယူခံ ၀င်ခွင့်ပြုရန်အတွက် လျှောက်ထားသည့် အထွေထွေလျှောက်လွှာ(အထူး)များကို တရားရုံးချုပ်တရားသူကြီး နှစ်ဦးအစား သုံးဦးဖြင့် ရုံးထိုင်ကြားနာ
ရင်းမြစ်။ ။ first-11.com

0 comments:

Post a Comment