Tuesday, July 27, 2010

ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ ဆိုင်ရှင်များ ပြော

မီးသင့်မင်္ဂလာဈေး ဈေးဆိုင်များမှ ဆိုင်ရှင်များသည် ချေးငွေ ရလိုပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ၀င်ရကြောင်း မင်္ဂလာဈေးမှ ဈေးသူဈေးသားများက ပြောသည်။

ပြီးခဲ့သည့် မေ (၂၄) ရက်နေ့တွင် မီးလောင်ခဲ့သော ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးဆိုင်ခန်း ပိုင်ရှင်များကို ကြံ့ဖွံ့ပါတီ (USDP) က ယခုအခါ ချေးငွေ သိန်းပေါင်း ကျပ် (၁၀,၀၀၀) နီးပါး ချေးပေးပြီးဖြစ်ကြောင်း အဆိုပါဈေး သာယာရေးကော်မတီမှ သိရသည်။

ထိုသို့ငွေထုတ်ချေးရန်အတွက် ပြီးခဲ့သည့်ဇွန်လမှ စာရင်းများ ကောက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း၊ ငွေချေးရန် လျှောက်လွှာတွင် မြို့တော်ဝန် ဦးအောင်သိန်းလင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟု လိပ်မူလျှောက်ထားရခြင်းဖြစ်ကြောင်း ယင်းဈေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။

မင်္ဂလာဈေး မီးလောင်ရာ၌ ဆိုင်ခန်းမီးထဲပါသွားသူတဦးက “လျှောက်လွှာမှာ လိုချင်တဲ့ပမာဏကို ရေးရပါတယ်။ ဈေးအုပ်ချုပ်ရေးရုံးခန်းမှာပါ။ ကျမက သိန်း (၂၀၀) ချေးလိုက်တယ်။ အိမ်ခန်းကို အပေါင်ထားတာပါ။ အခုတော့ကျပါပြီ၊ ကြံ့ဖွံ့ပါတီဝင်တော့ လုပ်ရပါတယ်” ဟု ပြောသည်။

ချေးငွေများကို ရန်ကုန်မြို့တော်စည်ပင်ဘဏ်က ဘဏ်၏ဘဏ်ထုံးလုပ်နည်းများနှင့်အညီ ငွေထုတ်ချေးပေးကြောင်း၊ ချေးငွေအတိုးနှုန်းမှာ အစိုးရ စီးပွားရေးဘဏ်များက နှုန်းအတိုင်း (၁) ကျပ်ခွဲပေးရမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်မှ အရာထမ်းတဦးက ပြောသည်။

မင်္ဂလာဈေးတွင် မီးသင့်ခဲ့သော ဆိုင်ခန်း စုစုပေါင်း (၇၉၉) ခန်းရှိကြောင်း၊ ယခုအခါ ငွေချေးသူဦးရေ (၈၀) နီးပါးခန့်ရှိကြောင်း ဈေးကော်မတီ စာရင်းများအရ သိရသည်။

ကြံ့ဖွံ့ပါတီသို့ မ၀င်လိုသူ ဆေးအရောင်းဆိုင်တဆိုင်မှ ပိုင်ရှင်ဖြစ်သူကမူ “ကျနော်တို့က လေးထပ်က ဆိုင်ခန်းပိုင်ရှင်တွေပါ။ မီးသင့်လို့ စိတ်ညစ်ရတဲ့အထဲမှာ ပါတီပါ ၀င်ရမယ်လုပ်လာတော့ အစိုးရကို နဂိုကမှမကြိုက်ရတဲ့အထဲ ငွေမရလည်းနေပေါ့ဗျာ၊ မချေးဘူးလို့ မချေးဘဲနေလိုက်တယ်” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီသည် ကြံ့ဖွံ့အသင်းကို အသွင်ပြောင်းကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် ပြီးခဲ့သည့် ဧပြီ (၂၉ ) ရက်၌ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ ဇွန် (၈) ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ကျခဲ့ပြီးဖြစ်ကာ နအဖစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဦးသိန်းစိန်အဖြစ် ပြောင်းလဲပြီး ပါတီဥက္ကဋ္ဌအဖြစ် နေရာယူထားသည်။


ရင်းမြစ်။ ။ခေတ်ပြိုင်

0 comments:

Post a Comment