Thursday, July 22, 2010

လိုင်စင်မဲ့ကား အခွန်ကောက်ဖို့ အဖွဲ့ဖွဲ့ပြီ မူလဈေးထက် ဆယ်ဆကျော် မြင့်တက် လာမည်

ထိုင်းနိုင်ငံမှာ တဆင့်ဝင်ရောက်လာသည့် ဂျပန်တစ်ပတ်ရစ် လိုင်စင်မဲ့ကားများအား အခွန်ကောက်ရန် ဌါနဆိုင်ရာ ၅ ခု ပါရှိသည့်အဖွဲ့ဖွဲ့ပြီဟု အစိုးရအရာရှိများနှင့် နိးစပ်သည့် ကားဝယ်ရောင်းများက ပြောဆိုသည်။
အဆိုပါ ၅ ဌါနပါသည့် အဖွဲ့တွင် ပြည်ထဲရေး ၀န်ကြီးဌါနလက်အောက်မှ ရဲနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌါန၊ ဘဏ္ဍာအခွန်ဝန်ကြီးဌါန လက်အောက်မှ ပြည်တွင်းအခွန်ဦးစီးနှင့် အကောက်ခွန်ဦးစီးဌါန နှင့် ပို့ဆောင်ရေး ၀န်ကြီးဌါနလက်အောက်မှ ကညန ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌါနတို့ ဖြစ်သည်ဟုသိရသည်။
အဆိုပါ အဖွဲ့ ၅ ဖွဲ့မှ လိုင်စင်မဲ့ကားအား အထက်ပါ အဖွဲ့ငါးဖွဲ့မှ သီးခြားစီ တန်ဖိုးဖြတ်ပြီး ရာဖြတ်တန်ဖိုး ၅ ခုကို ၅ ဖြင့်စားပြီး ပေးဆောင်စေမည်ဟုလည်း ကညနမှ အရာရှိတစ်ဦးက ပြောသည်။ လိုင်စင်မဲ့ကား တစီးကို စတင်စစ်ဆေးသည်နှင့် ရှေးဦးစွာ အထူးယာဉ်စစ်ခ အနေဖြင့် ကျပ်ငွေ ၁၅ သိန်း ၆သောင်း ၅ ထောင်ကျပ် (ဒေါ်လာ ၁ ထောင် ကျော်) ပေးသွင်းရမည် ဖြစ်ပြီး အဆိုပါ ၁၅သိန်း ၆ သောင်း ၅ ထောင်ထဲတွင် အထူးယာဉ်စစ်ခ ၁၀ သိန်း၊ လိုင်စင်မဲ့ ယာဉ်စစ်ခ ၅ သိန်း နှင့် ကညန ဟိုလိုဂရမ်၊ (ရောင်ပြန် လိုဂိုအမှတ်တံဆိပ်) ဘီးခွန်စာရွက်၊ လိုင်စင်စာအုပ် အစရှိသည့် စာရွက်စာတမ်းခကို ကျပ် ၁ သောင်းခွဲ တို့ ဖြစ်သည်ဟု အဆိုပါ အရာရှိက ရှင်းပြသည်။
ထို့ကြောင့် ကားမော်ဒယ် အမျိုးအစားတစ်မျိုးအား မည်မျှ အခွန်ကျသင့်မည်ကို ယခုအခါ အတိအကျ မပြောဆိုနိုင်သေးကြောင်းလည်း သူကပြောသည်။ ထိုသို့ကားမော်ဒယ် နှင့် အမျိုးအစားအပေါ် မူတည်ပြီး သတ်သတ်မှတ်မှတ် အခွန်နှုန်းထားများ မချမှတ်ထားခြင်းသည် စစ်အစိုးရ အရာရှိကြီးများ၊ ဗိုလ်ချုပ်များနှင့် ဒေသအာဏာပိုင်များ ပိုင်ဆိုင်သည့် ကားများအား အခွန်နှုန်းထား သက်သာစွာဖြင့် လိုင်စင်ဆောင်ခွင့်ပေးမည့် သဘောများလား ဟုလည်း ကားဝယ်ရောင်းလောကမှ သံသယရှိနေကြသည်။
ယခုလို လိုင်စင်မဲ့ကားများအား လိုင်စင်ထုတ်ပေးမည့် အစီအစဉ်ကို သက်ဆိုင်ရာ ပြည်နယ် တိုင်းအလိုက်လုပ်ဆောင်မည် ဟုလည်းသိရပြီး ထုတ်ပေးမည့် လိုင်စင်မှာ တနိုင်ငံလုံး စီးနင်းနိုင်သည့် လိုင်စင်ဖြစ်ပြီး စက်မှုဇုန်ထုတ် လိုင်စင်ဖြစ်သည့် ၈../.. စသည့် လိုင်စင်မျိုးမဟုတ်ပဲ ရောက်ရှိဆဲ အက္ခရာနှင့် ပေါင်းခြင်း ၁၀၊ ၁၃ ဂဏန်းများ မပါဝင်ပဲ ထုတ်ပေးမည်ဟုလည်း ကညန အရာရှိကပြောသည်။
ယခု အစီအစဉ်ကို စတင်မည့်ရက်မှာ ယခုအချိန်ထိ သိရှိရသည့် အချက်အလက်များအရ
သြဂုတ်လ ၂ ရက်နေ့ဟု သတ်မှတ်ထားပြီး အဆိုပါရက်မတိုင်မီ အပြောင်းအလဲ အမိန့်မလာပါက စတင်ဖြစ်လိမ့်မည်ဟု လည်း အဆိုပါ အရာရှိက ဖြည့်စွက်ပြောဆိုသည်။
ယခုလို လိုင်စင်မဲ့ကားများအား အခွန်ဆောင်ခွင့်ပေးမည့် အစီအစဉ် ထွက်ပေါ်လာသော်လည်း မြန်မာနိုင်ငံတွင် ကား၏ တန်ဖိုးရင်း သိန်း ၄၀ (ဒေါ်လာ ၄ ထောင် ခန့်) သာ ရှိသည့် ၂၀၀၀ ခုနှစ်မိုဒယ် တိုယိုတာဗင်ကားတစ်စီးအား အနည်းဆုံး ကျပ်သိန်း ၃၀၀မှ ၅၀၀ (ဒေါ်လာ ၃ သောင်းမှ ၅ သောင်း) အထိပေးဆောင်ရဖွယ် ရှိသည့်အတွက် သဘာဝကျသည့် နှုန်းထားများ မဟုတ်သေးဟု စီးပွားရေး သတင်းအယ်ဒီတာတဦးက ကောက်ချက်ချသည်။
သူက
“မြန်မာနိုင်ငံက လူထုအနေနဲ့ တယ်လီဖုန်းအတွက်၊ မော်တော်ကားအတွက် ဆိုင်ကယ်အတွက် လိုင်စင်ကြေးက သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ပေးဆောင်နေကြရတာဟာ စီးပွားရေးကဏ္ဍ မတိုးတက်နိုင်အောင် ဆွဲချထားသလိုပါပဲ။ လုပ်ငန်းတစ်ခုရဲ့ အရင်းအနှီးအတွက် ကားတွေ၊ တယ်လီဖုန်းတွေမှာ ငွေအမြောက် အများသုံးနေကြရတော့ ကုန်ထုတ်လုပ်မှုအပိုင်း စက်ကိရိယာအပိုင်းတွေမှာ ငွေသုံးဖို့ လျော့နည်းကုန်တာ စီးပွားရေး အတွက် မကောင်းဘူး။ စစ်အစိုးရကတော့
သူတို့က အဲဒီလိုင်စင်တွေကို ဆုပ်ကိုင်ထားပြီး လိုအပ်တဲ့ ငွေကိုအဲဒီဟာ ရောင်းစားတဲ့နည်းနဲ့ အုပ်ချုပ်နေတာ၊ ကမ္ဘာမှာ မြန်မာပြည်လောက် ကားဈေးကြီးတဲ့ နိုင်ငံ၊ တယ်လီဖုန်းဈေးကြီးတဲ့နိုင်ငံ၊ အင်တာနက်လိုင်း ဈေးကြီးတဲ့နိုင်ငံမရှိသေးဘူး၊ ဒါတွေက စီးပွားရေးကို အထောက်အကူပြုတဲ့ အခြေခံ အဆောက်အဦတွေပါ”
ဟုဝေဘန်ပြောဆိုသည်။
ရန်ကုန်မှ စီးပွားရေး လေ့လာသူ လုပ်ငန်းရှင်တစ်ဦးကမူ ယခု လိုင်စင်မဲ့ကားများအား လိုင်စင်ဆောင်ခွင့်ပြုခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အစိုးရငွေလိုသည့် အကြောင်းကြောင့် ဖြစ်သည်ဟု ဆိုပြီး ကားဝယ်မည့်သူများထဲတွင် နယ်အသီးသီးမှ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူများ၊ ကုန်သည်ပွဲစားနှင့် လာဘ်လာဘ ရရှိထားသည့် အစိုးရဌါနဆိုင်ရာ အရာရှိများ၊ စစ်အရာရှိငယ်များ ပါဝင်လိမ့်မည်ဟုလည်း ရန်ကုန် အခြေစိုက် လုပ်ငန်းရှင်တဦးကပြောသည်။
လွန်ခဲ့သည့် လပိုင်းကလေးက ပြီးဆုံးသွားသည့် လိုင်စင်မဲ့ဆိုင်ကယ် အခွန်ဆောင်ခွင့်နှင့် နှိုင်းစာလျင် စစ်အစိုးရအနေဖြင့် ယခုရရှိမည့် ငွေပမာဏမှာ အဆပေါင်းရာနှင့်ချီများလိမ့်မည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းထားကြပြီး ယခုနောက်ပိုင်း နအဖ အစိုးရအနေဖြင့် အစိုးရလိုငွေကို ဖြည့်ဆည်းရာတွင် ငွေစက္ကူလိုသလောက် ရိုက်နှိပ်သည့် နည်းလမ်းထက် လူထုထံမှ အခွန်အကောက် ခေါင်းစဉ်သစ်များ၊ လက်ရှိနှုန်းထားကို မြှင့်တင်သည့်နည်းလမ်းများဖြင့် ရယူနေသည်ဟုလည်း အဆိုပါလုပ်ငန်းရှင်များက ပြောသည်။
၂၀၀၅ ခုနှစ်ဆန်းက မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် လိုင်စင်မဲ့ကားများအား အပ်နှံရန် သတိပေးချက် ထုတ်ကာ သိမ်းယူခဲ့ဖူးပြီး မအပ်နှံပါက လက်ဝယ်ထားရှိသူကိုပါ ဥပဒေအရ ဖမ်းဆီးအရေးယူမည်ဟု ထိုစဉ်က ခြိမ်းခြောက်ခဲ့သည်။ တစ်နိုင်ငံလုံး ကားအစီးရေ ၁သောင်းခွဲကျော် အပ်နှံခဲ့သည်ဟု ၂၀၀၆ ခုနှစ်အစပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောဆိုခဲ့သည်။ ထိုသို့ သိမ်းဆည်းခဲ့သည့် ကားများအား လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပြန်လည်လေလံ တင်ခဲ့ရာ ကျပ်ငွေ ဘီလျံရာထောင်ချီ ရရှိခဲ့သည်။
မြန်မာနိုင်ငံ လိုင်စင်မဲ့ကား လောကတွင် ခေတ်စားနေသည့် ၂၀၀၀ ခုနှစ်မိုဒယ် မတ်ခ်တူး ဆလွန်းကား အား ဂျပန် နိုင်ငံ တစ်ပတ်ရစ်ကား ၀က်ဆိုက်တွင် ဒေါ်လာ ၃၅၅၀ (ကျပ် ၃၅ သိန်းခန့်) ရောင်းဈေးဖြင့် တွေ့ရစဉ်။ အဆိုပါကားအမျိုးအစားကို လိုင်စင်ဝင်ပြီးပါက ပြင်ပဈေးကွကတွင် ကျပ်သိန်း ၇၀၀ မှ ၁၀၀၀ (ဒေါ်လာ ၇ သောင်းမှ ၁ သိန်း) အကြားရှိမည် ဖြစ်သည်။


မြန်မာနိုင်ငံ လိုင်စင်မဲ့ကားဈေးကွက်တွင် ကျပ် သိန်း ၁၅၀ (ဒေါ်လာ ၁ သောင်းခွဲ) ၀န်းကျင်ရှိသည့် ဟိုင်းလပ်စ်ဆာ့ဖ် ကားတစ်စီး ၊ ဂျပန်တစ်ပတ်ရစ် ဈေးကွက်တွင် ကျပ် ၆၇ သိန်း (ဒေါ်လာ ၆ ထောင် ကျော်မျှသာ ) ၀န်းကျင်သာရှိသည်ကိုတွေ့ရသည်။
လိုင်စင်မဲ့ကားဈေးကွက်တွင် ရွှေငါး အဖြစ်လူသိများသည့် မတ် အိတ်စ် (ten ) တိုယိုတာ ဆလွန်းကား ၊ ၂၀၀၆ ခုနှစ်မိုဒယ် ၊ ထိုင်း-မြန်မာ နယ်စပ်ဈေးနှုန်း ကျပ် သိန်း ၁၅၀ (ဒေါ်လာ ၁ သောင်းခွဲ) ၀န်းကျင်ရှိပြီး လိုင်စင်ဆောင်ပြီးနောက်တွင် သိန်းတစ်ထောင်ကျော် (ဒေါ်လာ ၁ သိန်း) ရှိမည်ဟု ခန့်မှန်းရသည်။

ဝင်းမြတ်၊ ရန်ကုန်
ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment