“သစ်တောဌာနရယ် နယ်စပ်က တပ်တွေပူးပေါင်းပြီးတော့ ဖမ်းလိုက်တာပါ၊ ဖမ်းမိတာလည်း မောင်းတော အပိုင် ငါးခူရဆိုတဲ့ ကျေးရွာအုပ်စုနားမှာပါ၊ ၁၉ ရက်နေ့က ဖမ်းထားတာလို့ပြောတယ်၊ အခုဖမ်းထားတာက အထီး ဖြစ်ပါတယ်”ဟု ကုလားတန် သတင်းဌာနမှ အယ်ဒီတာ ကိုတင်စိုးက ဧရာဝတီသို့ပြောသည်။

အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးသစ် ဗိုလ်မှူးချုပ် စိုးသိန်း ကလည်း ဆင်ဖြူတော်ကို ကြည့်ရှုရန် အတွက် ပြီးခဲ့သည့် အင်္ဂါနေ့တွင် မောင်းတောမြို့သို့ ရောက်ရှိကြောင်း၊ နေပြည်တော်မှ အဆင့်မြင့်အရာရှိတဦးလည်း ရောက်ရှိနေကြောင်း ကုလားတန် သတင်းဌာန အယ်ဒီတာက ဆိုသည်။
၎င်းက“တိုင်းမှူး အသစ်ကလည်း ဒီဆင်ဖြူတော်ကို ကြည့်ဖို့အတွက် သက်သက်ကိုပဲ မောင်တောကို လာတယ်၊ သူ မောင်းတော ကို ရောက်တဲ့နေ့ ၁၂ နာရီလောက်မှာပဲ နေပြည်တော်က အရာရှိကြီးတယောက် ရဟတ်ယာဉ်နဲ့ ရောက်လာ တယ်၊ ဘယ်သူလဲ ဆိုတာကိုတော့ ဘယ်သူမှမပြောနိုင်ဘူး၊ ရောက်ပြီး နှစ်နာရီလောက်ကြာတော့ တိုင်းမှူးနဲ့ ဆင်ဖြူကို သွားကြည့်ကြတယ်”ဟု ပြောသည်။
ယင်း အရာရှိကြီး မောင်းတောသို့ ရောက်ရှိပြီးနောက် လုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားကြောင်း၊ ၎င်း တည်းခိုနေ သည့် မောင်းတောမြို့မှ နစက စခန်းကိုလည်း မည်သူ့ကိုမှ ဝင်ခွင့်မပြုကြောင်း သိရှိရသည်။
ယခုအကြိမ် ဖမ်းဆီးရမိသည့် ဆင်ဖြူအပါအဝင် ရခိုင်ပြည်နယ်မှ ဆင်ဖြူ ၅ ကောင် ဖမ်းဆီးရမိခဲ့ပြီး နောက်ဆုံးအကြိမ် ဖမ်းဆီးရမိခဲ့သည့် ဆင်ဖြူမှာ ယခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းဆင်ဖြူများကို ၂၀၀၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ စေတီပြင်ကျေးရွာအုပ်စု၊ အထက်နန်းရာကျေးရွာအနီးမှ လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်အတွင်းမှ လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်၊ ကိုင်းကြီးကျေးရွာဟောင်း အနီးမှလည်းကောင်း အသီးသီး ဖမ်းဆီးရရှိခဲ့သည်။
ယခုအကြိမ် ဆင်ဖြူဖမ်းမိခြင်းသည် စစ်အစိုးရက နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိမိတ် ကောင်း ဖြစ်သည်ဟု မောင်းတောမြို့မှ အစိုးရအရာရှိတဦးက ပြောဆိုကြောင်း ကုလားတန် သတင်းစာမျက်နှာတွင် ဖော်ပြ ထားသည်။
ရင်းမြစ်။ ။ဧရာဝတီ
0 comments:
Post a Comment