Saturday, October 30, 2010

မြန်မာနိုင်ငံရှိ အင်တာနက်လိုင်းများ ပြတ်တောက်နေမှု တစ်ပတ်ခန့်ကြာမြင့်သည်အထိ ပြန်လည်ကောင်းမွန်ခြင်းမရှိသေး

   
        မြန်မာနိုင်ငံရှိ အင်တာနက်လိုင်းများ ပြတ်တောက်နေမှု တစ်ပတ်ခန့်ကြာမြင့်သည်အထိ  ပြန်လည်ကောင်းမွန်ခြင်းမရှိသေးကြောင်း အင်တာနက်သုံးစွဲသူများ၏ ပြောကြားချက်အရ သိရသည်။

        အင်တာနက်လိုင်းများ ပြတ်တောက်နေမှုကြောင့် အင်တာနက် အသုံးပြုဆောင်ရွက်နေရသည့် ITကုမ္ပဏီများ၊ ပြည်ပဆေးရုံများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဟိုတယ်များ၊ လေကြောင်းလိုင်းများ နှင့် သတင်းမီဒီယာလုပ်ငန်းအများစု ထိခိုက်မှုများရှိနေကြောင်းသိရှိရသည်။

        ပြည်တွင်းအင်တာနက် ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ IPS များသို့ Cyber တိုက်ခိုက်မှုနည်းလမ်းတစ်ခုဖြစ်သည့် DDOS (Distributed Denial of Service Attack) ဖြင့် ပြည်ပမှ ၀င်ရောက်တိုက်ခိုက်နေသည့်အတွက် တိုက်ခိုက်သည့်အချိန်များတွင် အင်တာနက်သုံးစွဲ၍ မရခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

        ပြည်တွင်း၌ အင်တာနက်လိုင်းများ ပြတ်တောက်မှုကြောင့် ပြည်ပ website အားလုံးကြည့်ရှုမရနိုင်ဘဲ Local Website အချို့ကိုသာကြည့်ရှုနိုင်ကြောင်း၊ ထိုပြင် အင်တာနက်ပြတ်တောက်မှုသည် ရန်ကုန်မြို့၌ အဓိကဖြစ်ပေါ်နေကြောင်း သိရှိရသည်။

        “အရင်အပတ် ဗုဒ္ဓဟူးနေ့ လောက်ကစပြီး အင်တာနက်ကွန်နက်ရှင်တွေ တက်လိုက်ကျလိုက် ဖြစ်လာတယ်။ ဒီရက်ပိုင်း သုံးလေးရက်အတွင်းမှာ နေ့ခင်းဘက်ဆို လုံးဝမတက်တော့ပဲ လုံးဝပြတ်သွားတယ်။ ညဘက်ဆိုရင်တော့ တစ်ခါတလေ ပြန်ရတယ်။ ညဘက်ရပေမယ့်လည်း connection အရမ်းကျနေတော့ ဘယ်လိုမှသုံးမရဘူးဖြစ်နေတယ်။ မြန်မာတယ်လီပို့ကို ဆက်သွယ်ပြီးမေးကြည့်တော့လည်း ပြန်ကောင်းမယ့်အချိန်ကို အတိအကျ ပြန်မဖြေဘူး။ ဒါ့ကြောင့် လောလောဆယ်ဆိုင်ကို ခဏပိတ်ထားလိုက် တယ်” ဟု တာမွေမြို့နယ်ရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။

        “ကျွန်တော်တို့က အရင်ထက်စာရင် သင့်တင့်တဲ့ လွတ်လပ်မှုတွေ ရှိလာပြီလို့ ထင်ထားတာ။ လာမယ့် ရွေးကောက်ပွဲမှာလည်း ကိုယ်ပေးချင်တာ ကိုယ်ယုံကြည်တာကို လွတ်လွတ်လပ်လပ် မဲပေးနိုင်မယ်လို့ ယုံကြည်ထားတာ။ အခုတော့ အင်တာနက် လိုကိစ္စမျိုးတောင် ကိုယ်ပေးတာနဲ့ တန်အောင်သုံးခွင့်မရဘူးဆိုတော့ စဉ်းစားစရာပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

        "အခု ရတနာပုံတယ်လီပို့က အင်တာနက် Service တွေလွှဲယူပြီး ကတည်းက အင်တာနက်ပြဿနာ ပေါ်တော့တာပဲ။ ဒီလိုမကြာခဏ အင်တာနက် Connection တွေချပစ်တာဟာ ဒီမိုကရေစီကိုသွားနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ်။ ရွေးကောက်ပွဲရဲ့ ပုံရိပ်ကိုထိပါးတယ်ဆိုတာ သတိပြုသင့်တယ်။ ရတနာပုံတယ်လီပို့ဟာ ဒီပြဿနာကိုမဖြေရှင်းဘဲ Monopoly လုပ်တာမျိုး ခွင့်မပြုသင့်ဘူး။ သူနဲ့အပြိုင် Service ပေးတဲ့ ကုမ္ပဏီ အနည်းဆုံးနှစ်ခုလောက် ခွင့်ပြုသင့်တယ်။ Cyber Attack ဖြစ်လို့ပါလို့ ခဏခဏအကြောင်းပြချက် မပေးပါနဲ့။ IT နားလည်တဲ့ Common Sense အသိဥာဏ်ရှိတဲ့သူတိုင်း သိပါတယ်။ မဖြစ်နိုင်ပါဘူး။ အင်တာနက်ကို Monopoly လုပ်ပြီး Freedom of Press ကိုထိပါးတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ လူတစ်ဦးချင်းစီရဲ့  လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့်ကို ထိပါးရာရောက်ပါတယ်"ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

ရင်းမြစ်။ ။www.first-11.com

0 comments:

Post a Comment