Tuesday, May 4, 2010

စစ်အာဏာရှင်လက်ပါးစေ ၈၈ မျိုးဆက်အယောင်ဆောင်များကို ကန့်ကွက်သည်ဟု ကျောင်းသားဟောင်း မျိုးဆက် ကြီးငယ်တို့က ထုတ်ဖော်ပြောဆို


ယခင်အပတ်က ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်သို့  အေးလွင် ဦးဆောင်သော နိုင်ငံရေးပါတီတခုက ပါတီအလံကို ခွင့်ပြုချက် လျောက်ထားခဲ့ရာတွင် ၎င်းတို့က မြန်မာနိုင်ငံ၏ သမိုင်းဝင်၊ ကျောင်းသားသမဂ္ဂအလံကို ပါတီအလံအဖြစ် မှတ်ပုံတင်ရန် ကြိုးစားသည့်အတွက် ပြည်တွင်း ပြည်ပက မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် ကျောင်းသားဟောင်းများက ကန့်ကွက်ရှုတ်ချလျက်ရှိသည်ကို တွေ့ရသည်။
“မြန်မာနိုင်ငံသမိုင်းရဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂအလံ၊ ဗကသအဖွဲ့ချုပ်အလံ၊ ခေတ်အဆက်ဆက်က ကိုလိုနီခေတ် လွတ်လပ်ရေးလှုပ်ရှားမှု၊ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး၊ တပါတီ အာဏာရှင်ဆန့်ကျင်ရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ခေတ်အဆက်ဆက်ရဲ့ ခွပ်ဒေါင်းအလံတော်ဖြစ်တယ်။ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုရဲ့ အထွဋ်အမြတ် မော်ကွန်းဖြစ်တယ်။ ခေတ်အဆက်ဆက် ကျောင်းသားတွေအားလုံးရဲ့ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းတဲ့ ကျောင်းသားသမဂ္ဂအလံတော်။ ဒါကို လူတစုက အလွဲသုံးစားလုပ်တာကို ကန့်ကွက်ပါတယ်။” ဟု ၁၉၈၈ ဗကသအဖွဲ့ချုပ်၏ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ၊ ယခု ယူအက်စ်ကင်ပိန်းဖော်ဘားမား၏ ဒါရိုက်တာ အောင်ဒင်က မိုးမခသို့ ၎င်းသဘောထားကို ပြောကြားသည်။
ပြည်တွင်းရှိ ကျောင်းသားသမဂ္ဂလူဟောင်းကြီးများဖြစ်သော ကျောင်းသားခေါင်းဆောင် (ဦး) ကိုလှရွှေမှအစ ခေတ်အဆက်ဆက် ဗကသအဖွဲ့ချုပ်ဝင်များကလည်း သမိုင်းမှတ်တိုင်အလံတော်ကို ယခုကဲ့သို့ ပုံတူကူးပြီး အဖွဲ့အစည်းတခု၏ အလံအဖြစ် မှတ်ပုံတင်ရန် ကြိုးစားခြင်းကို ကန့်ကန်ကြစေလိုသည်ဟု ပြည်တွင်းရှိ မျိုးဆက်သစ် ကျောင်းသားလူငယ်တို့က မိုးမခကို ပြောသည်။
“အကိုကြီး မင်းကိုနိုင်၊ ကိုကိုကြီးတို့ကို ဖမ်းဆီးထားတယ်။ အကိုတော်တွေ ဖြစ်တဲ့ ကျော်ကိုကို၊ ဒီငြိမ်းလင်းတို့ကို အကျဉ်းချထားတယ်။ စစ်အာဏာရှင်လက်ပါးစေ၊ ၈၈ မျိုးဆက် အယောင်ဆောင်တွေက သခင်အားရ ကျွန်ပါးဝ လုပ်ပြီးတော့ ကျနော်တို့ ကျောင်းသားအလံကို ခိုးတာပဲ။ နင်းချေလိုက်တာပဲ။ အေးလွင်ဆိုတာလည်း မသိဘူး။ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဆိုတာကလည်း လူတွေကို အထင်မှား အမြင်မှားအောင် လုပ်တာပဲ။ ပြောပေးကြစေလိုပါတယ်” ဟု ၎င်းတို့က စာရေးသား ပေးပို့ထားသည်။
၁၉၈၈ ခုနှစ် ပါတီစုံရွေးကောက်ပွဲဝင်ရန်အတွက် အေးလွင်က ကျောင်းသားများအရေးတော်ပုံပါတီကို ထူထောင်ခဲ့ဘူးသည်။ ၎င်းနောက် အေးလွင်သည် နိုင်ငံရေးမဟုတ်သော အမှုအခင်းဖြင့် ထောင်ကျခဲ့သည်ဟု ဆိုသည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းသံဃာများကို စစ်အစိုးရ ပစ်ခတ်သတ်ဖြတ်ခဲ့စဉ်က အေးလွင်သည် စစ်အစိုးရလုပ်ရပ်ကို ကာကွယ်ပြောဆိုခဲ့သည်။ စစ်အစိုးရထံက အခွင့်အရေးများ လုပ်ပိုင်ခွင့်များကို လက်သင့်ခံပြီး ကြံ့ဖွံ့နှင့် စွမ်းအားရှင်များနည်းတူ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံကြရန် လိုက်လံစည်းရုံးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၀၉ မှစ၍ ရွေးကောက်ပွဲဝင်ရန်အတွက် နအဖ စစ်အာဏာရှင်များနှင့်နည်းတူ စည်းရုံးပြင်ဆင်ခဲ့သည်ကို တွေ့ရသည်။
၈၈ အရေးတော်ပုံအတွင်းက ကျောင်းသားသမဂ္ဂများဖြစ်ကြသော ဗကသ၊ မကသတို့တွင် မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာတို့က ဦးဆောင်ခဲ့ကြသည်။ ၎င်းတို့နှင့်အတူ ဗကသအဖွဲ့ချုပ် ကျောင်းသားသမဂ္ဂအလံကို ဆွဲကိုင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသူ အများအပြားကို ယခု စစ်အစိုးရက အကျဉ်းချထားသည်။ အကျဉ်းမှ ပြန်လည်လွတ်မြောက်လာသူများအနက် ညိုထွန်း၊ ရန်မျိုးသိန်းနှင့် တင့်ဆန်းတို့မှာ ထင်ရှားသော ကျောင်းသားခေါင်းဆောင်များဖြစ်ခဲ့ကြသည်။ ၎င်းတို့၏ သဘောထားကိုလည်း ကျောင်းသားလူငယ်တို့က သိလိုကြောင်း စာရေးသားထားသည်။
“ကျောင်းသားတွေဟာ ခေတ်အဆက်ဆက် သမဂ္ဂအလံကို ကိုင်စွဲပြီး မတရားမှုတွေကို ဆန့်ကျင်ခဲ့ကြတယ်။ အခုအချိန်ကော၊ နောင်အနာဂတ်မှာပါ ခွပ်ဒေါင်းအလံကို လွှင့်ထူပြီး လမ်းတွေပေါ်မှာ ချီတက်လာကြတဲ့အခါ - အဲဒီပါတီက လူတွေက ရှေ့က ချီတက်မှာလား။ နောက်ကနေ ပုန်းခိုနေမှာလား။ ဒါမှမဟုတ် စစ်တပ်ရှေ့ကနေ မားမားရပ်ပြီးတော့ ကျောင်းသားတွေကို ပစ်သတ်ဖို့ သွားပြီး အားပေးတဲ့အလုပ် လုပ်မှာလား”
ဟု မေးခွန်းများ လက်ခံရရှိထားသည်။ 
 
မိုးမခအထောက်တော် ၀၀၃
ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment