Wednesday, April 21, 2010

ရွေးကောက်ပွဲ မှတ်ပုံမတင်သေးသည့် ကြံ့ဖွံ့ အကြီးအကျယ် စည်းရုံးရေးလုပ်

သင်္ကြန်ရက်အတွင်း၌ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်ရှိ အစိုးရဌာနဆိုင်ရာ သတင်းရပ်ကွက်များမှ သိရသည်။

၂၀၁၀ ရွေးကောက်ပွဲကို မည်သည့်နေ့ရက်တွင် ကျင်းပမည်ဟု မကြေညာသေးသည့် စစ်အစိုးရက ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်သေးသည့် ၎င်းတို့၏ဒေါက်တိုင်အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) က ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမူကို အင်တိုက်အားတိုက် ပြုလုပ်နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ အရာထမ်းတဦးက ပြောသည်။

“ကျနော်တို့က ၀န်ထမ်းတွေဆိုတော့ ကြံ့ဖွံ့ဆိုရင် ကြံ့ဖွံ့ပေါ့ဗျာ၊ မဲပေးရမှာက အဲဒီနာမည်ဆိုရင် အဲဒီနာမည်ကိုပဲ ပေးရမှာပေါ့၊ ဘယ်တတ်နိုင်မလဲ၊ အလုပ်ပြုတ်မှာ ကြောက်တယ်”ဟု ၎င်းက ပြောသည်။

ကြံ့ဖွံ့က မဲဆွယ်မှုများကို ကြံ့ဖွံအသင်းသားများထဲမှ စကားပြောကျွမ်းကျင်သူများကို ရွေးချယ်ကာ စည်းရုံးရေးမှူးများအဖြစ် ခန့်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်က တာမွေမြို့နယ် ကျောက်မြောင်းက ကြံ့ဖွံ့ အသင်းသားပါ၊ ကျနော်တို့ကတော့ (၅) သိန်းတန် ဖုန်းတလုံး ရထားပါတယ်။ ငွေကြေးတတ်နိုင်တဲ့ အသင်းသားတွေဆိုရင် စီးပွားရေးလုပ်ကွက်တွေကို လုပ်ချင်တဲ့နေရာမှာ လုပ်ခွင့်ချပေးတယ်၊ ဥပမာဗျာ စားသောက်ဆိုင် ဖွင့်ချင်ရင်ပေါ့၊ နေရာလည်းကောင်းတာမျိုးဆိုရင် ချပေးတာပါ၊ ကျနော်တို့က အရင်းအနှီး မရှိဘူး၊ တချို့တွေက အရင်းအနှီးရှိတယ်၊ လုပ်ချင်တာအတွက် အခွင့်အရေး ပိုရတာပေါ့” ဟု အဆိုပါ အရာထမ်းဖြစ်သူက ရှင်းပြသည်။

ယင်းသို့ မဲဆွယ်မှုများကို မြန်မာတနိုင်ငံလုံးတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ်တွင်လည်း မဲဆွယ်စည်းရုံးနေကြောင်း သိရသည်။

စစ်တွေမြို့ခံတဦးက “ ကျနော်တို့ စစ်တွေမှာ ကြံ့ဖွံ့တွေ ခြေချင်းလိမ်နေတယ်၊ စည်းရုံးရေးကောင်းသူကို ကောင်းသလို ထောက်ပံ့တယ်တဲ့၊ ဒါကြောင့် ငွေကြေးအခက်အခဲရှိသူတွေကတော့ ကြံ့ဖွံ့အဖွဲ့ ၀င်ပြီးတော့ တရက်မှာ (၃၀၀၀) ကျပ်နှုန်းနဲ့ ဒီစည်းရုံးရေးမှူးအလုပ်ကို ၀င်လုပ်နေကြတာလို့ သိရတယ်” ဟု ပြောသည်။

မဲဆွယ်စည်းရုံးမှုကို လူတဦးလျှင် အိမ်ခြေမည်မျှ တာဝန်ယူရမည်ဟု သတ်မှတ်ထားကြောင်း၊ လတ်တလောတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း လူတဦးလျှင် အိမ်ခြေ (၅) အိမ်နှင့် (၁၀) အိမ်အကြားကို မဲဆွယ်ရကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြီးခဲ့သည့်မတ် (၂၂) ရက်မှစ၍ ဧပြီ (၉) ရက်အထိ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင် လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီများမှာ (၁၈) ခု ရှိပြီဖြစ်ပြီး ပါတီသစ် (၁၅) ခုနှင့် ပါတီဟောင်း (၃) ခုတို့ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများမှ စုံစမ်းသိရသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

0 comments:

Post a Comment