Thursday, September 30, 2010

နိုင်ငံတကာကျောင်းများ ရွေးကောက်ပွဲအတွင်း ပိတ်ထားရမည်

 မြန်မာပြည်ရှိ နိုင်ငံတကာ ကျောင်းများ (International School) များ အားလုံးကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ကာလအတွင်း ပိတ်ထားရမည်ဟု ညွှန်ကြား ထားကြောင်း သိရသည်။

နိုင်ငံတကာ စာသင်ကျောင်းများ အတွက် ပြည်ပမှ ဆရာများခေါ်ယူ ငှားရမ်းမှုကိုလည်း ရွေးကောက်ပွဲ ကာလတွင် ပိတ်ပင် တားမြစ် ထားသည်ဟု ယင်းညွှန်ကြားချက်တွင် ပါဝင်ကြောင်း ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ Myanmar International School မှ မမီးမီးက ပြောသည်။

ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံမြို့ကြီးများရှိ နိုင်ငံတကာ စာသင်ကျောင်းများကို ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီ ၂ ပတ်အလို၊ အောက်တိုဘာ နောက်ဆုံးပတ် ကတည်းက စတင်ပိတ်ထားရန် ညွှန်ကြားထားသည်ဟု မမီးမီးက ဆိုသည်။

“International School တွေက အောက်တိုဘာ လလယ်လောက်မှာ ပထမနှစ်ဝက် စာမေးပွဲ ဖြေပြီး တပတ်လောက် ကျောင်းပိတ်လေ့ရှိတယ်။ တချို့ မပိတ်တဲ့ ကျောင်းတွေလည်း ရှိတယ်။ ဒီနှစ်တော့ အောက်တိုဘာ လလယ်မှာ ပိတ်တဲ့ ကျောင်းတွေကို ရွေးကောက်ပွဲပြီးမှ ပြန်ဖွင့်ခိုင်းတယ်။ မပိတ်တဲ့ ကျောင်းတွေကို အောက်တိုဘာ နောက်ဆုံးအပတ်မှာ ပိတ်ခိုင်းတယ်” ဟု မမီးမီးက ပြောသည်။

နိုင်ငံခြားသား ဆရာများနှင့် ပတ်သက်၍မူ လက်ရှိ ရှိပြီးသား ဆရာများအတွက် ပြဿနာမရှိသော်လည်း ဆရာအသစ်များ ထပ်မံခေါ်ယူမည် ဆိုပါက ရွေးကောက်ပွဲပြီးမှသာ ခေါ်နိုင်တော့မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

နိုင်ငံတကာ ကျောင်းများသည် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများအတိုင်း အချိန်ကိုက်ရေးဆွဲထား ခြင်းဖြစ်သောကြောင့် ယင်းကဲ့သို့ နှစ်ပတ်ခန့် ကျောင်းပိတ်ရသဖြင့် ကလေးများ စာသင်ကြားရေးကို အနှောင့် အယှက်ဖြစ်စေသည်ဟု Horizon နိုင်ငံတကာ ကျောင်းမှ ဆရာမတဦးက ပြောသည်။

“သင်ရိုးတွေက ဘယ်လမှာ ဘာတွေသင်ရမယ်ဆိုတာ သူ့ဘာသာသူ ရှိပြီးသား။ နိုင်ငံခြားမှာ စာမေးပွဲ ဖြေမယ့်ကလေးတွေလည်း အချိန်ကိုက်ဖြစ်အောင် သင်ရိုးကို ရေးထားတာ။ နှစ်စ ကတည်းက ကြိုပြောရင်တော့ ကြိုပြီးပြင်ဆင်လို့ ရတာပေါ့။ အနားနီးမှ ဆိုတော့ ကလေးတွေ ကသိကအောက်ဖြစ်ကုန်တယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း စတင်ေ ခတ်စားလာခဲ့သော နိုင်ငံတကာကျောင်းများသည် ယခုအခါ ပိုမို ရေပန်းစားလာခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့ကြီးများတွင် စုစုပေါင်း ကျောင်း ၅၀ နီးပါးရှိလာပြီဖြစ်သည်။

ILBC၊ Horizon နှင့် International School Yangon တို့သည် မြန်မာနိုင်ငံတွင် ဈေးအကြီးဆုံး ကျောင်းများဖြစ်ကြပြီး ကျောင်းသား တယောက်အတွက် ကျောင်းစရိတ် ၁ နှစ်လျင် ကျပ်သိန်း ၃၀ ၀န်းကျင် ကုန်ကျသည်ဟု သိရသည်။

၂၀၀၅ ခုနှစ် နောက်ပိုင်းမှစတင်ပြီး တလလျင် ကျောင်းစရိတ် ကျပ် ၁ သိန်းဝန်းကျင်သာ ကုန်ကျသော ဈေးနှုန်းသက်သာသည့် ကျောင်းများလည်း ပေါ်ပေါက်လာခဲ့သည်။

သာမန်ထက် ၀င်ငွေရှိပြီး အစိုးရကျောင်းများ၏ ပညာသင်ကြားမှု အခြေအနေကို နားလည်သဘော ပေါက်သော မိဘများမှာ ဈေးနှုန်းသက် သာသည့် နိုင်ငံတကာကျောင်းများကို ရွေးချယ်လာကြသည်။

  ကြံ့ဖွံ့က နေပြည်တော် မဲရုံမှူးများကို ဖုန်း အခမဲ့ပေးနေ
ဧရာဝတီ  September 29, ဧရာဝတီ

 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ရွေးကောက်ပွဲတွင် နေပြည်တော်ရှိ မဲရုံမှူး၊ ဒုတိယမဲရုံမှူး ရာထူး အပါအ၀င် မဲရုံ ၀န်ထမ်းများ အဖြစ် တာဝန် ထမ်းဆောင်မည့် ပညာရေး ၀န်ထမ်းများနှင့် ရပ်ကွက်အာဏာပိုင်များကို ကျပ် ၁၅ သိန်းတန် ဖုန်းများ အခမဲ့ ချထားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

နေပြည်တော် ခရိုင်အတွင်းရှိ မြို့နယ် ၈ ခုတွင် ကြံ့ဖွံ့ပါတီက မဲဆွယ်သည့်အနေဖြင့် ရပ်မိ၊ ရပ်ဘများ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များကို ကျပ် ၁၅ သိန်းတန် CDMA 450 MHz ဖုန်းများ အခမဲ့ချထားပေးခဲ့ပြီး ယခုအခါ မဲရုံမှူး၊ ဒုတိယမဲရုံမှူး အပါအ၀င် မဲရုံဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်မည့် သူများကိုပါ အဆိုပါ ဖုန်းများ ချထားပေးခြင်းဖြစ်ကြောင်း စုံစမ်း သိရှိသည်။

“မဲရုံးဝန်ထမ်းတွေအကုန်လုံး ၀၉၈၃ နံပါတ်နဲ့ စတဲ့ ၁၅ သိန်းတန် ဖုန်းတွေ ထုတ်ခွင့်ရတယ်။ ဖုန်းအတွက် ပိုက်ဆံ သွင်းစရာမလိုဘူး။ အခမဲ့ ရတာ။ ဖုန်းပြောခအတွက် ကျပ် ၅ သောင်းကြိုသွင်းရတယ်” ဟု မဲရုံဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရမည့် နေပြည်တော် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ တာဝန်ရှိသူတဦးကပြောသည်။

မဲရုံဝန်ထမ်းများအဖြစ် တာဝန်ယူရမည့် ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင် များသည် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပို့ချပေးလျက်ရှိသော သင်တန်းများ တက်ရောက်ရသည့်အပြင် ကြံ့ဖွံ့ပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့်၏ စစ်ဗိုလ်ချုပ်ကြီးများ လာရောက်ချိန်တွင်လည်း ကြိုဆိုရကြောင်း သိရသည်။

“မဲရုံမှူး လုပ်ရမယ်ဆိုပေမယ့် ပြည်ခိုင်ဖြိုးပါတီက ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက အထက်လူကြီးတွေ ဖြစ်နေတော့ သူတို့လာရင်ကို အရိုအသေပေးနေရတယ်” ဟု နေပြည်တော်မှ ပညာရေးဝန်ထမ်း တဦးကပြောသည်။

နေပြည်တော်တွင် ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း စစ်ဗိုလ်ချုပ်များနှင့်အတူ ယှဉ်ပြိုင် အရွေးချယ်ခံမည့်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) သည် မဲရုံတိုင်းတွင် မဲမသမာမှုများကို စောင့်ကြည့်မည့် မဲရုံ ကိုယ်စားလှယ် ထားရှိရန် အခက်အခဲ ဖြစ်နေသည်ဟုလည်း ကြားသိရသည်။

“နေပြည်တော်ခရိုင် မြို့နယ် ၈ မြို့နယ်မှာလည်း မဲရုံပေါင်း ရာချီရှိတယ်။ မဲရုံတိုင်းမှာ ကိုယ်စားလှယ်ထားဖို့ လူရှာမရဘူး။
မဲရုံကိုယ်စားလှယ် မထားနိုင်တဲ့ မဲရုံတွေမှာ မဲမသာမှုတွေဖြစ်နိုင်တယ်။ ရှိလည်း ရှိလာနိုင်တယ်” ဟု တစည ပါတီ တာဝန်ရှိသူ တဦးက ဆိုသည်။

နိုင်ငံရေးပါတီကြီး တခုမှ တာဝန်ရှိသူတဦးကလည်း ပါတီက ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်မဲဆန္ဒနယ်ရှိ မဲရုံတိုင်းတွင်
မဲရုံကိုယ်စားလှယ် ထားရှိရေးမှာ မဖြစ်နိုင်ကြောင်း၊ ရပ်ကွက် ၁ ခုတွင် အနည်းဆုံး မဲရုံ ၃၀ ခန့်ရှိပြီး မြို့နယ်တမြို့နယ်တွင် မဲရုံအရေအတွက် ရာဂဏန်း ရှိသည့်အတွက် မဲရုံတိုင်းကို စောင့်ကြည့်ရန်မဖြစ်နိုင်ကြောင်း ပြောသည်။

“မဲရုံမှူးတွေက သမာသမတ်ကျကျလုပ်ဖို့ မျှော်လင့်တယ်။ မဲရုံမှူးရဲ့ ဂုဏ်သိက္ခာကိုပဲ ယုံကြည်ရတော့မယ်။ မဲရုံမှူးတွေ မမှန်မကန် လုပ်ရင်တော့ မဲရုံကိုယ်စားလှယ် မထားနိုင်တဲ့ပါတီတွေ ရွေးကောက်ပွဲမှာ အရေးနိမ့်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကမူ မဲရုံမှူးများကို လာဘ်ထိုးသည့် အနေဖြင့် ၁၅ သိန်းတန် ဖုန်းများ အခမဲ့ပေးခြင်းသည် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်ရန် လာဘ်ထိုးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

နေပြည်တော်ခရိုင်တွင် ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊
ဇမ္ဗူသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ဟူ၍ စုစုပေါင်း ၈ မြို့နယ်ရှိသည်။

စစ်ရာထူးများမှ အငြိမ်းစားယူထားသော စစ်ဗိုလ်ချုပ်ဟောင်းကြီးများက နေပြည်တော်ခရိုင် မဲဆန္ဒနယ်များမှ ကြံ့ဖွံ့ ပါတီ ကိုယ်စားပြု ရွေးကောက်ပွဲဝင်ကြမည်ဖြစ်ရာ သူရဦးရွှေမန်းက ဇေယျာသီရိမြို့နယ်မှ လည်းကောင်း၊ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် က ဇမ္ဗူသီရိမြို့နယ်မှ လည်းကောင်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးက ပုဗ္ဗသီရိမြို့နယ်မှလည်းကောင်း၊ ဦးမြင့်လှိုင်က ဒက္ခိဏသီရိမြို့နယ်မှ လည်းကောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် အရွေးချယ်ခံကြမည်ဖြစ်သည်။

ရင်းမြစ်။ ။ဧရာဝတီ

0 comments:

Post a Comment