Monday, August 23, 2010

စစ်တပ်ပွဲချင်း အတူတူ

         ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည်ဟု စစ်အုပ်စုက ကြေညာလိုက်၏။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်သည်။

၁၉၉ဝ ပြည့် မေ ၂၇ ရက်က ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲနောက် နှစ်ပေါင်း ၂ဝ ကျော်အကြာတွင် ထပ်မံပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်သည်။

၁၉၉ဝ   ရွေးကောက်ပွဲတွင် ပြည်သူ့ဘဏ္ဍာမှ ကျပ်ငွေ ၃၅ သန်း ၆ သိန်းကျော် သုံးစွဲခဲ့ကြ၏။ ရွေးကောက်ပွဲရလဒ်က နှစ်ပေါင်း ၂ဝ ကျော်တိုင် အကောင်အထည် ပေါ်မလာခဲ့။ ယခုတကြိမ် ထပ်မံ၍ ရွေးကောက်ပွဲတရပ်ကို ကျင်းပပြုလုပ်ရန် စစ်အုပ်စုက စီစဉ်နေပြန်သည်။

စစ်အုပ်စုက ကျင်းပခဲ့သည့် ၁၉၉ဝ ရွေးကောက်ပွဲနှင့် ယခုကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲ ၂ ရပ်ကို နှိုင်းယှဉ်ကြည့်လျှင်ပင် လွတ်လပ်မှု၊ တရားမျှတမှုများက မတူကွဲပြား ခြားနား၍နေ၏။

ကော်မရှင်

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် (မဆလ) ပြည်သူ့လွှတ်တော်သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့၌ ပုဂ္ဂိုလ် ၅ ဦး ပါ ကော်မရှင်အဖွဲ့ကို ရွေးချယ်ပေးခဲ့၏။ ဦးဘဌေး၊ ဦးစန်းမောင်၊ ဦးကျော်ညွန့်၊ ဦးစောကြာဒိုး၊ ဆရာချယ် စသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်များတွင် ဆရာချယ် တဦးသည်သာလျှင် မဆလပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ပြီး ကျန်သည့် ပုဂ္ဂိုလ် ၄ ဦးက မဆလအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းဆောင်နေကြသူများမဟုတ်ကြ။ အငြိမ်းစား အရာရှိဟောင်းကြီးများ ဖြစ်ကြသည်။ ဗိုလ်မှူးချုပ်ဟောင်းစောကြာဒိုးဆိုလျှင် ဝန်ကြီးချုပ်ဟောင်းဦးနုနှင့်အတူ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့ဖူးသည်။ အမြင်အရ ကော်မရှင်သည် လွတ်လပ်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားသည်ဟု ဆိုနိုင်သည့် အခြေအနေဖြစ်သည်။ ကော်မရှင် ဥက္ကဋ္ဌကို ရွေးချယ်ရာတွင်လည်း ကော်မရှင်အဖွဲ့ဝင် ၅ ဦး အစည်းအဝေးမှ ဦးဘဌေးကို အများဆန္ဒနှင့် ရွေးချယ်တာဝန်ပေးခဲ့ခြင်း ဖြစ်၏။ ကော်မရှင်တွင် ဝန်ထမ်းဟူ၍ ထိုစဉ်က ကော်မရှင်ရုံးညွှန်ကြားရေးမှူး ဦးအေးမောင်သာလျှင် ကော်မရှင်အတွင်းရေးမှူးအဖြစ်နှင့် ပါဝင်ခဲ့သည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင်တွင် ပါဝင်ကြသည့်သူများ အားလုံးလိုလိုက စစ်အစိုးရ လက်အောက်တွင် တာဝန်ထမ်းဆောင်ဖူးသည့် ဝန်ထမ်းများ ဖြစ်ကြသည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည်ပင် စစ်အစိုးရအဖွဲ့တွင် ဒုတိယတရားသူကြီးချုပ်တဦးအဖြစ်  ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဤအတွက်ကြောင့် ကော်မရှင်လုပ်ငန်းများနှင့် ပတ်သက်၍ အဆုံးအဖြတ် ကိစ္စအချို့၌ ‘အထက်သို့ တင်ပြရမည်’ ဟု ကော်မရှင် ဥက္ကဋ္ဌက ထုတ်ဖော်ပြောနေခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ အကြိုကာလ

၁၉၉ဝ  ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရန် ဦးဘဌေး ဦးဆောင်သည့် ကော်မရှင်သည် လုပ်ငန်းအစီအစဉ် ၂၆ ခုနှင့် အချိန်ဇယားကို ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစ၍ ထုတ်ပြန်ကြေညာပေးခဲ့၏။ ရွေးကောက်ပွဲမကျင်းပမီ ၁၅ လ နှင့် ၁၁ ရက် ကြို၍ အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်မှ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ  ၅လ အချိန်ပေးခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက် မတိုင်မီ နိုင်ငံရေးပါတီများဖွဲ့စည်းထူထောင်၍ စည်းရုံးခွင့်ကာလ ၁၅ လ မှ ၁၈ လ အထိ အချိန်ရခဲ့ကြသည်။ ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများကို ရွေးကောက်ပွဲ မကျင်းပမီ တနှစ်မျှ ကြိုတင်၍ တိုင်းပြည်သို့အသိပေး ထုတ်ပြန်ပေးခဲ့၏။ ၁၉၉ဝ ရွေးကောက်ပွဲ ကော်မရှင်သည် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့မှစ၍ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ၆ လခန့် ကြို၍ကြေညာပေးထားခဲ့ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည့် နေ့ရက်နှင့် ပြန်လည်၍ ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်များကိုလည်း ၄၈ ရက်မှ ၇၂ ရက်အထိ အချိန်ပေးခဲ့သည်။

ကိုယ်စားလှယ်လောင်းများမှ ကော်မရှင်သို့ တင်သွင်းရမည့် ရွေးကောက်ပွဲ ကုန်ကျစရိတ်ငွေမှာ ကျပ်တသောင်းဖြစ်ပြီး ခိုင်လုံသည့်မဲ ၂ဝရာနှုန်းနှင့် အထက် ရရှိပါက ငွေတသောင်းကို ပြန်၍ ထုတ်ယူခွင့် ရှိ၏။

ယခုကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြည့်ပါက နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ခွင့်ကို ၂ဝ၁ဝ  ပြည့်နှစ် မတ်လ ၈ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်၍ မှတ်ပုံတင်ခွင့် ပြု၏။  နိုဝင်ဘာ ၇ ရက်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများ၏ ဖွဲ့စည်းတည်ဆောက် စည်းရုံးနိုင်သည့် အချိန်ကာလက ၈ လမျှပင် မရှိ။

၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၁၃ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရမည့် နေ့ရက်နှင့် အချိန်ကာလကို ထုတ်ပြန်၏။ သြဂုတ်လ ၁၆ ရက်မှ ၃၁ ရက်အတွင်း တင်သွင်းကြရမည်ဖြစ်သည်။ အချိန်က ၁၇ ရက်သာ ရ၏။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် ကော်မရှင်သို့ တင်သွင်းရမည့် ငွေက ကျပ်ငွေ ၅ သိန်း ဖြစ်သည်။ ရွေးကောက်ပွဲဝင်ကြမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရန် ရရှိသည့် ကြားကာလက ၃ လပင် မပြည့်။ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ အတွက်ကမူ တစည နှင့် ကြံ့ဖွံ့ပါတီများမှလွဲ၍ ပါတီဖွဲ့စည်းတည်ထောင်မှု အခက်အခဲ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအမည် တင်သွင်းနိုင်ရေး အခက်အခဲ၊ မဲဆွယ်စည်းရုံးရေး အခက်အခဲ စသည့် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရ၏။

မြို့ နယ်လွှတ်တော်

နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲဟူသည်က ပြည်သူ့လွှတ်တော်၏ ၇၅  ရာနှုန်းသော နေရာအတွက် ရွေးချယ်ကြရမည့် ရွေးကောက်ပွဲ ဖြစ်သည်။ ၁၉၉ဝ ရွေးကောက်ပွဲကဲ့သို့ ၁ဝဝ ရာခိုင်နှုန်း ရွေးကောက်ပွဲမဟုတ်။ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားသော ‘ပြည်သူ့လွှတ်တော်’ သည် လူဦးရေကို အခြေခံ၍ ဖွဲ့စည်းရမည်ဟု ဆိုသော်လည်း  မဲဆန္ဒနယ်မြေသက်မှတ်ရာ၌ လူဦးရေကို အခြေခံ၍ သတ်မှတ်ရမည့်အစား မြို့နယ်တခုချင်းအလိုက်  မဲဆန္ဒနယ်မြေသတ်မှတ်ပြန်သည်။ မြို့နယ်တခုချင်းစီက လူဦးရေ ထူထပ်သိပ်သည်းမှုချင်းက မတူ။ ဝေးလံသည့် တောင်တန်းဒေသရှိ မြို့နယ်၏ လူဦးရေနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့ရှိ မြို့နယ်တမြို့နယ်ရှိ လူဦးရေချင်းကမတူ။

ဤတွင် လူဦးရေကို အခြေခံ၍ ဖွဲ့စည်းမည့် ‘ပြည်သူ့လွှတ်တော်’ ဟူသည့် အနှစ်သာရပျက်၍နေပြီ။ ဤသို့ မြို့နယ်တခု မဲဆန္ဒနယ်တခုဟူ၍ စတုတ်တိုက်ထားသည်မှာ စစ်အုပ်စုအတွက် ရည်ရွယ်ချက်ရှိသည်။ အသစ်ဖွဲ့စည်းခဲ့ကြသည့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ထိုသို့ မဲဆန္ဒနယ်မြေများတွင် သွားရောက်၍ ဝင်ရောက်အရွေးချယ်ခံရန်မှာ မည်သို့မျှမဖြစ်နိုင်။ ဤအတွက် ထိုမဲဆန္ဒနယ်မြေများသည်  တစညနှင့် ကြံ့ဖွံ့အတွက် အသင့်ပြင်ထားပေးခြင်းသာဟု ဆိုရမည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအကြား ပြေးလမ်းက မညီ။ ‘ဝင်ချင်ဦးဟ … ရွေးကောက်ပွဲ’ ဟူ၍ပင် ညည်းရမလို ဖြစ်နေ၏။



မင်းဟန်  
ရင်းမြစ်။ ။mazzimaburmese.com

0 comments:

Post a Comment