Saturday, April 3, 2010

ပြည်ပရောက် မြန်မာများ ပြည်တော်ပြန်လျှင် ထောင် ၁၀ နှစ် ကျနိုင်

ပြည်ပရောက် မြန်မာတွေ မြန်မာပြည်ပြန်ရင် ဧည့်စာရင်းတိုင်ကြပါ၊ မတိုင်ရင် ထောင် ၁၀ နှစ် ကျနိုင်ပါတယ်။

မတ်လ ၂၃ ရက်နေ့ထုတ် FLOWER NEWS ဂျာနယ်မှာ သြစတြေးလျမှာ နိုင်ငံသား ခံယူထားသူ မသူဇာအကြောင်း သတင်းတပုဒ် တွေ့ရတယ်။ သူက ရန်ကုန်ပြန်တော့ သာကေတမြို့နယ်မှာ ရှိတဲ့ သူ့ညီမ မနီလာအိမ်မှာ တည်းသတဲ့။ ဧည့်စာရင်းမတိုင်ဘဲ ၃၆ ရက် တည်းတဲ့အတွက် အရေးယူခံရတယ်လို့ ဆိုပါတယ်။

သူက တခြားနိုင်ငံတခုမှာ နိုင်ငံသား ခံယူလိုက်တဲ့အတွက် မြန်မာနိုင်ငံသား မဟုတ်တော့ဘူး ဆိုပဲ။ အင်း - သတိထားစရာပေပ။

“မသူဇာဟာ ၁၉၈၂ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် (၄)၊ မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ (၁၆) အရ နိုင်ငံသား အဖြစ်မှ ရပ်စဲလိုက်ပြီး ဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်း စည်းမျဉ်းနဲ့အညီသာ နေထိုင်ရမှာ ဖြစ်ပါတယ်” ဆိုတဲ့ ရန်ကုန်တိုင်း လ၀က အရာရှိ တယောက်က ဆိုပါသတဲ့။

ဒီဥပဒေအကြောင်းကို ညီအစ်မ၂ဦး မသိဘူး ဆိုတာကို လ၀က အရာရှိတွေက ယုံကြည်တဲ့အတွက် ဒဏ်ငွေ ကျပ်သုံးသောင်းပဲ ချခဲ့တယ်၊ “တကယ်ဆိုရင် ဒီလို ပြစ်မှုကျူးလွန်ရင် ထောင်ဒဏ် ၁၀ နှစ်” ပေးနိုင်တယ်လို့လည်း လ၀က အရာရှိမင်းက ဆိုပါတယ်။ သြော် - တော်သေးတာပေါ့ ဒဏ်ငွေနဲ့ ပြီးသွားပေလို့။

မေးစရာ မေးခွန်းတချို့ ထွက်လာပါတယ်။

၁။ ဒဏ်ငွေနဲ့ပဲ ပြီးသွားဖို့ အရာရှိတွေကို ဘယ်လောက် လာဘ်ထိုးလိုက်ရသလဲ။ (မကန့်ကွက်ပါဘူး၊ အရာရှိတွေက လာဘ်စားရမှာပေါ့၊ နိုင်ငံတော်က ပေးထားတဲ့ လခ ဆိုတာ အရက် တ၀ိုင်းစာပဲ ရှိတာ မဟုတ်လား)

၂။ မသူဇာ အဲဒီမှာ တည်းတယ် ဆိုတာ အာဏာပိုင်တို့က ဘယ်လို သိသွားတာလဲ။ တာဝန်သိ လုပ်သားပြည်သူတဦးက သတင်းချက်အရ သိသွားတာ ဖြစ်မယ် ထင်တယ်း)

၃။ မသူဇာ မဟုတ်ဘဲ ဒီမိုကရေစီအရေး လုပ်ဆောင်သူ တယောက်ယောက် ဆိုရင်တော့ ကံကောင်းနိုင်မလား။ အင်း - ဒီလို ပုဂ္ဂိုလ်တွေ ဆိုရင်တော့ ၁၀ နှစ်ပေါ့ဗျာ။

၎။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဆိုတာကို ဖော်ဆောင်ပြီးသွားတဲ့အခါမှာ ဧည့်စာရင်းမတိုင်ခြင်းဟာ ပြစ်မှုမြောက်တယ် ဆိုတဲ့ ပေါက်ကရ ဥပဒေမျိုး ဆက်ပြီး ပြဋ္ဌာန်းဦးမလား။ အင်း - ပြဋ္ဌာန်းရမယ် ထင်တာပဲ။ စည်းကမ်းရှိတဲ့ဒီမိုကရေစီ ဆိုမှတော့ စည်းကမ်းရှိဖို့ လိုအပ်တယ်လေး) ဧည့်စာရင်း တိုင်တယ် ဆိုတာလည်း မြန်မာပြည်မှာပဲ ရှိတယ် ဆိုတော့ မြန်မာ့နည်း မြန်မာ့ဟန်လေးကို ထိန်းသိမ်းဖို့ လိုပြန်ရော မဟုတ်လား။

အဝေးကြည့်မှန်ပြောင်း
ရင်းမြစ်။ ။မိုးမခ 

0 comments:

Post a Comment